Latest News

Tuesday, January 2, 2018

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁၀)

(၁၀)
အန်နက်စတီယို ဂွေဗာယားလေး ဆယ်ကျော်သက်အရွယ် ရောက်ရှိလာခဲ့ချိန်တွင်တော့
ပြည်ပတွင် စစ်ပွဲကြီးများ ဖြစ်နေကြသည့်အပြင်အာဂျင်တီနား၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ မှာလည်း အတော်ကို လှုပ်လှုပ်ရွရွ ဖြစ်လာနေခဲ့သည်။ ကလေး၏ ခန္ဓာကိုယ် ဖွံဖြိုးမှုက
နှေးကွေးနေသဖြင့် အသက် ၁၆ နှစ် အရွယ်အထိ အရပ်အမောင်းက ပုပြတ်ပြတ်ဖြစ်နေရ
ပြီး နောက်ပိုင်းကျမှသာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သို့သော် သူ၏ စူးစမ်းလိုစိတ်၊ မသိ
တာကို မေးမြန်းလိုစိတ် များကမူ ကြီးထွားလာနေခဲ့ပေသည်။ သူ၏ အကြိုက်ဆုံး ၀တ္ထုကြီးများ
က အီမီလီယို ဆာလ်ဂါရီ ( Emilio Salgari) ၊ ဂျုးလ် ဗာန်း (Jules Verne) နှင့် အလက်ဇန္ဒါး ဒူး
မား (Alexandre Dumas) တို့ ရေးသော စွန့်စားခန်း များ ပင် ဖြစ်သည်။

သူ၏ အသက် ဆယ့်လေးနှစ် ပြည့်ကာနီးဖြစ်သော ၁၉၄၂ မတ်လတွင် အန်နက်စတီရို သည်
အထက်တန်းကျောင်းသားကြီး ဖြစ်လာခဲ့ပေသည်။ သို့သော် အဲလ်တာ ဂါစီယာမြို့ ကလေး
တွင် အထက်တန်းကျောင်း မရှိသဖြင့် ၂၃ မိုင်ကွာဝေးသော ပြည်နယ် မြို့တော် ကော်ဒိုဗာသို့
နေ့စဉ် ဘတ်စ်ကား ဖြင့် ကျောင်းသွားတက်ခဲ့ရသည်။ သူတက်ခဲ့သော အထက်တန်းကျောင်း
က အကောင်းဆုံး အစိုးရ အထက်တန်းကျောင်းများတွင် တခု အပါအ၀င် ဖြစ်သည့် Colegio Nacional Dean Funes ဖြစ်သည်။

၁၉၄၃ ခုနှစ် နွေရာသီ ကျောင်းပိတ်ချိန်တွင်တော့ ဂွေဗာယား တို့ မိသားစု ကော်ဒိုဗာသို့ပြောင်းရွှေ့လာခဲ့ကြသည်။ ဖခင်ဖြစ်သူ အန်နက်စတို ဂွေဗာယား လင့်ခ်ျ က ဆောက်လုပ်ရေး ကုမဏီ လုပ်ငန်း စပ်တူ လုပ်မည့် ပါတနာတဦး တွေ့လာခဲ့သောကြောင့်ပင် ဖြစ်သည်။ ညီမ ဖြစ်သူ စီလီယာသည်လည်း ကော်ဒိုဗာရှိ
အမျိုးသမီး အထက်တန်းကျောင်းသို့ မကြာမီတက်ရတော့မည် ဖြစ်သဖြင့်လည်း အခုလို
ပြောင်းရွှေ့လာခဲ့ကြခြင်းသည် လက်တွေ့ကျလှသော ရွေးချယ်မှု တခုပင် ဖြစ်ပေတော့သည်။
---------------------------------------------
အခန်း (၃)
ကော်ဒိုဗာ သို့ ပြောင်းရွှေ့လာမှုနှင့် အတူ မိသားစု၏ စီးပွားရေး အခြေအနေ တိုးတက် ကောင်းမွန်လာခဲ့
သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း မိသားစု တစည်းတလုံးတည်း အတူနေရသည့် ဘ၀ လေး
နိဂုံးချုပ်မှု၏ အစ ဟူ၍လည်းပြော၍ ရပေသည်။ ၁၉၄၃ မေလတွင် စီလီယာမှ ငါးယောက်မြောက် နှင့်
 နောက်ဆုံးလည်းဖြစ်သော သားယောက်ျာလေး တဦး ထပ်မံ မွေးဖွားခဲ့သည်။ ကလေး၏ နာမည်ကို စီလီယာ၏ဖခင် အမည်ကို ယူ၍ မ ဂွမ် မာတင် ဟု မှည့်ခေါ်ခဲ့သည်။ သို့သော် အိမ်ထောင်ရေး အဆင်မပြေမှုများက နက်ရှိုင်းလာရပြီး နောက်ပိုင်းလေးနှစ်အကြာ ဗြူနိုအေးယီးစ် သို့ ပြောင်းရွှေ့လာခဲ့ကြချိန်တွင်တော့
အိမ်ထောင်ရေး ပျက်ပြားသွားခဲ့ရပေတော့သည်။

ပြိုကွဲရသည့် အဓိက အကြောင်းမှာ အန်နက်စတို သည် အမြဲလို မိန်းမများနှင့် ရှုပ်ပွေနေသောကြောင့်ပင်
 ဖြစ်သည်။ ငွေ ရွှင်လာသည်နှင့်အမျ ငွေကုန်ကြေးကျ ခံကာ အမျိုးသမီးများနှင့် ထည်လဲ တွဲခဲ့သူတယောက် လည်း ဖြစ်သည်။ ထို့အတွက် မိသားစု အနေဖြင့် မယ်မယ်ရရ အကျိုး မခံစားခဲ့ရပေ။

အန်နက်စတို၏ လုပ်ငန်း ပါတနာသည် မာကာစ် ဒီ အာရီယား ဆိုသူုဖြစ်ပြီး အရပ်အမောင်း လွန်စွာ မြင့်မားလှသူတဦးဖြစ်သည်။လူထူးလူဆန်းတဦးလည်းဖြစ်သည့်အပြင် လွန်စွာမှလည်း ဟိတ်ကြီးဟန်ကြီး နိုင်သူလည်း ဖြစ်သည်။ ၎င်းက ကန်ထရိုက် အလုပ်များ ရှာပေးပြီး အန်နက်စတိုက ကြီးကြပ်လုပ်ကိုင်ပေးရ
သည်။ ၀င်ငွေကောင်းလာသည်နှင့်အမျ မြို့ ပြင်ရှိ တောင်ကုန်းများဘက်တွင် အပန်းဖြေ စံအိမ်
တလုံးပင် ၀ယ်ယူလာနိုင်ခဲ့ပြီး ကော်ဒိုဗာ မြို့ရှိ လူချမ်းသာများ စုဝေးရာ ဖြစ်သော မြက်ခင်း
ပြင် တင်းနစ် ကလပ် တွင် အဖွဲဝင် အဖြစ် ပါဝင်လာနိုင်ခဲ့သည်။ အန်နက်စတိုက ထိုကဲ့သို့
အထက်တန်းကျကျ နေရန်ကိုသာ စိတ်ဝင်စားပြီး ရလာသော ငွေများကို တိုးပွားရန် ရင်းနှီး
မြုပ်နှံရန် တခါမှပင် စဉ်းစားခဲ့ဖူးခြင်း မရှိဟု ဆိုသည်။ မိသားစုကတော့ မြို့ထဲတွင်ပင် နှစ်
ထပ်တိုက်တလုံးကို ငှားရမ်းနေထိုင်ခဲ့ကြသည်။

၎င်းတို့ ငှားနေသည့် အိမ်ရှေ့တွင် လမ်းမကျယ်ကြီးလည်း ရှိသည့်အပြင် တဖက်တွင် ကျယ်ပြန့်
သော မြက်ခင်းပြင်ကြီးများလည်း ၀ိုင်းရံထားသောကြောင့် အဲလ်တာ ဂါစီယာမှာကဲ့သို့ပင်
လေကောင်းလေသန့် များ ရရှိခဲ့ပေသည်။ အိမ်ထဲ ရှိ ပရိဘောဂများ ကတော့ စာအုပ်ပုံများ
အကြားတွင် ပျောက်ကွယ်နေရသည်။ စာအုပ်ပေါင်း သုံးထောင်ကျော်ခန် ရှိသည်ဟု ဆို
သည်။ အိမ်ကလည်း ကျယ်သဖြင့် ကလေးများက အိမ်ရှေ့ မှနောက်ဖေးအထိ ဘိုင်စကယ်များပင် စီး၍ ကစား နိုင်ကြသည်။

ကော်ဒိုဗာ သို့ ပြောင်းလာကြသည့် အချိန်သည်အန်နက်စတီရို အရွယ်ရောက်လာချိန်နှင့် တိုက်ဆိုင်ခဲ့ရ
သည်။ သူ့ ကိုယ်သူ လည်း တကယ့်လူကြီးတယောက်လို ပြုမူ နေထိုင်လာသည့်အပြင် အမြဲလို စကား
များနေသော မိဘများအပေါ်လည်း မေးခွန်းထုတ်လာခဲ့သည်။ ယင်းသည်က လောကကြီးအကြောင်း စတင် မြည်းစမ်းသိရှိလာခဲ့ပြီဆိုသော လက္ခဏများပင် ဖြစ်သည်။အထက်တန်းကျောင်း ရောက်သည့်နှစ်မှာပင်
အန်နက်စတီရိုသည် သူငယ်ချင်း အသစ်များရရှိလာခဲ့သည်။ ထိုအထဲတွင် အရင်းနှီးဆုံးဖြစ်လာရသူမှာ
တိုမတ်စ် ဂရန်နာဒို ဆိုသူပင်ဖြစ်သည်။ ဖခင်သည် စပိန်မှ ရွှေ့ပြောင်းလာသူဖြစ်ပြီး မီးရထား လက်မှတ်စစ် တဦး အဖြစ်လုပ်ကိုင်နေသူလည်း ဖြစ်သည်။

အသက် ဆယ်လေးနှစ် ရှိသော အန်နက်စတီရို၏ အရပ်အမောင်းသည် ပုပြတ်ပြတ်နှင့် ရှိနေဆဲပင်။ သို့
သော်လည်း ငယ်ငယ်ကလို ၀ဖိုင့်ဖိုင့် မဟုတ်တော့ပဲ ပိန်ပိန်ပါးပါး ဖြစ်လာခဲ့သည်။ သူ့ထက်ထွားကျိုင်းသူ
 ဖြစ်သော တိုမတ်စ်က ဆံပင်ကိုစတိုင်ကျကျ နောက်ပြန်လှန် ဖီးထားသော်လည်းအန်နက်စတီရိုကမူ ပုံမကျ ပန်းမကျ ဆံပင်တိုတို နှင့် ဖြစ်သဖြင့် သူအား အယ်လ် ပီလာအို(ထိပ်ပြောင်) ဟု အမည်ရလာခဲ့သည်။ ယင်း
သည်က သူ၏ လူငယ်ဘ၀တွင် နာမည်ပေါင်းများစွာ ရရှိလာခဲ့သည့် အထဲမှ ပထမဆုံးသော
နာမည်လည်း ဖြစ်တော့သည်။

သိတ်မကြာခင်မှာ တိုမတ်စ်၏ အကိုကြီး ဖြစ်သူအယ်လ်ဘတ်တို မှ သူတို့နှင့် အဖွဲ့ကျလာခဲ့သည်။ ကော်ဒိုဗာ တက္ကသိုလ်တွင် ဇီဝဓါတု.နှင့်ဆေးဝါး ပညာ အဓိက ဖြင့် တက်ရောက်သင်ကြားနေသော ပထမနှစ် ကျောင်းသားတဦးဖြစ်သည်။ နှာယောင်ကောက်ကောက် ဘော်လုံးသမားတယောက်၏ သန်မာကြံခိုင်သော
ခြေအစုံကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်းအရပ်က ငါးပေသာသာ ရှိသဖြင့် ရှော်တီ ဟုခေါ်ကြသည်။ ၎င်းက အာဝဇွန်းရွှင်သူလည်းဖြစ်သည့်အပြင် အရက်၊ မိန်းကလေးများ၊ စာပေ နှင့် ရပ်ဘီ အားကစားကို နှစ်သက်သူတဦးဖြစ်သဖြင့် အန်နက်စတီရိုနှင့် အသက်အရွယ်အားဖြင့် ကွာခြားသော်လည်း တိုမတ်စ်ထက်
ပင် ပို၍ အတွဲများ လာခဲ့သည်။

အဲလ်ဘတ်တိုက ရပ်ကွက် ရပ်ဘီအသင်း၏နည်းပြလည်း ဖြစ်သဖြင့် အန်နက်စတီရိုကသူ၏ အသင်းတွင် ၀င်ရောက်ကစားခွင့်ပြုရန်နားပူနားဆာ လုပ်လာတော့သည်။ အဲလ်ဘတ်တိုက လက်မောင်းသွယ်သွယ် နှင့် ပင် ရှိသေးသော အန်နက်စတီရိုအား ပထမတွင် ဖြစ်ပါ့မလားဟု ဆိုကာ အင်တင်တင် လုပ်နေသေး
သော်လည်း နောက်ပိုင်းတွင် မရမက ပူဆာလာသဖြင့် ၀င်ကစားခွင့်ပြုခဲ့သည်။ ထို့ အတွက်ပန်းနာရင်ကြပ်သမား ဖြစ်သော အန်နက်စတီရိုအဖို့ တပါတ်လျင် နှစ်ကြိမ်ခန့် လေ့ကျင့်ခဲ့ရသည်။ နောက်ပိုင်းတွင် အကြောက်အလန့်မရှိ ကစားနိုင်သူဟု ထင်ရှားလာခဲ့သည်။

ထို့အတွက် furious ကို စပိန်ဘာသာဖြင့် furibundo ဟု ခေါ်သဖြင့် အန်နက်စတီရိုသည် အတိုကောက် fuser ဟုသော အမည်ကိုရလာခဲ့ပြန်သည်။အဲလ်ဘတ်တိုလည်း တဖြေးဖြေးနှင့် အန်နက်စတို၏ ထူးခြား
ချက်များကို သတိပြုမိလာခဲ့ရသည်။ အခြားတော့ မဟုတ်ပေ။ ကွင်းထဲတွင်မိမိတို့ အသင်း ကစားရမည့်
အချိန်ကို စောင့်နေကြရသည့် အခါတိုင်း အန်နက်စတီရိုက မြေကြီးပေါ်တွင် ထိုင်ချပြီး မီးတိုင်ကို မှီကာ
စာအုပ်တအုပ်ကို အမြဲလို ဖတ်ရှု့နေသည်ကိုတွေ့လာရခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းဖတ်သည့် စာအုပ်များကလည်း စာကြီးပေကြီးများဖြစ်သော ဖရွိုက် (Freud)၊ ဘတ်လဲယား (Baudelaire) ၏ကဗျာများ၊ ပြင်သစ် စာရေးဆရာများ ဖြစ်သောဒူးမား၊ ဗာလိန်း (Verlaine) နှင့် မဲလ်လာမီးလ် (Mallarme) တို့၏ ၀တ္ထု
ကြီးများ၊ အီမီလ် ဇိုယာ (Emile Zola) ၏ စာအုပ်များ၊ အာဂျင်တီနား ၏ ဂန္တ၀င် စာပေစာရင်း
ဝင် ဆာမီယင်တို (Sarmiento) ၏ မော်ကွန်းများ၊ ၀ီလျံ ဖော့ကနား (Willam Faulkner) နှင့် ဂ္ဈန် စတိန်း
ဘတ် (John Steinbeck) တို့၏ အသစ်ချပ်ခ္ဈတ် ၀တ္ထု များကို ပါ အမြဲလို ဖတ်ဖူးသူ ဖြစ်ကြောင်းလည်း သိရှိလာခဲ့ရပြန်သည်။ အန်နက်စတီရို လို စာဖတ်ဝါသနာပါသူ တဦးဖြစ်သော အယ်လ်ဘတ်တိုက သူထက် များစွာ ငယ်သော အန်နက်စတီရိုသည်သူ ဖတ်ဖူးခဲ့သော စာအုပ်များကို ငယ်ငယ်ရွယ်ရွယ် နှင့် ဘယ်လိုများ
ဖတ်နိုင်ခဲ့သလဲ ဆိုသည်သာမက ရုယတ် ကစ်ပလင်း၏ "if" ကဗျာ ၊ အာဂျင်တီနုား ဂန္တ၀င်ကဗျာဆရာကြီး ဂျိုဆေး ဟာမန်းဒက်စ် (Jose Hermandez) ရေးသားခဲ့သော Martin Ferro မော်ကွန်း ကဗျာရှည်ကြီး
ကိုပင် ကြောင်ပုဇွန်းစား က္ဈတ်က္ဈတ်ဝါးသလို အလွတ် ရွတ်ပြနိုင်ခဲ့သော ချာတိတ်ကလေး ဖြစ်သူ အန်နက်စတီရို အား နားမလည်နိုင်အောင်ဖြစ်လာနေသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။

ထို့အတွက် အန်နက်စတီရိုက မိမိသည် ငယ်စဉ်ကပင် ပန်းနာရင်ကြပ် ရောဂါရှိနေသောကြောင့် အပြင်
မထွက်နိုင်သော အချိန်များတွင်စာအုပ်များ ဖတ်ရှု့ရင်း အချိန်ကုန်လွန်ခဲ့ရကြောင်း ရှင်းပြခဲ့ရသည်။ ပြင်သစ်လို ဖတ်တတ်နေခြင်းမှာလည်း ကျောင်းမနေနိုင်ခဲ့သော အချိန်များတွင် မိခင်ဖြစ်သူ စီလီယာ မှ ပြင်သစ်စာ
ကို အိမ်မှာပင် သင်ကြားပေးခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။
လှစိုးဝေ

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၇)

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၈)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၉)
  • No comments:

    Post a Comment