Latest News

Saturday, December 30, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး (၉)


(၉)
၁၉၃၂ နှင့် ၁၉၃၅ အကြား ကာလများတွင် ပါရာဂွေး နှင့် ဘိုလစ်ဗီယား တို့ အကြား မကြာခဏ
ဆိုသလို သွေးထွက်သံယို ပဋိပက္ခ များ ဖြစ်ပွားခဲ့သည်။ အဓိက အားဖြင့် နှစ်နိုင်ငံ နယ်ခြားရှိ
ချာကိုး ဟူသော ခြောက်သွေ့ဒေသရှိ တောရိုင်းမြေကို သူပိုင်ကိုယ်ပိုင် အငြင်းပွားခဲ့ကြခြင်း
ကြောင့် ဖြစ်ပေသည်။ အန်နက်စတို ဂွေဗာယားလင့်ခ်ျ က ချာကိုးစစ်ပွဲ အကြောင်းကို သတင်းစာ
များမှတဆင့် အမြဲမပြတ် စောင့်ကြည့်လေ့လာနေခဲ့သည်။ အကြောင်းကလည်း ရှိပေသည်။

မီဆွန်နက်စ် တွင် ပါရာဂွေး လူမျိးများနှင့် အတူနေထိုင်ခဲ့ခြင်းကြောင့်လည်း ပါရာဂွေးဖက်က
ထောက်ခံခဲ့သူ ဖြစ်သည်။ တနေ့တွင် လေ့လာနေယုံမျဖြင့် အားမရတော့ပဲ လက်နက်ကိုင်၍
ပါရာဂွေး ဖက်မှ ၀င်တိုက်လိုကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ဖခင်ဖြစ်သူမှ ဤမျအထိ
စိတ်အားထက်သန်စွာ ပြောဆိုနေမှုကြောင့်သားကြီးဖြစ်သူ လည်း စစ်ပွဲအကြောင်းကို
စိတ်ဝင်တစား လေ့လာခဲ့ပေတော့သည်။ သိတ်မကြာမီမှာပင် အဆိုပါ ပဋိပက္ခသည် ကလေး
များ ကစားကွင်းသို့ ကူးစက်လာရပေတော့သည်။တဖက်နှင့်တဖက် ပါရာဂွေး နှင့် ဘိုလစ်ဗီယား
သတ်မှတ်ကာ စစ်တိုက်တမ်း ဆော့ကစားလာခဲ့ကြခြင်းပင် ဖြစ်ပေသည်။

သားဖြစ်သူ၏ နိုင်ငံရေး အသိတရားများ နိုးကြားလာခဲ့ရခြင်းသည် အဆိုပါ စစ်ပွဲကို စိတ်ဝင်တစား လေ့လာမှု မှ စတင်ခဲ့ရသည်ဟု အန်နက်စတို ဂွေဗာယား လင့်ခ်ျ က နောက်ပိုင်းတွင် ပြော
ဆိုလာခဲ့သည်။ ၎င်း၏ ပြောဆိုချက်သည် ဖြစ်နိုင်ဖွယ် မရှိလှပေ။ အဘယ်ကြောင့်ဆိုသော်
စစ်ပွဲပြီးဆုံးခဲ့ချိန်တွင် အန်နက်စတီယို သည်၇ နှစ် အရွယ်ပင် ရှိပေသေးသည်။ သို့သော်
လည်း ချီ က သူ့အဖေ၏ စစ်ပွဲနှင့် ပါတ်သက်၍စိတ်အားထက်သန်ခဲ့မှုများ ကို ပြန်ပြောင်းပြော
ပြခဲ့သည်။ ၎င်း၏ ပြောဆိုမှုများက အဖေကို ချစ်သည့်စိတ်ရော ခပ်ငေါ့ငေါ့ သဘော လေသံများ
ပါ လာခဲ့သဖြင့် ဖခင်ဖြစ်သူသည် ရည်ရွယ်ချက်ကောင်းမွန်သော်လည်း အပြောသာ ရှိပြီး
လက်တွေ့ ကျကျ တကယ်လုပ်ခဲလှသည်ဟုဖခင်နှင့် ပါတ်သက်၍ အရှိကို အရှိအတိုင်း ဝေ
ဖန်လိုက်ခြင်းပင် ဖြစ်တော့သည်။

တကယ်တမ်း အန်နက်စတီရို ချေဂွေဗာယား၏နိုင်ငံရေး အသိစိတ်ကို နိုးထလာစေခဲ့သည်က
စပိန် ပြည်တွင်းစစ်ပွဲကြီးပင် ဇြစ်သည်။ အဆိုပါပြည်တွင်းစစ်ကြီးက ၁၉၃၈ နှစ်ဆန်းပိုင်းမှစ၍
ဖက်ဆစ်ဝါဒီ ဖြစ်သော ဖရန်ကို သူပုန်အဖွဲ့အရေးသာလာခဲ့ရပေသည်။ ထိုစစ်ပွဲကြီးမှ
ထွက်ပြေးတိမ်းရှောင်လာသူ စပိန် သမ္မတနိုင်ငံဘက်သားများ ၎င်းနေထိုင်ရာ မြို့လေးဖြစ်
သော အဲလ်တာ ဂါစီယာ သို့ ရောက်ရှိလာခဲ့ကြသည်။ (စကားချပ် - အဆိုပါ စပိန်ပြည်တွင်း
စစ်ပွဲကြီး အသေးစိတ်ကို မကြာမီ ထုတ်ဝေမည့် "မဟာတို့၏ ကျဆုံးခန်း' ၏ နောက်ဆက်တွဲ "အေး
စက်သွားသော ကမ္ဘာမြေ" စာအုပ်တွင် အသေးစိတ် ဖေါ်ပြထားပါတယ်)။ ထိုသို့ ရောက်လာ
ကြသော ဒုက္ခသည်များထဲတွင် မိခင်နှင့်အတူ ပါလာသော ဂွန်ဇာလေး-အက်ဂွီလာ ကလေး
လေးဦး ပါရှိလာခဲ့သည်။ ၎င်းတို့၏ ဖခင်ဖြစ်သူဂွမ် ဂွန်ဇာလေး-အက်ဂွီလာသည် စပိန်ရေတပ်
၏ ကျန်းမာရေး ဘက်ဆိုင်ရာ အကြီးအကဲ ဖြစ်သည်။ သူတာဝန်ကို ၁၉၃၉ ခုနှစ် ဂျန်န၀ါရီလ
ဘာစီလိုနား မြို့ သူပုန်လက်တွင်းသို့ ကျရောက်သွားခဲ့ပြီးနောက်မှသာ မိသားစုနောက် လိုက်
လာခဲ့သူ ဖြစ်သည်။ သူတို့ မိသားစု နှစ်စုတွင်ကလေးများကလည်း သက်တူရွယ်တူ ဖြစ်နေ
ကြပြီး တကျောင်းတည်းလည်း အတူတက်ခဲ့ကြပြန်သည်။ ထိုအချိန်တွင် ဂွေဗာယား မိသား
စုက စီလီယာ ၏ အမအကြီးဆုံးဖြစ်သူ ကာမင်းနှင့် သူမ၏ ကလေးနှစ်ယောက်ကို အိမ်တွငိ
လက်ခံထားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူကွန်မြူနစ် ကဗျာဆရာနှင့် သတင်းစာဆရာ
လည်းဖြစ်သူ ကာယက်တီနို "ပိုလီချို" ကော်ဒိုဗာအီတာဘူရူသည် ဗြူနိုအေရီ ရှိ သတင်းစာ
တစောင်ဖြစ်သော Critica အတွက် စပိန်နိုင်ငံတွင် သတင်းယူနေခဲ့သည်။ ခင်ပွန်းဖြစ်သူ
ပိုလီချို ၏ စာများ ရောက်ရှိလာတိုင်း ကာမင်းက ကလေးများကို အမြဲဖတ်ပြလေ့ရှိသဖြင့်
မည်သည့် သတင်းစာတွင်မှ မဖေါ်ပြရသေးသော စစ်ပွဲ၏ အသေးစိတ် သတင်းများကို
သိရှိခွင့် ရခဲ့ကြသည်။

၁၉၃၀ ခုနှစ်ကျော် အစောပိုင်းကာလများတွင်အာဂျင်တီနား၏ ပြည်တွင်းနိုင်ငံရေး အခြေ
အနေများက ငြိမ်သက်နေသဖြင့် လစ်ဘရယ်အယူရှိသော ဂွေဗာယားတို့ မိသားစု အဖို့ စိတ်
ဝင်တစား မရှိခဲ့ကြပေ။ ထိုအချိန်က အာဂျင်တီနားအား ရှေရိုးအစဉ်အလာ အယူအဆ စွဲကိုင်
ထားသော စစ်အစိုးရ သည် ပြည်တွင်းရှိ အစဉ်အလာ "လစ်ဘရယ်" ပါတီ အုပ်စုတစုနှင့် ညွန်
ပေါင်းအစိုးရ ပုံစံ အုပ်ချုပ်နေခဲ့ကြသည်။ ၁၉၃၀ တွင် သမ္မတ ဟီပိုလီတို ယီဂိုရင်း အား ဖြုတ်
ချခဲ့ပြီးချိန်မှစ၍ အတိုက်အခံ ဖြစ်သော Union Civica Radical ပါတီလည်း အကွဲကွဲ အပြား
ပြား ဖြစ်နေခဲ့သည်။ ပြည်တွင်းနိုင်ငံရေး က စိတ်ဝင်စားစရာ မကောင်းသဖြင့်
စပိန်သမ္မတနိုင်ငံမှနိုင်ငံတကာတွင် ခေါင်းထောင်ထလာနေသောဖက်ဆစ်ဝါဒကို ရွတ်ရွတ်ခ္ဈံခ္ဈံ ရပ်တည်ခုခံ
နေမှုသည့် အဖြစ်ကို မည်သူမဆို စိတ်အားတက်ကြွစွာထောက်ခံမှု ပေးရန် ၀န်မလေးခဲ့ကြပေ။

အန်နက်စတို ဂွေဗာယား လင့်ခ်ျကလည်း စပိန်သမ္မတနိုင်ငံအားထောက်ခံရန် ဖွဲ့စည်းလာ
သော နိုင်ငံလုံးဆိုင်ရာ သွေးစည်းညီညွတ်ရေးကွန်ယက်၏ အဖွဲ့ခွဲတခုကို မြို့ တွင် တည်
ထောင်နိုင်ရန် စိတ်အားတက်ကြွစွာ ကူညီပေးခဲ့သည်။ စပိန်မှ ရောက်ရှိလာသူများအားလည်း
ခင်မင်ရင်းနှီးစွာ ကြိုဆိုခဲ့ပြန်သည်။ ထိုသို့ရောက်ရှိလာသူများအထဲတွင် ဗိုလ်ချုပ်ကြီး
ဂျုယာဒိုအား အထူးတလေးတစား ဆက်ဆံခဲ့သည်။ ဗိုလ်ချုပ်ကြီး ဂျုယာဒိုသည် ဂွာဒါလာဂျာ
ယာ တိုက်ပွဲကြီးတွင် ဖရန်ကို တပ်များနှင့် ၎င်းတို့၏ မဟာမိတ် အီတလီ ဖက်ဆစ်များအား
ချေမူန်းနိုင်ခဲ့သူ ဖြစ်သည်။ သို့သော် အာဂျင်တီနားတွင် မိသားစု ၀မ်းရေးအတွက် အသက်
အာမခံ လိုက်လံရောင်းချသူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး
ဂျုယာဒိုက ဂွေဗာယား မိသားစုနှင့် ညစာလာရောက်စားသည့်အခါတိုင်း စစ်ပွဲအတွေ့အကြုံ
များကို တမေ့တမော ပြောတတ်သူ ဖြစ်သည်။

ထိုသို့ပြောသည့်အခါတိုင်း အန်နက်စတီရို လေးက မြေပုံပေါ်တွင် သမ္မတ နိုင်ငံတော်တပ်ဖွဲ့
များနှင့် ဖက်ဆစ်တပ်များ၏ စခန်းတည်နေရာကို လိုက်လံ၍ အမှတ်အသား ပြု ခဲ့သည်။ အိမ်
ရှိ ခွေးလေးကိုပင် သမ္မတနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်သူ ဂွမ် နီဂရင် ကို အစွဲပြုပြီး နီဂရီနားဟု
အမည်ပေးခဲ့ပြန်သည်။

၁၉၃၉ စက်တင်ဘာလတွင် ဟစ်တလာမှ ပိုလန်ကို ကျုးကျော်လာသည့်အခါ ဒုတိယကမ္ဘာစစ်ကြီး စတင်
 ဖြစ်ပွားလာခဲ့တော့သည်။ယင်းနှင့်အတူ အဲလ်တာ ဂါစီယာရှိ မြို့နေလူထုကလည်း ဟိုဘက်ဒီဘက် အပြိုင်ထောက်ခံလာခဲ့ကြသည်။ အန်နက်စတို ဂွေဗာယား လင့်ခ်ျသည်လည်း မဟာမိတ်လိုလားသော Accion Argentina အုပ်စုအား စိတ်ရောကိုယ်ပါ ထောက်ခံမှု ပေးခဲ့သည်။ ရုံးခန်းဖွင့်ရန် အခန်း
ငယ်တခုအား ငှားပေးခဲ့ပြန်ပြီး ပြည်နယ်အနှံ့သွား၍ လူထု အစည်းအဝေးပွဲများ တွင် တက်
ရောက် စကားပြောခဲ့သည်။ ထို့အပြင် "နာဇီများစိမ့်ဝင်လာနိုင်မှု' များကိုလည်း မျက်ခြေမပြတ်
ထောက်လှမ်းခဲ့ပြန်သည်။ နာဇီများ တဖြေးဖြေးနှင့် အာဂျင်တီနားကို ကျုးကျော်ဝင်ရောက်
လာမည့်အရေးကို သူ နှင့် သူ၏ လုပ်ဖေါ်ကိုင်ဖက်များ စိုးရိမ်လာခဲ့ကြသဖြင့် ကော်ဒိုဗာရှိ
ဂျာမန် အသိုက်အ၀န်းကို စောင့်ကြည့်လာခဲ့ကြသည်။ အန်နက်စတီရိုလည်း Accion Argentina ၏ လူငယ် အသင်းတွင် ပါဝင်လာခဲ့သည်။ သားဖြစ်သူ သည် ကစားချိန်၊စာကြည့်
ချိန်မှ လွဲ၍ ကျန်ရှိသည့် အားလပ်ချိန်များတွင်သူတို့နှင့် အတူ တွဲလုပ်ခဲ့ကြောင်း ဖခင် ဖြစ်သူ
က ပြောပြခဲ့သည်။

ကော်ဒိုဗာ ပြည်နယ်ထဲရှိ ဂျာမန်များ နေထိုင်ရာဖြစိသည့် ကာလူမူချီတာ ချိုင့်ဝှမ်းအရပ်သည်
အဓိက ထား စောင့်ကြည့်ရမည့် ပြစ်မှတ် ဖြစ်လာခဲ့ရသည်။ ထိုအရပ်သည် အဲလ်တာ ဂါစီယာ
နှင့် သိတ်မဝေးကွာလှပြန်ပေ။ ၁၉၃၉ ခုနှစ် ကုန်ပိုင်းလောက်တွင် အတ္တလန်တိတ် သမုဒ္ဒရာထဲ၌ ဗြိတိသျ စစ်သင်္ဘောများ အားအကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ရှိအောင်အနှောက်အယှက် ပေးနိုင်ခဲ့သော ဂျာမန်သင်္ဘော Admiral Graf Spee စစ်သင်္ဘောလည်း ပျက်စီးသွားခဲ့သဖြင့် ရီယို ဒီ လာ ပလာတာ အရပ်သို့ ခုတ်မောင်းလာခဲ့ပြီးနောက်သင်္ဘော ကပ္ပိတိန် မှ ၎င်း၏သင်္ဘောအား မွန်တီဗီဒီယိုး အရပ်တွင် ဖေါက်ခွဲနစ်မြုပ်ပြစ်ခဲ့သည်။ (ပုံတွင်ရှု့)သင်္ဘောတွင် ပါလာသူ အရာရှိများနှင့် သင်္ဘောသားများအား ကော်ဒိုဗာတွင် ထိမ်းသိမ်းထားခဲ့သည်။ နောက်ပိုင်းတွင် ထိမ်းသိမ်းခံထားရသူများက ၎င်းတို့ကို ထားရှိရာ ၀န်းအတွင်းတွင်ပင်
သစ်သားများနှင့် ရိုင်ဖယ်သေနတ်ပုံစံ ပြုလုပ်ပြီးစစ်ရေးလေ့ကျင့်ခန်းများ လုပ်နေကြသည်ကို၎င်း ဘိုလစ်ဗီယားမှ လက်နက်များ သယ်ဆောင်လာသောထရပ်ကားတစီးလည်း ၎င်းတို့ရှိရာ ချိုင့်ဝှမ်းအ
ရပ်သို့ ဦးတည်သွားသည်ကို ၎င်း အန်နက်စတိုဂွေဗာယား လင့်ခ်ျ တို့ အဖွဲ့ က တွေ့ရှိလာခဲ့
ကြသည်။ အခြားမြို့တမြို့ရှိ ဂျာမန်ပိုင် ဟိုတယ်တခုတွင်လည်း နာဇီ သူလျို အဖွဲ့တခု လျိုဝှက်
လှုပ်ရှားနေကြပြီး ဘာလင် နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ရေဒီယို အသံလွှင့်စက်တလုံးထား
ရှိကြောင်း သိရှိခဲ့ရပြန်သည်။

ုထိုသို့လေ့လာ သိရှိလာခဲ့ကြသဖြင့် ကော်ဒိုဗာပြည်နယ်ထဲတွင် ဂျာမန် မြေအောက်လှုပ်ရှားမှု
များ ရှိလာနေပြီဆိုကာ ထိတ်လန့်တုန်လူပ်လာခဲ့ကြသည်။ ထို့အတွက် ၎င်းတို့သိရှိသမျ ကို
ဗြူနိုအေယီးစ်ရှိ Accion Argentina ဌာနချုပ်သို့ အသေးစိတ် အစီရင်ခံစာ ပေးပို့ခဲ့ကြသည်။
ထို့အတွက် မဟာမိတ် လိုလားသော သမ္မတရော်ဘတ်တို အော်တစ် မှ ချက်ခြင်းတုန့်ပြန်
အရေးယူလာမည်ကို စောင့်မျော်နေခဲ့ကြသည်။သို့သော် အော်တစ် က ကျန်းမာရေး မကောင်းလှ တော့သဖြင့် သူ့နေရာတွင် ဒုသမ္မတ ရာမွန်းကက်စ်စတီလိုက တာဝန်ယူလိုက်ပြီ ဖြစ်သည်။

၎င်းက ၀န်ရိုးတန်ုးနိုင်ငံများ အဖွဲ့ကို လုံးဝဥသုံ ထောက်ခံသူတဦး လည်းဖြစ်သည်။ ထို့
အတွက်လည်း ၎င်းတို့ပေးပို့သည့် အစီရင်ခံစာနှင့် ပါတ်သက်၍ မယ်မယ်ရရ အရေးယူဆောင်
ရွက်သည်ကို မတွေ့ခဲ့ကြရပေ။

စစ်ပွဲတလျောက်လုံး အာဂျင်တီနားက ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်နှင့် လုပ်နေခဲ့
သော်လည်း တရားဝင်အားဖြင့် မူ ကြားနေနိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်မှာ ၁၉၄၅ ခုနှစ်
ဂျာမန်တို့ စစ်ရှုံးလုဆဲဆဲ အခြေအနေရောက်လာသည်အထိ ဖြစ်သည်။ စီးပွားရေးအရ
တဖက်တွင် မဟာမိတ်များကို မပြစ်ပါယ်နိုင်သလို နိုင်ငံရေး နှင့် စစ်ဖက် အသိုက်အ၀န်ုးများ
များက ၀င်ရိုးတန်းနိုင်ငံများကို လိုလားနေပြန်သောကြောင့်လည်း ဖြစ်သည်။ နိုင်ငံထွက် အမဲ
သား၊ ကောက်ပဲသီးနှံများနှင့် အခြား လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရန် ဥရောပ ဈေးကွက်
ကို မှီခိုနေရသောကြောင့် စစ်ပွဲအတွင်း ရေလမ်းကြောင်းများ ပိတ်ဆိုမှုများ ရှိနေပြန်သဖြင့် စီးပွား
ရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလာခဲ့သည်။ မဟာမိတ်များကို ထောက်ခံမှုပေးသည့်
အတွက် အပြန်အလှန် အနေဖြင့် အမေရိကန်မှ၎င်းတို့၏ ပိုလျံနေသော သီးနှံများကို ၀ယ်ယူ
တင်သွင်းပေးမည်ဟူသော အာမခံချက်ကိုအော်တစ် အစိုးရ က အရယူနိုင်ခဲ့သည်။ တဖန်
အမေရိကန် မှလည်း စက်မှု ကုန်ပစ္စည်းများထောက်ပံ့ပေးခဲ့ရသည်။ သို့သော်လည်း အောတစ် အစိုးရ အနေဖြင့် အမေရိကန်တို့မှ ကုန်သွယ်ရေးတွင် မျမျတတ ပြုလုပ်မည်ဟူသောကတိကိုကား မရရှိခဲ့သဖြင့် ကက်စတီလို အစိုးရ တက်လာချိန်တွင် အစွန်းရောက် အမျိုးသားရေး ၀ါဒီများက အာဂျင်တီနား ပို့ကုန်များအတွက်
ဈေးကွက်သစ် ရရှိရန် ဂျာမဏီကို မျက်စိကျလာခဲ့ကြသည်။ ထို့ အပြင် စစ်ရေး အထောက်အပံ့
များလည်း ရရှိရန် မျော်လင့်ခဲ့ကြပြန်သည်။
လှစိုးဝေ

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)


  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၇)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၈)
  • No comments:

    Post a Comment