Latest News

Sunday, March 5, 2017

နိုင်ငံတော့်မျက်နှာ

နိုင်ငံတော့်မျက်နှာ


ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံတော်၏ မျက်နှာဖြစ်ကြောင်းကို ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဆရာကြီး ဦးမောင်မောင်ကြီး (တက္ကသိုလ်မောင်မောင်ကြီး) က ရွှေတိဂုံစေတီတော်ကြောင့် ရန်ကုန်မြို့ ကျက်သရေရှိသည်။ ရွှေတိဂုံစေတီတော်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် မျက်နှာရှိသည်။ ရွှေတိဂုံစေတီတော်ကြီးအား နိုင်ငံတော့်၏ မျက်နှာပါတကားဟူ၍ နိုင်ငံတော်မျက်နှာ ဆောင်းပါးတွင် ဤသို့ ဦးခိုက်ပူဇော် ရေးဖွဲ့မှုပြုခဲ့သည်။

တောအုပ်ညို့ညို့ ကုန်းမို့မို့အပေါ်တွင် ရွှေတိဂုံစေတီတော်ကြီးသည် ရွှေရောင်ဖြင့် ဖိတ်ဖိတ်တောက်နေသည်။ နောက်ကျောခံ ပြာနှမ်းနှမ်း မိုးပြင်ကြောင့် ရွှေရောင်သည် ပို၍၀င်းနေသည်။ ရွှေတိဂုံ စေတီတော်ကြီးသည် ပန်းတည်းခုံ အမြှောင့်အမြှောင့်တို့သည် အဓိကရ သစ်ပင်ကြီးမှ မြစ်ပျဉ်းကြီးများသဖွယ် အမြှောင်းမြှောင်းထနေသည်။ ပန်းတည်ခုံ၏ အထက်ခေါင်းလောင်းကြီးပုံသည် အလွန်ပြေပြစ်၍ လုံးပတ်မှာလှသည်။ ခေါင်းလောင်းပုံထိပ်တွင် ကြာညွန့်ကြာစွယ်တို့သည် တွဲရရီ၊ စီရရီ ပတ်ပတ်လည် ကျနေဟန်ကို ဖူးရသည်။ ခေါင်းလောင်းပုံမှ အထက်သို့ ဖောင်းရစ်များသည် အရစ်ရစ် ခွေပတ်နေသည်။ အခွေခွေအထက်မှ ငှက်ပျောဖူးကြီးသည် အလုံးအဖန် အချို့လှလှသည်။ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးကြီးတို့၏ လုံးပတ်မှာ အလွန်ပနံရသည်။ အပေါ်သို့ သွယ်သွယ်မြင့်မြင့် တက်သွားပုံမှာ အဆင်ပြေ ညီညွတ်လှသည်။ အလယ်တွင် ဖောင်းရစ် ခွေထားပုံမှာလည်း နေရာသင့်လှသည်။ ဖောင်းရစ်နှင့် တစ်စပ်တည်း ကြာမှောက်၊ ကြာလန်၊ ချရာသီးများတွင် ဖုဖုလုံးလုံးများတို့ကို ထည့်သွင်းထားပုံမှာလည်း အနုပညာလက်ရာ ပီသလှပေသည်။ ငှက်ပျောဖူးကြီးတွင် ရွှေသားရွှေချပ်များကို အကွက်အကွက် အပြည့်ရိုက်ထားသဖြင့်လည်း စင်းစင်းချောချော မဟုတ်ဘဲ မျဉ်းပြိုင်မျဉ်း ကန့်ချထားသကဲ့သို့ အကွက်ကျကျ ညီလှပေသည်။ ငှက်ပျောဖူးကို ထီးတော်အုပ်ထားသည်။ ထီးတော်နှင့် ငှက်ပျောဖူး၊ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံနှင့် ပန်းတည်ခုံတို့သည် တစ်ခုနှင့်တစ်ခု တစ်ဆင့်နှင့်တစ်ဆင့်၊ အလိုက်အဖက်သင့်ပေသည်။ ထီးတော်၏ ပုံသဏ္ဌာန်မှာလည်း လူ၏လည်ပင်းနှင့် ဦးခေါင်းကဲ့သို့ သွယ်သွယ်သပ်သပ်၊ လုံးလုံးဝန်းဝန်းရှိလှသည်။ အထွတ်ဆုံးတွင်ကား စိန်ဖူးနှင့် ငှက်မြတ်နားသည် သာသနာတံခွန်ကို လွှင့်နေပေသည်။

သစ်ပင် အစိတ်အပိုင်းတို့မှ သင့်ရာသင့်ရာကို ပုံတူယူ၍ ဆံတော်၊ ဓာတ်တော်များ ကိန်းဝပ်ရာ စေတီအဖြစ် တည်ဆောက်ထားနိုင်ပုံမှာ ဗမာလူမျိုးအဖို့ ဂုဏ်ယူစရာဖြစ်သည်။ ဗမာ့ပန်းရန်အတတ်၊ ဗမာ့ပန်းချီ မျက်စိကိုလည်း ချီးကျူးစရာပင်ဖြစ်သည်။ ဗမာ့လက်ရာတို့ကို သက်သေတည်တိုင်ကြား၊ စံထားခြင်းလည်းဖြစ်သည်။ ဗမာမှုလည်း ပီသလှပေသည်။

ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သူ အဖြစ်နှင့် ကြည်ညိုလျှင်လည်း ရွှေတိဂုံစေတီတော်ကြီးသည် တရားကို ညွှန်ပြပေသည်။ သတ္တ၀ါတို့၏ အခြေခံမှာ အ၀ိဇ္ဇာနှင့်တဏှာ အရင်းခံသည်။ ထိုအမြစ်များကို ခုတ်ထွင်ပစ်မှသာလျှင် တဖြည်းဖြည်း ချောမွေ့သန့်စင်မည်၊ အဆင်သင့် တက်နိုင်မည်။ ရုပ်နှင့်နာမ်ကို အကြိမ်ကြိမ် စင်ကြယ်အောင်ပြုမှ နောက်ဆုံးတွင် နိဗ္ဗာန်ဟူသော အထွတ်သို့ ရောက်နိုင်မည်။ နိဗ္ဗာန်တံခွန်ကို ထူနိုင်မည်။ ကြီးရာမှ သေးနိမ့်ရာမှမြင့်၊ အရင်းမှအထွတ် တက်ရောက်နိုင်စေခြင်းငှာ နိမိတ်ဟူ၍ ပြသသော တရားဗိမာန်ဟု ဆိုချင်ကလည်း ဆိုထိုက်ပေသည်။

ရွှေတိဂုံစေတီတော်ကြီး၏ ခြေတော်ရင်းတွင် သီလာ၊ ပထ၀ီကျောက်မြေဟု ဆိုရလောက်အောင် ကျောက်စိုင်၊ ကျောက်ပြားကြီးများသည် ခြေတော်ရင်းအောက်၊ ချောက်ကြီး နံဘေးမှအလျားလိုက်၊ အပြားလိုက် ငေါထွက်နေသည်။ စေတီတော်ကြီး၏ အောက်ခြေခံကား ကျောက်ဆိုင် ကျောက်သားများပါ တကားဟု အသိဥာဏ်ဝင်လာသည်။ ထို၏အသိဥာဏ် ဆက်စပ်၍ ရှေးအခါက မည်သူမည်ဝါတို့သည် ဤစေတီတော်ကြီးလို တည်တံ့ကြပုံ၊ ရာစုနှစ်ပေါင်းများစွာပင် ရွှေတိဂုံစေတီတော်ကြီးကို ယခုအခြေအနေအထိ သပ္ပါယ်အောင် ဒါယကာ အဆက်ဆက်၊ ခေတ်အဆက်ဆက် ပြုစုတည်ထောင်ခဲ့ကြပုံတို့ကို ပြန်တွေးကြည့်မိသည်။

ဤနေရာ၊ ဤဒေသသည် ရှေးနှစ်ပေါင်းများစွာက ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိ၍ မွန်လူမျိုးတို့ နေထိုင်ရာ ဖြစ်သောကြောင့် လဂုင်မြို့ (ရန်ကုန်မြို့) ဟုတွင်သည်။ အုပ်စိုးသောမင်းမှာ မင်း ၃၂ ဆက်မြောက်ဥက္ကလာပ မင်းကြီးဖြစ်သည်။ သိဂုင်္တ္တရကုန်းဟု အမည်တွင်သော ဤကုန်းမို့မို့သည် ထိုစဉ်အခါက အခြားကုန်းပေါင်း ၉၉ နှင့်အတူ တောကြီးမျက်မည်းများဖြင့် ဖုံးအုပ်နေသည်။ တပုဿ နှင့် ဘလ္လိက ညီနောင်တို့သည် မြတ်စွာဘုရား ဆံတော်ကို ပင့်ဆောင်လာရာ သက္ကရာဇ် ၁၃၃ ခု၊ ၀ါဆိုလဆန်း ၄ ရက်၊ အင်္ဂါနေ့တွင် ဥက္ကလာပမြို့သို့ ဆိုက်ရောက်ခဲ့သည်။ သက္ကရာဇ် ၁၃၆ ခုနှစ်၊ ၀ါဆိုလဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် ဓာတ်တော်များကို ရေသပ္ပါယ်သည်။ တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ဆံတော်တွင်း၌ ထည့်၍ထာပနာကြသည်။ ဥက္ကလာပမင်းကြီးနှင့် တပုဿ၊ ဘလ္လိကညီနောင်တို့ စတင်တည်ထားခဲ့သော ရွှေတိဂုံစေတီတော်၏ ဥာဏ်တော်မှာ အတွင်းသံတောင် ခုနစ်တောင်၊ အပြင်သံတောင် ၂၈ တောင်မျှသာ မြင့်သည်။ ယခုစေတီအားဖြင့် ပေပေါင်း ၄၅ ပေခွဲမျှသာမြင့်သည်။ စေတီတော် တည်ပြီးနောက် ကာလများတွင် တပေါင်းလပြည့်နေ့တိုင်း ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ကြသည်။ သန်လျင်မြို့မှ လည်းကောင်း၊ ဟံသာဝတီမြို့မှ လည်းကောင်း၊ လဂုန် (ရန်ကုန်မြို့) မှလည်းကောင်း ဗမာနှင့် မွန်လူမျိုးတို့သည် ရေကြောင်း၊ ကုန်းကြောင်း အသီးသီးဖြင့် လာရောက် ဖူးမြော်ခဲ့ကြသည်။

လဂုန် (ရန်ကုန်) မြို့တွင် ခေတ်အဆက်ဆက် ထင်ရှားကျော်စောခဲ့သော ရွှေတိဂုံစေတီတော်ကြီးကို သက္ကရာဇ် ၇၁၆ ခုနှစ် နန်းတက်ခဲ့သော ဟံသာဝတီဘုရင် ဗညားဦးသည် သက္ကရာဇ် ၇၃၄ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကို သံတောင် ၂၈ တောင်မှ သံတောင် ၄၀၊ ပေပေါင်း ၆၅ ပေအထိမြှင့်ကာ တည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၈၂၅ ခုနှစ်တွင် ရှင်စောပုမိဖုရားကြီးသည် လဂုင် (ရန်ကုန်မြို့) သို့ ဟံသာဝတီ (ပဲခူး) မှ စုန်ဆင်းလျက် ရွှေတိဂုံစေတီတော်ကြီးကို ထပ်မံပြင်ဆင်ခဲ့သည်။ ရှင်စောပုမိဖုရားကြီးသည် စေတီတော်၏ ရင်ပြင်တော်ကို တိုးချဲ့ခဲ့သည်။ ရွှေ ၂၅ ပိဿာ ကို အပြားခတ်၍ ထီးတော်မှသည် ပန်းတည်ခုံသို့ တိုင်အောင် ရွှေပိန်းချတော်မူခဲ့သည်။ ကျောက်ထီး အဆူဆူကိုလည်း ရင်ပြင်တော်ပတ်လည်တွင် စိုက်သည်။ ဘုရားသမိုင်းကို မွန်ဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာတို့ဖြင့် ကျောက်ထက်အက္ခရာ တင်ခဲ့သည်။ ထို့နောက် ဓမ္မစေတီမင်းသည် ကြေးအချိန်ပိဿာ  တစ်သိန်းရှစ်သောင်း၊ အ၀ရှစ်တောင်ဇောက် ၁၂ တောင်ရှိသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးတစ်လုံး၊ အချိန်ကြေးပိဿာ  ငါးရာစီးသော ခေါင်းလောင်းငယ်တစ်လုံးကို လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၈၅၄ ခုနှစ်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်သောကြောင့် ထီးတော်မြေခသည်ကို မွန်ဘုရင်ဗညားရံကိုယ်တိုင် ထီးတော်သစ် တင်တော်မူခဲ့သည်။ စေတီရံ ၄၈ ဆူကိုလည်း သက်စေ့တည်တော်မူခဲ့သည်။

သက္ကရာဇ် ၁၀၂၆ ခုနှစ်တွင် ငလျင်ကြီးများ လှုပ်ခတ်သဖြင့် ရွှေတိဂုံစေတီတော်ကြီး၏ ဆတ်သွားဖူးမှသည် ပထမဖောင်းရစ်တိုင်အောင် ပြိုကျခဲ့သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် မင်းတရားကြီးသည် ခမ်းနားကြီးကျယ်စွာ ပြုပြင်ပြီး အလှူဒါနပြုခဲ့သည်။ ယခုကျွန်တော်တို့ ဖူးမြင်နေရသည့် ပုံပန်းနှင့် ဥာဏ်ဝေယံတိုင် ပေပေါင်း ၃၂၇ အထိ သက္ကရာဇ် ၁၁၃၁ ခုနှစ်တွင် တည်ထားခဲ့သည်။

ရွှေတိဂုံစေတီတော်ကြီးကို ပင်လယ်ဝမှ ရန်ကုန်မြစ် တစ်လျှောက်လုံး ဖူးမြင်နိုင်ပေသည်။ တွံတေး ချောင်းတစ်လျှောက် တွံတေးဝမှပင် ဖူးမြင်ရပေသည်။ မြောက်စူးစူး တစ်လျှောက်တွင် မင်္ဂလာဒုံမှပင် ဖူးမြင်ရ ဦးခိုက်ရပေသည်။ ရွှေတိဂုံစေတီတော်ဟု အသံကြားရုံဖြင့် ပြည်ထောင်စုသား ဗုဒ္ဓဘာသာ ကိုးကွယ်သူတိုင်း ဖူးမြော်ချင်ပေမည်။ ဖူးမြော်ခွင့် ရသူတိုင်းလည်း ငါတို့စေတီတော်ကြီးပါတကားဟု ပီတိရွှမ်းရွှမ်း ကြွပေမည်။ လှိုက်လှိုက်လှဲလှဲ ၀မ်းသာရွှင်လန်းကြပေမည်။ ပင်လယ်ကြောင်းမှ ရောက်လာသော နိုင်ငံခြားသားများသည် လည်းကောင်း၊ လေကြောင်းမှ ပျံသန်းလာသော တိုင်းတစ်ပါးသားများသည် လည်းကောင်း၊ ရွှေတိဂုံစေတီတော်ကြီး ပါတကား၊ တကယ်လှပတဲ့ လက်ရာပါတကားဟု ရင်သပ်ငေးမော၊ အံ့သြစွာ၊ မချီးကျူးဘဲ မနေနိုင်။ ရွှေတိဂုံဘုရား အကြောင်းကို စကားရှာ၍ မပြောဘဲမနေနိုင်။

ရွှေတိဂုံစေတီတော်ကြောင့် ရန်ကုန်မြို့သည် ကျက်သရေရှိသည်။ ရွှေတိဂုံစေတီတော်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် မျက်နှာရှိသည်။ ရွှေတိဂုံစေတီတော်ကြီးကား နိုင်ငံတော်၏ မျက်နှာပါတကားဟူ၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီးဦးမောင်မောင်ကြီး (တက္ကသိုလ်မောင်မောင်ကြီး) က နိုင်ငံတော်မျက်နှာဟူသော ဆောင်းပါးဖြင့် ရန်ကုန်မြို့၏ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရန်ကုန်မြို့၏ ပင်လယ်ဝမှ လည်းကောင်း၊ တွံတေးဝမှ လည်းကောင်း၊ မင်္ဂလာဒုံမှ လည်းကောင်း၊ ဖူးမြင်ဦးခိုက် ကြည်ညှိပူဇော်နိုင်မှုတို့ ရေးဖွဲ့မှတ်တမ်းတင်ခဲ့သည်။


လှမြင့် (ရန်ကုန်တက္ကသိုလ်)


Eleven Media Group

No comments:

Post a Comment