Latest News

Tuesday, March 21, 2017

ထိုင်းတွင် မြန်မာမိန်းကလေးအား မုဒိမ်းကျင့်ရန်ကြိုးစားသူ ဓားထိုးသတ်ခံရ (ရုပ်သံ)


By နန်းမြနဒီ 20 March 2017

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ဘန်ဆောင်ထုန်းမြို့မှာ မြန်မာမိန်းကလေးတဦးကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာလူငယ်တဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် မနက်က ဘန်ဆောင်ထုန်းမြို့ ဘန်ဆောင်ထုန်းရပ်ကွက် ၀မ်းနားတိုက်ခန်း ၃ လွှာမှာ ဓားထိုးမှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက် စစ်ဆေးရာမှာ ၀ဲဘက်ရင်အုံမှာ ဓားဒဏ်ရာနဲ့ လဲကျသေဆုံးနေသူ လူရွယ်တဦးနဲ့ အနားမှာ သွေးစ တွေပေနေတဲ့ ၆ စင်တီအရှည် သစ်သီးနွှာဓားတချောင်း တွေ့ရတယ်လို့ ဘန်ဆောင်ထုန်း နယ်မြေ ရဲစခန်း ဒုရဲမှူး ကစ်သီဆန် ကစ်ချုတ်က သတင်းထောက်ကို ပြောပါတယ်။

လူသေမှု နဲ့ ပတ်သက်ပြီး ရဲစခန်းကို ကိုယ်တိုင်အကြောင်းကြားခဲ့သူ မြန်မာအလုပ်သမား မိန်းကလေး မစုစုဇင် (၂၁ နှစ်)က သေဆုံးသူမှာ သူ့ကို မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အတွက် သူ့ကိုယ်သူ ကာကွယ်တဲ့ အနေနဲ့ မီးဖိုချောင်သုံးဓားနဲ့ ထိုးခဲ့တာလို့ ဖွင့်ဟ၀န်ခံထားပါတယ်။

အခင်းဖြစ်တဲ့ မနက်က သူမဟာ ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်နေစဉ် အပြင်မှာ တံခါးခေါက်သံ ကြားရကြောင်း၊ သူက အမဖြစ်သူလာခေါက်တာလို့ ထင်ပြီး ဖွင့်ပေးလိုက်ရာ လူတယောက်ဖြစ်နေပြီး သူ့ကို အခန်းထဲပြန်တွန်းထည့်ကာ ဖက်ရမ်းနပန်းလုံးဖို့ ကြိုးစားလာတဲ့အတွက် သူက အနားမှာရှိတဲ့ ဓားနဲ့ ထိုးခဲ့ပြီး အပြင်ပြေးထွက်လာကာ အမဖြစ်သူနဲ့ ရဲစခန်းကိုပါ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူ လူရွယ်မှာ နိုင်နိုင် (အသက် ၂၀) နှစ် မြန်မာလူမျိုးဖြစ်ပြီး လွန်ခဲ့တဲ့ တပတ်လောက်ကမှ အဲဒီတိုက်ခန်းရဲ့ ဒုတိယထပ်မှာ လာငှားနေတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက တိုက်ခန်းရှိ စီစီကင်မရာကို ပြန်ကြည့်ရာမှာ အခင်းဖြစ်ပွားချိန် လူရွယ်မှ မိန်းကလေး အခန်းထဲ ၀င်သွားတဲ့ပုံ၊ မိန်းကလေးမှ အခန်းထဲက ပြန်ထွက်လာတဲ့ပုံတွေကိုလည်း တွေ့ရှိ ခဲ့ပါတယ်။

ဒါပေမယ့် ရဲစခန်းက မစုစုဇင်နဲ့ မျက်မြင်သက်သေတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီမဟာမိတ်အဖွဲ့ ကိုရဲမင်းက မိန်းကလေးဟာ မရည်ရွယ်ဘဲ လူသတ်မှုဖြစ်သွားရတဲ့အတွက် သူ့အတွက် သက်သက်ညှာညှာဖြစ်စေဖို့ ရှေ့နေကူညီငှားရမ်းပေးဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကျနော်တို့ အဲဒီမိန်းကလေးကို သွားတွေ့ပြီး အားပေးစကားပြောခဲ့ပါတယ်။ ရဲစခန်းက သူ့ကို အာမခံကြေးဘတ် ၅ သောင်းနဲ့ အပြင်မှာ နေခွင့်ပြုထားတယ်။ ဒီအမှုကို လူသေမှုနဲ့ဘဲ ဖွင့်ထား တယ်လို့ သိရပါတယ်ခင်ဗျ။ သူက သူ့ကို စော်ကားဖို့လုပ်လာတဲ့သူကို သူ့ကိုယ်သူ ကာကွယ်ရင်း ခုလိုဖြစ်သွားတာကြောင့် သက်သက်ညာညာဖြစ်ဖို့ ရှေ့နေငှားပေးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ဒီအမှုက ရုံးချိန်းတွေ ဘာတွေနဲ့ဆို တစ်နှစ်လောက်တော့ ကြာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

သေဆုံးသူ နိုင်နိုင်ရဲ့အလောင်းကတော့ လောလောဆယ် ဆေးရုံရင်ခွဲရုံမှာဘဲရှိနေပြီး သူ့ရဲ့ သက်ဆိုင်ရာ
ဆွေမျိုးတွေလည်း ရောက်မလာသေးတာကြောင့် မသင်္ဂြိုဟ်သေးဘူးလို့ ကိုရဲမင်းက ပြော သွားပါတယ်။
DVB

No comments:

Post a Comment