Latest News

World News
Interview

News

Crime

Education

Gov

Recent Posts

Thursday, July 9, 2020

(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး


မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း


၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် မကွေးခရိုင် နတ်မောက်မြို့  တောင်ရွာကြီး၌ မွေးဖွားသည်။ အဖ ရှေ့နေ ဦးဖာ၊ မိခင် ဒေါ်စုဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် အငယ်ဆုံးဖြစ်ပြီး ဇာတာအမည် ထိန်လင်းဖြစ်သည်။ အစ်ကိုဖြစ်သူ အောင်သန်း အမည်လိုက်ကာ “အောင်ဆန်း”ဟု တွင်သည်။ မိခင်ဘက်က အဘိုးမှာ မြို့လုလင်သူကြီး ဦးမင်းရောင်ဖြစ်သည်။ ပါတော်မူစဉ်က နတ်မောက်မြို့လုလင်မှ “ရွှေလရောင်”အမည်ဖြင့် ဗြိတိသျှနယ်ချဲ့တို့ကို ခုခံခဲ့သူ မျိုးချစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

အသက် ၈ နှစ်တွင် နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက် ဘကြီးဘုန်းကြီး ဦးသောဘိတ၏ မြန်မာစာသင်ကျောင်း၌ စတင်ပညာသင်ယူသည်။ ၁၃ နှစ်တွင် အစ်ကိုကြီး ဦးဘဝင်း (အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း)ရှိရာ ရေနံချောင်း မြို့ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ပညာသင်သည်။ ၁၉၃၀ ပြည့်နှစ် အစိုးရစစ် သတ္တမတန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး နဝမ၊ ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမရသည်။ ဦးရွှေခိုဆု ချီးမြှင့်ခံရသည်။ အစိုးရ စကောလားရှစ် ပညာသင်ဆု တစ်လ ၁၀ ကျပ် သုံးနှစ်ဆက်တိုက်ရသည်။ ၁၉၃၂ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာစာ၊ ပါဠိ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သည်။

၁၉၃၂-၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ယူသည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ဥပဒေပညာဆက်လက် ဆည်းပူးသည်။ တက္ကသိုလ်ပညာသင်ယူနေစဉ် ၁၉၃၅-၃၆ ခုနှစ်တွင် တကသ အမှုဆောင်၊ ပြန်ကြားရေးတာဝန်ခံ၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၃၆-၃၇ ခုနှစ်တွင် တကသဒုတိယဥက္ကဋ္ဌ၊ ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်း ဥက္ကဋ္ဌ၊ ၁၉၃၇-၃၈ ခုနှစ်တွင် တကသ အရန်အလုပ်အမှုဆောင်၊ ဗကသ ဥက္ကဋ္ဌ၊ ၁၉၃၈ ခုနှစ် နိုဝင်ဘာလအထိ တကသဥက္ကဋ္ဌနှင့် ဗကသ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့သည်။

“ပဲခူးကဝေ” အမည်ဖြင့် ဘာသာပြန်ဆုရခဲ့

ရန်ကုန်တက္ကသိုလ် ဥပစာတန်း ပညာသင်နေစဉ် ၁၉၃၃ ခုနှစ် ဂန္ထလောက မဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲ အမှတ် ၄၁ တွင် “ပဲခူးကဝေ” အမည်ဖြင့် ဘာသာပြန် ဆု ရခဲ့သည်။ မူရင်းစာမှာ လန်ဒန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ ပညာရှင် ဟရိုဂျေလက် စကီ၏ စာဖြစ်သည်။ ၁၉၃၅ ခုနှစ်  မေလနှင့် ဇူလိုင်လ ဂန္ထလောကမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍတွင် အမည်ရင်းဖြင့် ကျောင်းများ၌ တူညီဝတ်စုံ ဝတ်သင့်ကြောင်း ဆောင်းပါးရေးသားသည်။ ပန်းတနော်ဦးသန့်၏ ဂန္ထလောကမဂ္ဂဇင်း အင်္ဂလိပ်စာကဏ္ဍပါ“ကျောင်းများတွင် ကျောင်းသားများ လွတ်လပ်စွာ ဝတ်စားဆင်ယင်သင့်ကြောင်း”  ဆောင်းပါးကို ပြန်လည်ဝေဖန်ခြင်း ဖြစ်သည်။ သူရိယမဂ္ဂဇင်းတွင်လည်း“အညာသားလေး”  အမည်ဖြင့် “မင်းကြီး ဦးမင်းရောင်”  ဆောင်းပါးရေးသားခဲ့သည်။

၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် မဂ္ဂဇင်းပါ "Hell Hound at Large" (ငရဲခွေးကြီး လွတ်နေပြီ) ပေးစာရေးသူ အမည်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်သဖြင့် ကျောင်းထုတ်ခံရသည်။ သမဂ္ဂ ဥက္ကဋ္ဌ ကိုနုနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း  ကျောင်းထုတ်ခံရသည့်အတွက် ၁၉၃၆ ကျောင်းသားသပိတ်ပေါ်ပေါက်လာသည်။ သပိတ်တွင် သပိတ်မှောက် ကျောင်းသားများကောင်စီ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ သပိတ်မှောက်ပြီး ၁၉၃၆ ခုနှစ်  မေလ ၈ ရက်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ဗကသ တည်ထောင်ရာ တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၃၇ ခုနှစ်  မေလ ၉ ရက်မှ ၁၀ ရက်အထိ မန္တလေးမြို့ ဗဟိုအမျိုး သားအထက်တန်းကျောင်း၌ ဒုတိယအကြိမ် ဗကသညီလာခံ ကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်သည်။ အိန္ဒိယ ကွန်ဂရက်ပါတီခေါင်းဆောင် ဂျဝါဟာလာနေရူးနှင့် သမီးအင်ဒီရာတို့ ညီလာခံတက်ရောက်ကြသည်။ ညီလာခံ က ဗကသ ဥက္ကဋ္ဌတာဝန်နှင့် တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီဆော်သြ သူအဖြစ် ခန့်အပ်ခဲ့သည်။ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝတ်လုံတော်ရ ဦးကျော်မြင့်၊ အဖွဲ့ဝင်အဖြစ် အမ်အေ ရာရှစ်၊ သခင် သိန်းမောင်၊ နယူးဘားမား ဦးတင်မောင် တို့ ပါဝင်သည်။“ဆော်သြသူ အောင်ဆန်း”အမည်နှင့်“တက္ကသိုလ် ကျောင်းသား များ သမဂ္ဂအသင်းမှ ခန့်အပ်ထားသော တက္ကသိုလ်ပြင်ဆင်ရေးကော်မတီ၏ မှတ်တမ်း” Memorandum on the Report of the University Act Enquiry Committee ကို အင်္ဂလိပ် − မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

သခင်အမည်ခံယူ

၁၉၃၇−၃၈ ခုနှစ် ဥပဒေတန်းတက်စဉ် နယူးဘားမား အင်္ဂလိပ် သတင်းစာ၌ အချိန်ပိုင်း အယ်ဒီတာအဖြစ် သတင်းစာခေါင်းကြီးများ ရေးသား သည်။ ၁၉၃၈ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ဧပြီ ၂၄ နှင့် ၂၅ ရက်တို့တွင် ပုသိမ်မြို့၌ ကျင်းပသော တတိယအကြိမ် ဗကသ ညီလာခံကို တက်ရောက်သည်။ သြဂုတ်လ ပထမနှစ်ဝက် ကျောင်းပိတ်ရက်တွင် ဥပဒေတန်းကို စွန့်၍ ရန်ကုန် တက္ကသိုလ်မှ ထွက်ခဲ့သည်။ စက်တင်ဘာလတွင် “တိုင်းပြည်အကျိုး ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန် တက္ကသိုလ်မှ ထွက်ခဲ့ကြောင်း” သတင်းစာ များ၌ ကြေညာခဲ့သည်။ အောက်တိုဘာလတွင် ကိုနုနှင့်အတူ တို့ဗမာအစည်း အရုံးဝင်၍ သခင်အမည်ခံယူသည်။ သခင်ကိုယ်တော်မှိုင်း၏ အမိန့်ဖြင့် တို့ဗမာအစည်းအရုံး ဌာနချုပ်အလုပ်အမှုဆောင်၊    ဝါဒဖြန့်ချိရေးတာဝန်ခံ     ဖြစ်လာသည်။

၁၉၃၈ ခုနှစ်  နိုဝင်ဘာလ ၃ ရက်တွင် တကသနှင့် ဗကသ ဥက္ကဋ္ဌရာထူး နှစ်ရပ်ကို စွန့်လွှတ်သည်။ နိုဝင်ဘာ ၂၆ ရက်တွင် တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအဖြစ်  တာဝန်ပေးအပ်ခံရသည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ရွှေတိဂုံအလယ်ပစ္စယာ၌ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအစည်းအရုံးဖွဲ့စည်းခဲ့ရာ  အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင်များနှင့်အတူ အရေးပေါ်လုံခြုံရေးဥပဒေအရ သီတင်း နှစ်ပတ် ဖမ်းဆီးခံရသည်။ ၁၉၃၉ ခုနှစ်  ဧပြီလ ၇ ရက်မှ ၁၀ ရက်အထိ မော်လမြိုင်တွင် ကျင်းပသော စတုတ္ထအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံးညီလာခံတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ ညီလာခံက ဌာနချုပ် အလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်သည်။ မှတ်တမ်းတင်သူ သခင်အောင်ဆန်း အမည်ဖြင့် “မော်လမြိုင် ညီလာခံသဘင်မှတ်တမ်း”ကို တို့ဗမာအစည်းအရုံးက ထုတ်ဝေ သည်။       
                                                     
ညီလာခံအပြီး ဇွန်လတွင် ဌာနချုပ်အလုပ်အမှု ဆောင်များနှင့် ညှိနှိုင်း၍ “တို့ဗမာဝါဒနှင့် စည်းမျဉ်း”ကို ပြန်လည်ရေးဆွဲသည်။ ဇူလိုင်လတွင် တို့ဗမာအစည်းအရုံး နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံအဖြစ် ပူးတွဲဆောင် ရွက်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်း

၁၉၃၉ ခုနှစ်  သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့ မြေနီကုန်း မြေနုလမ်း အမှတ် ၁၄ ကိုဗဟိန်းနေအိမ်၌ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ကိုဗဟိန်း၊ ရဲဘော်နတ်(ဂ်)၊ သခင်စိုးတို့နှင့်အတူ “ဗမာပြည်ကွန်မြူနစ်ပါတီ”ကို လျှို့ဝှက်ဖွဲ့စည်းပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူး၊ နိုဝင်ဘာ ၁၈ ရက်တွင် မြေအောက်တော်လှန်ရေးအဖွဲ့ (နောင်ပြည်သူ့အရေးတော်ပုံပါတီ)၏        နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်သည်။

၁၉၄၀ ပြည့်နှစ်  မတ်လ ၁၂ ရက်တွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်အရ သခင်တင်မောင် (ပန်းတနော်)၊ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင် အုန်းဖေ (ဝါးခယ်မ)၊  သခင်အုန်းမြင့်တို့  ပါဝင်သော တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အိန္ဒိယနိုင်ငံ  ရမ်းဂါးညီလာခံ   တက်ရောက်ခဲ့သည်။ ညီလာခံအပြီး   ပြည်နယ်အချို့ကို  လေ့လာရေးခရီး ဆက်ထွက်၍  အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။  မေလ ၁ ရက်တွင် ရန်ကုန် ပြန်ရောက်သည်။

ပထမဆုံး ရွေးချယ်တင်မြှောက်ခံရ

၁၉၄၀ ပြည့်နှစ် မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သာယာဝတီမြို့၌ ကျင်းပသော ပဉ္စမအကြိမ် ဗမာနိုင်ငံလုံး ဆိုင်ရာ တို့ဗမာအစည်းအရုံးညီလာခံ၌ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။ ညီလာခံက ဌာနချုပ်အမှုဆောင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေး အပ်သည်။ ဇွန်လ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် အုပ်ချုပ် ရေးအဖွဲ့၌     ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပထမဆုံး ရွေးချယ်တင်မြှောက်ခံရ သည်။ ဇွန်လ ၁၅ ရက်တွင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ဝင်အဖြစ် တက္ကသိုလ်သမဂ္ဂခန်းမ၌     မိန့်ခွန်းပြောသည်။

၁၉၄၀ ပြည့်နှစ် ဇွန်လ ၂၉ ရက်တွင် ဟင်္သာတစီရင်စု ရာဇဝတ်ဝန်ဇေဗီးယား (D.W Harrison Xavier) က သခင်အောင်ဆန်းအား ဟင်္သာတစီရင်စု ဇလွန်မြို့နယ် ဒေါင့်ကြီးရွာ ဇွန်လ ၁ ရက် ညတရားပွဲ၌ အစိုးရကို အကြည်ညိုပျက်ရန် ဟောပြောမှုအတွက် ရာဇသတ်ပုဒ်မ ၁၂၄(က)အရ ဆုငွေ   ငါးကျပ်  ဝရမ်းထုတ်ခဲ့သည်။ အဖမ်းမခံဘဲ  တိမ်းရှောင်နေစဉ် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ နိုင်ငံခြား အကူအညီရှာရန် သခင်လှမြိုင်(ဗိုလ်ရန်အောင်)နှင့်အတူ သြဂုတ်လ ၈ ရက်တွင် ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အမွိုင်သို့ နော်ဝေပိုင် ဟိုင်လီသင်္ဘောဖြင့် လျှို့ဝှက်ထွက်ခွာ ခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် အမွိုင်သို့ရောက်သည်။ အမွိုင်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် မရဘဲ သောင်တင်နေသည်။ ထိုစဉ် တို့ဗမာအစည်းအရုံးနှင့် ဗမာ့ထွက်ရပ်ဂိုဏ်း    အလုပ်အမှုဆောင် ဒေါက်တာ သိန်းမောင်၏ ကြိုးပမ်းမှုဖြင့် တိုင်ပေ ဂျပန် စစ်ဌာနချုပ်နှင့် အဆက်အသွယ်ရသည်။ နိုဝင်ဘာလ ၁၂ ရက်တွင် ဂျပန် နိုင်ငံ တိုကျိုမြို့သို့ရောက်သည်။ ဂျပန် စစ်အာဏာပိုင်များထံ “လွတ်လပ်သော    မြန်မာပြည်  ပြန်လည်ထူထောင် ရေးစီမံကိန်း” ကို ရေးဆွဲတင်ပြသည်။

စစ်ပညာသင်ကြားခဲ့

၁၉၄၁ ခုနှစ်  ဖေဖော်ဝါရီလ ၁၅ ရက်တွင် မြန်မာ နိုင်ငံကို ရေကြောင်းမှ လျှို့ဝှက်ပြန်လာသည်။ မတ်လ ၃ ရက်တွင် ပုသိမ်မှတစ်ဆင့် ရန်ကုန်ရောက်သည်။ မြေအောက် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် သခင်မြ၊ သခင်ချစ်တို့နှင့် ဆွေးနွေးပြီး ရဲဘော်သုံးကျိပ်   ပထမအသုတ်အဖြစ် ကျောင်းသားခေါင်းဆောင် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ တို့ဗမာအစည်းအရုံးမှ  သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်အေးမောင်(ဗိုလ်မိုး)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)တို့နှင့်အတူ မတ်လ ၁၁ ရက်တွင် ရေကြောင်းမှ ဂျပန်နိုင်ငံ သို့   လျှို့ဝှက်ထွက်ခွာခဲ့သည်။ တို့ဗမာအစည်းအရုံးနှစ်ခုမှ လူငယ် ၂၇ ဦးတို့ကို ဦးဆောင်၍ ဟိုင်နန်ကျွန်း “စန်ယ” စစ်ပညာသင်ကျောင်းတွင် ဧပြီလ ၂၅ ရက်မှစတင်၍ စစ်ပညာသင်ကြားခဲ့သည်။ အောက်တိုဘာလ ၅ ရက်တွင် ထိုင်ဝမ်ကျွန်း တာမာဆာတိုမြို့ သင်တန်းကျောင်းသို့ ပြောင်းရွှေ့သင်ယူသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌   မီနာမီကီကန် (Minami Kikan) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး)၏ အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဦးဆောင်ဖွဲ့စည်းသည်။ မြန်မာနိုင်ငံအတွင်းသို့ ချီတက် ရန် စစ်ကြောင်းများ သတ်မှတ်တာဝန်ပေးသည်။ ဒီဇင်ဘာ လ ၃၁ ရက်တွင်  ဗန်ကောက်မြို့ ဘော်နီယိုကုမ္ပဏီဝင်း အတွင်း၌ စစ်ရေးပြအခမ်းအနား ကျင်းပပြီး ဗိုလ်မှူးကြီး ဆူဇူကီးနှင့်အတူ မိန့်ခွန်းပြောခဲ့သည်။

၁၉၄၂ ခုနှစ်  ဇန်နဝါရီလတွင် ဂျပန်တပ်မတော်နှင့် အတူ ဘီအိုင်အေသည် စစ်ကြောင်းသုံးကြောင်းဖြန့်လျက် မြန်မာနိုင်ငံအတွင်းသို့   ချီတက်ခဲ့သည်။  ဘီအိုင်အေ ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် စစ်ဦးစီးမှူးအဖြစ် တာဝန်ယူခဲ့သည်။ သြဂုတ်လ ၁ ရက်တွင် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲ ပြီး ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ စစ်သေနာပတိချုပ် ဖြစ်လာသည်။

၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် မြောင်းမြမြို့ ဦးဘိုးညှင်း၊    ဒေါ်ဘွားစုတို့၏သမီး   သူနာပြုဆရာမ မခင်ကြည်နှင့် စစ်ဆေးရုံ(ရန်ကုန်စစ်ရုံးချုပ်)၌ လက်ထပ် သည်။ သား အောင်ဆန်းဦး၊ (အောင်ဆန်းလင်း)နှင့် သမီး အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) တို့ ထွန်းကားသည်။

ဂျပန်ဘုရင်၏ တက်နေဝန်းတံဆိပ် ချီးမြှင့်ခံရ

၁၉၄၃  ခုနှစ်တွင်  ဗိုလ်ချုပ်ရာထူးဖြင့်  ဘီဒီအေ စစ်သေနာပတိ၊ ၁၉၄၃ ခုနှစ်  မတ်လ ၈ ရက်တွင် ဗမာ့ လွတ်လပ်ရေးစီစဉ်မှုကော်မရှင် အဖွဲ့ဝင်၊ ၁၉၄၃−၄၅ ခုနှစ် တွင် လွတ်လပ်သော ဗမာနိုင်ငံအစိုးရအဖွဲ့ ကာကွယ်ရေး ဝန်ကြီး၊ စစ်သေနာပတိ တာဝန်ယူခဲ့သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်သည်။ ဂျပန်ဘုရင်၏ တက်နေဝန်းတံဆိပ်(Order of the Rising Sun) ချီးမြှင့်ခံရ သည်။ ၁၉၄၄ ခုနှစ်  စက်တင်ဘာလ ၄ ရက်တွင် ဂျပန် ဘုရင်၏ ပထမဆင့် ဆုတံဆိပ်(Order of the Sacred Treasure First Class) ထပ်မံ ချီးမြှင့်ခံရသည်။

၁၉၄၄ ခုနှစ်  သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ပဲခူးမြို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏ ဘီဒီအေ  စံပြ တပ်ရင်းတွင်  မြေအောက်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းတို့နှင့် လျှို့ဝှက်တွေ့ဆုံ၍     ဖက်ဆစ်တော်လှန်ရေးကိစ္စများ ဆွေးနွေးသည်။ ဆွေးနွေးပွဲမှ  ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဖွဲ့စည်းရေးနှင့်  “နယ်ချဲ့ဖက်ဆစ်ဓားပြ ဂျပန် လူရိုင်းများကို  မောင်းထုတ်”ဟူသော  ကြေညာစာတမ်း အမှတ် ၁ ကို လက်ခံအတည်ပြုခဲ့သည်။ သြဂုတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်နေအိမ်၌ ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် (ဖတဖ) Anti-Fascist Organization(AFO)ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်  မတ်လ ၁ ရက်မှ ၃ ရက်အထိ ဗိုလ်ချုပ်နေအိမ်တွင် ဖတဖ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်ဖျက်ရေး  ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ)အမည်သို့ ပြင်ဆင်၍ ဖတပလ၏ ဗဟိုစစ်ကောင်စီ စစ်ရေးခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်။ ဖက်ဆစ် တော်လှန်ရေးအတွက် စစ်တိုင်းကြီးများ၊ စစ်နယ်မြေများနှင့် ဦးစီးခေါင်းဆောင်များ သတ်မှတ်သည်။ ဖက်ဆစ်တော် လှန်ရေးကို ဧပြီလ ၂ ရက်တွင် စတင်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၄၅ ခုနှစ်  မတ်လ ၂၇ ရက်တွင် တစ်နိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေး စတင်သည်။ ဗိုလ်ချုပ်သည် သရက် မြို့ အနောက်ဘက် သရက်ချောင်းရွာ ရှေ့တန်းစစ်ဦးစီးချုပ် ရုံးက ဦးဆောင်သည်။ ဖက်ဆစ်တော်လှန်ရေးအပြီး သြဂုတ်လ ၁၉ ရက်တွင်   ရန်ကုန်မြို့ ကန်တော်ကြီး နေသူရိန်ကဇာတ်ရုံ၌  ဖတပလက ကြီးမှူး၍ လူထု အစည်း အဝေး (နေသူရိန်ညီလာခံ) ကျင်းပသည်။ ညီလာခံက ဖတပလ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။
ကန္ဒီသဘောတူညီချက်စာချုပ်ကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့
၁၉၄၅ ခုနှစ်  စက်တင်ဘာလ ၇ ရက်တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ ဗမာ့မျိုးချစ်တပ်မတော်ကို အမြဲတမ်းတပ်မတော် ဖွဲ့စည်းရေးအတွက် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန်နှင့် “ကန္ဒီသဘောတူ ညီချက်စာချုပ်”ကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။ အောက်တိုဘာလ ၂၇ ရက်တွင် အသစ်ဖွဲ့စည်းသော ဗမာ့ တပ်မတော်၌ ဗိုလ်မှူးချုပ်အဆင့်ဖြင့် လက်ထောက် စစ်ဆေးရေးအရာရှိချုပ် ရာထူးကို မောင့်ဘက်တန်က ကမ်းလှမ်းရာ ငြင်းပယ်ခဲ့သည်။

ဖတပလ ဦးစီးအဖွဲ့ဝင်များ၏ ဆန္ဒအရ တပ်မှထွက် ပြီး မြန်မာ့လွတ်လပ်ရေးအတွက် ဖတပလ ဥက္ကဋ္ဌတာဝန် ကို ဆက်လက်ထမ်းဆောင်သည်။ ဒီဇင်ဘာလ ၁ ရက်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဦးဆောင်ဖွဲ့စည်း၍ ဥက္ကဋ္ဌ၊ စစ်သေနာပတိတာဝန်ယူခဲ့သည်။  ဒီဇင်ဘာလ ၂၆ ရက်တွင် ဖတပလကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) Anti Fascist and People's Freedom League (AFPFL) အမည် ပြင်ဆင် ခဲ့သည်။

စွပ်စွဲချက်ကို ရှင်းလင်းချေပခဲ့

၁၉၄၆ ခုနှစ်  ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၌ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ်ညီလာခံ ကျင်းပရာ သဘာပတိအဖြစ်ဆောင်ရွက်သည်။ မတ်လ ၂၁ ရက် ဘုရင်ခံ၏ ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် သခင်ထွန်းအုပ်၏ “ဂျပန်အဝင်တွင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လူသတ်မှုတစ်မှု၌ ပါဝင်ကြောင်း” စွပ်စွဲ ပြောကြားခံရသည်။ ဧပြီလ ၆ ရက်တွင် ဗိုလ်ချုပ်က “ကျွန်ုပ်၏ လိပ်ပြာကား အမြဲသန့်ရှင်းစင်ကြယ်လျက်”ခေါင်းစဉ်ဖြင့် ကြေညာချက် တစ်စောင်ထုတ်၍ စွပ်စွဲချက် ကို ရှင်းလင်းချေပခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်တွင် ဘုရင်ခံ၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ အမှုဆောင်ကောင်စီ (အစိုးရဝန်ကြီးအဖွဲ့) ဒုတိယသဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန ဝန်ကြီး ရာထူးဖြင့် အမျိုးသားယာယီ အစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။

ဗြိတိသျှဝန်ကြီးချုပ်   မစ္စတာ အက်တလီ၏ ဖိတ်ခေါ်ချက်အရ    မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ အင်္ဂလန်နိုင်ငံသို့ သွားရောက်သည်။ ၁၉၄၇ ခုနှစ်  ဇန်နဝါရီလ ၂၇ ရက်တွင် အောင်ဆန်း − အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။  ၁၉၄၇ ခုနှစ်  ဖေဖော်ဝါရီလ  ၁၂  ရက်တွင်  ရှမ်းပြည် ပင်လုံမြို့၌ တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် သမိုင်းဝင် ပင်လုံစာချုပ်ကို မြန်မာအစိုးရကိုယ်စားလှယ် အဖြစ် ဦးဆောင်လက်မှတ် ရေးထိုးခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ယာယီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းပြီး ဒုတိယဥက္ကဋ္ဌ(ဝန်ကြီးချုပ်)၊ ကာကွယ်ရေးနှင့် နိုင်ငံခြား ရေးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပသည်။ ရန်ကုန် မြို့မ (လမ်းမတော်) မဲဆန္ဒနယ်မြေမှ  ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံရသည်။ တစ်နိုင်ငံလုံး ၂၅၅ နေရာအနက် ဖဆပလ အဖွဲ့ချုပ်က ၂၄၈ နေရာ (၉၅ ဒသမ ၃ ရာခိုင်နှုန်း) အနိုင်ရသည်။ ၁၉၄၇ ခုနှစ်  ဇွန်လ ၁၀ ရက်မှ ၁၈ ရက် အထိ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံကျင်းပရာ    နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူများကို ကိုယ်တိုင်တင်သွင်းခဲ့သည်။

၁၉၄၇ ခုနှစ်  ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ်  မသမာသူလူတစ်စု၏ လုပ်ကြံမှုဖြင့် လုပ်ဖော်ကိုင်ဖက်ဝန်ကြီး  ခြောက်ဦး၊ အတွင်းဝန် တစ်ဦး၊ သက်တော်စောင့် တစ်ဦးတို့နှင့်အတူ   ကျဆုံးခဲ့ပါသည်။ ။

(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး



(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး


အဖေ (၆-၁၁-၂၀၁၁  နေ့တွင် ကွယ်လွန်သွားခဲ့သော ယောက္ခမဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလွင်) ရေးသားခဲ့သော ဗိုလ်ချုပ်နှင့်သူ အမှတ်တရ ဆုံစည်းခဲ့ရသည့် ဖြစ်စဉ် (၄)ရပ်အပေါ်တွင် သမိုင်းအချက်အလက်အချို့ကို ဖြည့်စွက်ရေးသားဖော်ပြခြင်းဖြစ်
ပါသည်။                                                                                                                                                                                          (စာရေးသူ)

ကျွန်တော်အမှတ်ရနေသော ဗိုလ်ချုပ်
======================

ဒလဘန်း

(ယမန်နေ့မှအဆက်)
အပင်ပန်းဆုံး စစ်ရေးလေ့ကျင့်ရသည့်နေ့ ဗိုလ်ချုပ် စေတနာနှင့်ကျွေးသည့် ကိတ်မုန့်စားရသည်မှာ အဖေ့ အတွက် အမှတ်တရဖြစ်စေလှပါသည်။
မင်္ဂလာဒုံနှင့်မန္တလေးမှ သင်တန်းသားစုစုပေါင်း ၃၀၀ မင်္ဂလာဒုံစစ်သင်တန်းကျောင်း၌ ရှေးဦးစွာ အကြပ် သင်တန်းတက်ကြရသည်။ သုံးလပြည့်သင်တန်းဆင်းမှ အယောက် ၁၅၀ ကသာ ဗိုလ်သင်တန်းတက်ကြရသည်။ သင်တန်းထူးချွန်သူများထဲပါ၍ ဂျပန်ဘုရင့်စစ်တက္ကသိုလ် သို့ တက်ရောက်ရန် ရွေးချယ်ခံရသည်။ အဖေတို့စစ်ပညာ သင် ပထမအသုတ် အယောက် ၃၀ သည် ၁၉၄၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာကြရသည်ဟု အဖေ့မှတ်စုများအရ သိရပါ သည်။ မြန်မာပြည်ကို  ဂျပန်က လွတ်လပ်ရေးပေးသည့် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့သည် တိုက်တိုက်ဆိုင်ဆိုင်  အဖေတို့ဂျပန်စစ်တက္ကသိုလ်ကျောင်းဝင် အခမ်းအနားနေ့ ဖြစ်သည်။ ဂျပန်ရေမြေပတ်ဝန်းကျင်၌ အသားကျစေရန် ရှေးဦးစွာ  Orientation  သင်တန်းငါးလ တက်ရသည်။ ပြီးမှ  ပုံမှန် ၁၈ လ သင်တန်း  တက်ရောက်ကြရသည်။ သင်တန်းတွင် တရုတ်၊ ကိုရီးယား၊ မန်ချူး၊ မွန်ဂိုများလည်း ပါသည်။ သင်တန်းပြီးဆုံးသော်လည်း ကမ္ဘာစစ်ကြီးအခြေ အနေကြောင့် မြန်မာပြည်မပြန်နိုင်၍ ဟာကိုနေ (Hakone) ရေကန်နား မီးသွေးဖုတ်သည့်လုပ်ငန်းတစ်ခုတွင် ပါဝင် လုပ်ကိုင်ရင်း  နေထိုင်ကြရသည်။  စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်က အမေရိကန်ထံ လက်နက်ချကြောင်း စာချုပ်လက်မှတ်ထိုး၊ မြန်မာပြည်မှာလည်း လက်နက်ချ ကြောင်း   စက်တင်ဘာလ  ၆ ရက်နေ့တွင် တရားဝင် လက်မှတ်ထိုးပြီးမှ အမေရိကန်စစ်တပ်က  အဖေတို့ကို ဖိလစ်ပိုင်နိုင်ငံ   မနီလာမြို့ရှိ ဗြိတိသျှတပ်လက်သို့ လွှဲပြောင်းပေးပြီး British Intelligence Corp. က စစ်မေး သည်။ တစ်လခန့်အကြာ  စင်ကာပူသို့ရောက်  ထိုမှ တစ်ဆင့် မြန်မာပြည်သို့ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ကုန်ခါနီးတွင်မှ ပြန်ရောက်ကြသည်။


ဗြိတိသျှတို့အုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိ
ဂျပန်ပေးသည့် စစ်သင်တန်းတက်ပြီး မိမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ မြန်မာပြည်ကို အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သည့် ဂျပန်ကို အင်္ဂလိပ် မဟာမိတ်တပ်များနှင့် ဗမာ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ထုတ်ပြီး ဗြိတိသျှတို့အုပ်ချုပ်မှုအောက် ပြန်လည် ရောက်ရှိနေပေပြီ။
ဗြိတိသျှအစိုးရက  မြန်မာပြည်စစ်အုပ်ချုပ်ရေးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရုပ်သိမ်းကာ မြန်မာ ပြည်ဘုရင်ခံ Sir Dorman Smith သည်      Cleopatra စစ်သင်္ဘောဖြင့် ရန်ကုန်သို့  တရားဝင်ပြန်ရောက်လာပြီး ဘုရင်ခံနှင့်အတူ "စစ်ပြေးဆင်းမလားအစိုးရ" အဖွဲ့လည်း ပြန်လည်လိုက်ပါလာကြသည်။
မျိုးချစ်ဗမာ့တပ်မတော်ကလည်း နိုင်ငံရေးနှင့်မသက် ဆိုင်တော့၍ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ချုပ်က နုတ်ထွက်ခဲ့သည်။ ဗိုလ်ချုပ် ကိုယ်နှိုက်ကလည်း ဗြိတိသျှတို့က ကမ်းလှမ်းလာသည့် လက်ထောက်စစ်ရေးအရာရှိချုပ်ရာထူးကို ငြင်းပယ်လျက် မျိုးချစ်ဗမာ့တပ်မတော်ကလည်း နုတ်ထွက်ကာ နိုင်ငံရေး နယ်ပယ်သို့   ဝင်ခဲ့လေသည်။  ဇွန်လ ၂၆ ရက်နေ့တွင် ဖတပလကို ပြန်လည်ဖွဲ့စည်းလိုက်သည့် ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်
ဂျပန်မှ  အဖေပြန်လည်ရောက်ရှိပြီး  ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင်     ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ် ခံရကာ ပျဉ်းမနား သနက (၅)တွင် တာဝန်ထမ်းဆောင်ရသည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် မေမြို့၌ အရာရှိငယ်သင်တန်း တက်နေခိုက် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်တစ်ခုမှအပြန် မေမြို့သို့ ခေတ္တဝင်ရောက် နားမည့် သတင်းရကြသည်။ သင်တန်းသားထဲက  မူလ မျိုးချစ်ဗမာ့တပ်မတော်  (Patriotic Burmese Force)က အဖေတို့အရာရှိ ၃၀ခန့် အထက်မှ ခွင့်ပြုမိန့်တောင်းခံကာ ဗိုလ်ချုပ်ကို ဧည့်ခံခွင့်တောင်းကြသည်။      ခွင့်ပြုမိန့်ရ၍ ဗိုလ်ချုပ် ရောက်လာသည့်အခါကြိုဆိုပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်။ လက်ဖက်ရည်သောက်ရင်း ဗိုလ်ချုပ်နှင့် တရင်းတနှီး နှစ်နာရီခန့်ကြာအောင် ဧည့်ခံကာ စကားပြော ခွင့်ရလိုက်ကြသည်။  ထိုနေ့တွေ့ဆုံမှုကား  ဗိုလ်ချုပ်နှင့် ပထမဆုံး  နီးနီးကပ်ကပ်     တွေ့ဆုံခွင့်ရခြင်းဖြစ်သလို နောက်ဆုံးတွေ့ဆုံခြင်းလည်းဖြစ်သည်ကို   နောက်မှ သိရသည်။
အဖေတာဝန်ထမ်းဆောင်ရာ   သနက(၅) သည် ပျဉ်းမနားမှ  ပဲခူးသို့ပြောင်းသည်။  ဗြိတိသျှ Southern Command လက်အောက် Operation Flash Forces စစ်ဆင်ရေးတွင် တပ်မ (၁၇)နှင့် နယ်မြေထိန်း တာဝန်ယူရ သည်။ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖောင်တော်သီမြို့များရှိ ဆန်ဂိုဒေါင်များကို လုံခြုံရေးယူရသည်။ ဗိုလ်ချုပ်ဖြတ်သွား၊ ဖြတ်လာခရီးစဉ်များရှိသော်လည်း လူကိုယ်တိုင်မဆုံရပေ။ မိခင်တပ်ရင်း သနက(၅)က ပဲခူးမှတစ်ဖန်   ရန်ကုန်သို့ ပြောင်းရပြန်သည်။  ဂျပန်စစ်သုံ့ပန်းများရှိရာ အလုံထောင် ကြီးကိုလည်း အဖေ့တပ်ခွဲက  လုံခြုံရေးတာဝန်ယူရသည်။ အထွေထွေ သပိတ်မှာ ရဲများပါသွား၍ ဂတ်တဲသုံးခုကိုလည်း တပ်စုက တာဝန်ယူရသည်။
အထွေထွေသပိတ်ကြီး ပြီးဆုံးခဲ့
နိုင်ငံတော်အတွင်း အထွေထွေသပိတ်ကြီးက ဖြစ်နေ သည်။ Sir Dorman Smith  ဖွဲ့စည်းပေးထားသည့် ဘုရင်ခံ အမှုဆောင်ကောင်စီသည်    သပိတ်အရေးအခင်းများကို ဖြေရှင်းနိုင်ခြင်းမရှိသောကြောင့်     ဆာပေါ်ထွန်း ခေါင်းဆောင်သည့်အစိုးရ  ပြုတ်ကျပြန်သည်။ မြန်မာနိုင်ငံ ဘုရင်ခံ Sir Dorman Smith  တာဝန်များပြီးဆုံး၍ ဇွန်လ ၁၄ ရက်နေ့က ပြန်လည်ထွက်ခွာသွားခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့တွင်  Sir Hubert Rance  ဘုရင်ခံဖြစ်လာပြီး ရန်ကုန်သို့ စက်တင်ဘာလ ၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ  ၂၆ ရက်နေ့တွင်  ဘုရင်ခံ  Sir Hubert Rance  ၏ ဘုရင်ခံအမှုဆောင်ကောင်စီ(အစိုးရ ဝန်ကြီးအဖွဲ့)၌ပါဝင်ရန်      ဗိုလ်ချုပ်ကလက်ခံလိုက်၍ အမျိုးသား ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဘုရင်ခံ ၏ အမှုဆောင်ကောင်စီတွင် ဒုတိယဥက္ကဋ္ဌနှင့် ကာကွယ်ရေး နှင့်  နိုင်ငံခြားရေးတာဝန်တို့ကို    ဗိုလ်ချုပ်ကရယူခဲ့ပြီး ဦးဆောင်ကာ  သပိတ်ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်း ရာ အောက်တိုဘာလဆန်းတွင် အထွေထွေသပိတ်ကြီး ပြီးဆုံးခဲ့သည်။
ဗိုလ်ချုပ်ဦးဆောင်သော ဘုရင်ခံအမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့က  ဗြိတိသျှအစိုးရအနေဖြင့်   မြန်မာပြည် လွတ်လပ်ရေးနှင့်ပတ်သက်ကာ တိကျရှင်းလင်းသောအဖြေ ကို သတ်မှတ်ချိန် ဇန်နဝါရီလ  ၃၁ ရက်နေ့အတွင်း မပေး လျှင် ဗိုလ်ချုပ်၏အစိုးရအဖွဲ့  နုတ်ထွက်မည့်အကြောင်း ကြေညာချက်ထုတ်သည်။ ဗြိတိသျှဝန်ကြီးချုပ်  Atlee ၏ ဖိတ်ကြားချက်အရ လွတ်လပ်ရေးရရှိရေးကိစ္စများဆွေးနွေး ရန် အဖွဲ့ဝင် ၁၆ ဦး ပါဝင်သောအဖွဲ့ကို ဗိုလ်ချုပ်ခေါင်းဆောင် ကာ အင်္ဂလန်နိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထွက်ခွာ ခဲ့သည်။ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအပေါ် မူတည်ကာ သမိုင်းဝင် အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် ရေးထိုးနိုင်ခဲ့ကြ သည်။ ယင်းသို့ လက်မှတ်ရေးထိုးပွဲတွင် အဖွဲ့ဝင် သခင် ဗစိန်နှင့် ဂဠုန်ဦးစောတို့ မပါဝင်ခဲ့ပေ။
ပင်လုံစာချုပ်
မြန်မာပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်ကား မအားမလပ် တောက်လျှောက်ကြိုးပမ်းအားထုတ်သည်။ လွတ်လပ်ရေးရရှိရန်အတွက်    အလွန်အရေးကြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူသည့် “ပင်လုံစာချုပ်”ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦးတို့နှင့်အတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဗြိတိသျှရေတပ်လက်ထောက် ဗိုလ်ချုပ်မစ်ချယ်က စစ်ရေယာဉ် “မေယု” (H.M.S.FALE)ကို မေလ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရန်ကုန်မြို့တော်ခန်းမရှေ့၌ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံရေး ရှင်းတမ်း လူထုစည်းဝေးပွဲကြီးတွင် ဗိုလ်ချုပ်က   “တိုင်းပြုပြည်ပြု လွှတ်တော်”      ခေါင်းစဉ်ဖြင့်     မိန့်ခွန်းပြောကြားခဲ့ သည်။
အဖေငယ်စဉ်    အထက်တန်းကျောင်းသားဘဝ ကတည်းက  စံနမူနာယူ  လေးစားအားကျခဲ့ရသော လွတ်လပ်ရေးခေါင်းဆောင်တစ်ဖြစ်လဲ  တစ်ချိန်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ တိုင်းပြည် လွတ်လပ်ရေးရရှိရေး ကြိုးပမ်းအောင်မြင်မှုသတင်းများကို မိမိ တပ်တာဝန်များထမ်းဆောင်နေရာမှ  နားစွင့် ဝမ်းသာပီတိဖြစ်နေရစဉ် ဗိုလ်ချုပ်တို့ အတွင်းဝန်များရုံး၌ အမှုဆောင်ကောင်စီ အစည်းအဝေးပြုလုပ်နေစဉ်  လုပ် ကြံခံရသော ဝမ်းနည်းဖွယ်သတင်းကို အမှတ်မထင်  ၁၉ ဇူလိုင် ညနေ၌ ကြားလိုက်ရချိန် အဖေမယုံနိုင်အောင် ဖြစ်ခဲ့ ရသည်။ တုန်လှုပ်ချောက်ချား   ဝမ်းနည်းခြင်းကြီးစွာ ဖြစ်ရသည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ ဘုရင်ခံနှင့် တွေ့ဆုံပြီးအပြန်လမ်းတွင် သေနတ်ပစ်ခံရ၍ ဒဏ်ရာ ရကာ ဗိုလ်ချုပ်အပေါ်  အထင်လွဲမှားခဲ့သော ဦးစော၏ တပည့်များလက်ချက်ဖြင့် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်အချို့ ကျဆုံးခဲ့ရကြောင်း မကြာမီကြားသိရသည်။ ဦးစော၏ ကျန်းမာရေးသတင်းမေးရန် ဗိုလ်ချုပ်သည် သခင်နုနှင့် အတူ စက်တင်ဘာလ၂၇ ရက်နေ့က ဦးစောထံ ရောက်ရှိ ခဲ့ကြသေးသည်။

m စာမျက်နှာ ၆ မှ
ဗိုလ်ချုပ်ရုပ်ကလာပ်ကို စစ်အခမ်းအနားသဘောဖြင့် နောက်တစ်ရက်တွင် ဂျူဗလီခန်းမကြီးသို့  ပြောင်းရွှေ့ သယ်ယူပြီး လူထုဂါရဝပြုခံရန် ၁၉ ရက်နေ့ ညနေက ဝန်ကြီး ချုပ်ဖြစ်လာသောသခင်နုနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ကြ သည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည်နှင့် အဖေ့တပ်စုက ရန်ကုန်မြို့မြောက်ဘက်ထွက်ပေါက်၊ အင်းလျားကန် ယခုကြက်ကျွန်းနေရာတွင် လုံခြုံရေးကင်း တာဝန်ယူရ သည်။
ဗိုလ်ချုပ်ရုပ်ကလာပ်ကို စစ်အခမ်းအနားသဘောဖြင့် ဂျူဗလီခန်းမကြီးသို့ သယ်ယူရန်စဉ်းစားရာ တပ်ခွဲမှူးက အဖေ့တပ်စုကို အဆိုပါကိစ္စတာဝန်ယူဆောင်ရွက်ရန် တာဝန်ပေးသည်။
သူ့တွင်ရှိသော အကောင်းဆုံးယူနီဖောင်းတစ်စုံကို အဖေရွေးဝတ်ပြီး  ရဲဘော်များနှင့်အတူ  ဇူလိုင်လ ၂၀ ရက်နေ့ နံနက်စောစော  ဗိုလ်ချုပ်၏ တာဝါလိန်းအိမ်သို့ သွားကြသည်။ ဗိုလ်ချုပ်အိမ်ဝန်းကျင်တွင်     မျှော်လင့် မထားသော လူအုပ်ကြီးရှိနေ၍      လူထုကိုတောင်းပန်ပြီး အိမ်ဝင်းအတွင်းသို့  ခက်ခက်ခဲခဲ အဖေတို့  ဝင်ခဲ့ကြရသည်။
ဗိုလ်ချုပ်ရဲ့နောက်ဆုံးခရီး
ဗိုလ်ချုပ်ရုပ်ကလာပ်ကို ခြံတွင်းမှသယ်ထုတ်ယူရာတွင် ပရိသတ်များ  လမ်းတစ်လျှောက်ကြိတ်ကြိတ်တိုးနေ၍  ကန်တော်ကြီးလမ်းမပေါ်ရောက်မှ စနစ်တကျဖြစ်ပြီး မိမိ  ရောက်ရှိသည့်နေရာကို ကောင်းစွာမြင်ကြရသည်။ အဖေ့ တပ်စုက ဗိုလ်ချုပ်ရုပ်ကလာပ်၏ အရှေ့နှင့်အနောက်ဘက်မှ စောင့်ရှောက်လိုက်ပါရပြီး  ပြည်သူ့ရဲဘော်များက ကြားထဲ သို့ ဘေးမှတိုးဝင်လာသူများကို မေတ္တာရပ်ခံ တားဆီးဖယ်ရှား ကြရသည်။ သူတို့ချစ်သော ဗိုလ်ချုပ်ရုပ်ကလာပ်ကို ပြည်သူ များက   လမ်းတွင်  သယ်လိုကြသည်။ ထိုနေ့ ရာသီဥတုကား နေမပူ မိုးတစ်စက်မကျဟု အဖေ့မှတ်စုများမှာ တွေ့ရပါသည်။
ဂျူဗလီခန်းမရောက်သောအခါ အသင့်ပြင်ထားသော ခန်းမအတွင်းရှိစင်မြင့်ပေါ်သို့ ရုပ်ကလာပ်ကို နေရာချသည်။ ပြီးတော့ ရဲဘော်များနှင့်အတူ ဗိုလ်ချုပ်ကိုအလေးပြုကာ သနက(၅) တပ်ခွဲကလည်း လမ်းဘေးရဲဘော်များကို တပ်သို့ ပြန်နားစေပါသည်။ နေဝင်ပြီးမှ   အဖေတစ်ယောက်တည်း ဗိုလ်ချုပ်ကိုထိုင်ကန်တော့သည်။  အဖေ့နှုတ်က တိုးတိုးနှင့် လေးလေးရွတ်ဆိုလိုက်သည်က “ဗိုလ်ချုပ်ရဲ့ နောက်ဆုံးခရီး မှာ အခုလို ကျွန်တော့်ကို အမှုထမ်းခွင့်ပေးတာကို ဂုဏ်ယူ၍ ဆုံးနိုင်မည်မဟုတ်ပါခင်ဗျား”
ဗိုလ်ချုပ် မသမာသူတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရ သော်လည်း ဗိုလ်ချုပ်လိုလားတောင့်တ ကြိုးစားခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်ကျဆုံးပြီး ငါးလကျော် ကာလအကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ  ၄ ရက်နေ့တွင် မြန်မာပြည်သူတို့ ရရှိခံစားခဲ့ရပါသည်။
မှီငြမ်းကိုးကားစာရင်း
၁။ ဖိုးအောင်လေး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း
၂။ မြဟန် ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်
၃။ လွင်၊ ဦး
 လက်ရေးမှတ်စုများ
၄။ သမိုင်းသုတေသီ(၆)ဦး
 ဗိုလ်ချုပ်အောင်ဆန်း
 အတ်ထုပ်ပတ်တိ(စာမူ)

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့


မိုးသည် ရွာချည် စဲချည် ရှိခဲ့ပြီး၊ မိုးလုံးပတ်လည် အုံ့ဆိုင်း ညို့မှိုင်းနေသော နံနက်ခင်းသည်ကား မြန်မာ့ရာဇဝင် တွင်သာမက ကမ္ဘာ့ရာဇဝင်မှာပင် မှတ်တမ်းတင်ထားရ မည့်   ကြောက်မက်ဖွယ်ရာ   အဖြစ်ဆိုးကြီးတစ်ခုကို စောင့်မျှော်နေဘိသကဲ့သို့ ရှိလေ၏။ 
ထိုနေ့က အတွင်းဝန်များရုံး၌ ဘုရင်ခံ၏ အမှုဆောင် အစည်းအဝေးရှိလေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုဘုရင်ခံ၏အမှုဆောင်အဖွဲ့တွင် ဒုတိယ သဘာပတိ ဖြစ်သည်။ သို့ရာတွင် အောင်ဆန်း-အက်တလီစာချုပ် လက်မှတ်ရေးထိုးကြပြီးသည့် နောက်ပိုင်း၌ သဘာပတိ ဖြစ်သူ ဘုရင်ခံသည် အစည်းအဝေးများသို့ တက်ရောက် ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ သည်  မုချလွတ်လပ်ရေးရတော့မည်ဖြစ်ရာ  မြန်မာ့ တိုင်းရေးပြည်ရာတွင်     ဗြိတိသျှအာဏာပိုင်များက ဝင်ရောက်ခြယ်လှယ်ခြင်း မပြုတော့ပါဟူသော သဘော ကို ပြလိုသောကြောင့်တည်း။
ထိုသို့ဖြင့် အတွင်းဝန်များရုံး၌ ကျင်းပသော အမှု ဆောင်  အစည်းအဝေးတိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပင် သဘာပတိအဖြစ် ဆောင်ရွက်ရမြဲဖြစ်လေသည်။ ထိုနေ့ ကလည်း ဗိုလ်ချုပ်သည် ဘုရင်ခံ၏အမှုဆောင် အစည်း အဝေးသို့ သဘာပတိအဖြစ် တက်ရောက်ရန်  အဝတ် အစားဝတ်နေ၏။  ဗိုလ်ချုပ်သည်  ထိုနေ့က  စစ်ဝတ် စစ်စားကို မဝတ်။ ဘန်ကောက်လုံချည် သနပ်ခါးရောင်၊ မန္တလေးပိုးတိုက်ပုံအင်္ကျီ၊ သဲကြိုးအဖြူရောင် လေယာဉ် ပျံ  ဖိနပ်ကိုဝတ်သည်။ အိမ်မှအထွက်တွင် သမီးကလေး မမစုကို ယုယပိုက်ထွေးခဲ့သေး၏။
အစည်းအဝေးသို့သွားနေသော ဗိုလ်ချုပ်
နံနက် ၁၀ နာရီသာသာခန့်တွင် တာဝါလိန်းခြံကြီးထဲ မှ ဝူစလီကားကြီးထွက်လာလေသည်။ ကားပေါ်တွင်ကား  ဖဆပလအဖွဲ့ချုပ်ကြီး၏   ဥက္ကဋ္ဌ၊  တိုင်းပြုပြည်ပြု လွှတ်တော်အမတ်၊ ဘုရင်ခံ၏အမှုဆောင်အဖွဲ့ ဒုတိယ သဘာပတိ၊ အတိုင်ပင်ခံအစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ် သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် တည်ငြိမ်စွာ လိုက်ပါလာလေသည်။
ကျောင်းသားဘဝ၊ သခင်ဘဝ၊ ဂျပန်ခေတ်  ဗမာ့ တပ်မတော်  စစ်သေနာပတိချုပ်ဘဝ၊   တော်လှန်ရေး ခေါင်းဆောင်ကြီးဘဝ၊ လူထုခေါင်းဆောင်ကြီးဘဝ စသည်ဖြင့် ဘဝသက်တမ်းတစ်လျှောက်လုံး “မြန်မာ နိုင်ငံလွတ်လပ်ရေးရရမည်”ဟူသော   ရည်မှန်းချက် ကြီးဖြင့် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ် ခမျာမှာ  စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ်၊ “လွတ်လပ်ရေး… လွတ်လပ် ရေး…  မလွဲမသွေ မုချရရမည်” စိတ်ဇောဖြင့် မောပန်း နွမ်းလျ မျက်နှာများပင် အနည်းငယ်ချုံးကျလျက် ရှိပေ သည်။
ယခု သူကားဖြင့် ဦးတည်နေသည်မှာလည်း သူ၏ ဖဆပလအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဤလွတ်လပ်ရေး ကိစ္စကိုပင် အရေးတကြီး ဆွေးနွေးရန် အတွင်းဝန်များရုံး သူ့ရုံးခန်းရှိရာသို့ သွားနေခြင်း ဖြစ်သည်။
ဝူစလီကားကြီးပေါ်တွင်    တည်ငြိမ်လေးနက်စွာ လိုက်ပါလာသော ဗိုလ်ချုပ်၏ စိတ်ထဲတွင် နိုင်ငံတစ်နိုင်ငံ ၏ လွတ်လပ်ရေးကို ပြန်လည်ရယူရန်ကား မလွယ်ကူ လှကြောင်းကို စဉ်းစားကောင်း စဉ်းစားနေပေလိမ့်မည်။
သူသည် ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက် အသက် ၂၆ နှစ်သားအရွယ်လောက်တွင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲသည်   ပြည်ပအင်အားနှင့်  ပြည့်စုံသော   နိုင်ငံ တစ်ခုခု၏   အကူအညီကိုမရလျှင်   မအောင်မြင်နိုင် ကြောင်းကို  သဘောပေါက်မိသည့်အတွက်  မြန်မာနိုင်ငံ တွင်းမှ တရုတ်လူမျိုးယောင်ဆောင်၍ ထွက်ခဲ့လေသည်။ အမွိုင်မြို့၌ ဂျပန်ကိုယ်စားလှယ်များနှင့် ဆက်သွယ်မိ ရာက ဂျပန်ပြည်တွင် ဗိုလ်မိုးကြိုးခေါ် ကာနယ်ဆူဇူကီးနှင့် တွေ့ပြီး ဗမာ့လွတ်လပ်ရေးကို ပူးပေါင်း တိုက်ခိုက်ရန် ပထမ ဆုံးအကြိမ် ဆွေးနွေးခဲ့လေသည်။
အကွဲကွဲအပြားပြားဖြစ်နေမှုကို စည်းရုံးနိုင်ခဲ့
ထို့နောက် သွေးသောက်ရဲဘော် သုံးကျိပ်တို့နှင့်အတူ ဘီအိုင်အေခေါ်    ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို ဖွဲ့စည်းကာ ဂျပန်စစ်တပ်များ  အကူအညီဖြင့် မြန်မာနိုင်ငံ ကို   နယ်ချဲ့အင်္ဂလိပ်တို့လက်မှ  ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ သို့ရာတွင် ဂျပန်တို့ မြန်မာများကို  ညှဉ်းပန်းနှိပ်စက် ကြသည်ကို    တွေ့လာရသည့်အခါတွင်မူကား   ဗိုလ်ချုပ် အောင်ဆန်းသည်     ဂျပန်များပေးသည့်    ဟန်ဆောင် လွတ်လပ်ရေးကို လုံးဝ တန်ဖိုးမထားတော့ဘဲ ဂျပန်ရုပ်သေး အစိုးရ၏ စစ်ဝန်ကြီးမျက်နှာဖုံးကိုဆောင်းကာ ဂျပန်ဓား အောက်မှ အကွဲကွဲအပြားပြားဖြစ်နေသည့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအား  အောင်အောင်မြင်မြင်  စည်းရုံးခဲ့ လေသည်။ ထို့နောက်တွင်မူ   ပြည်သူ့အရေးတော်ပုံ ပါတီ၊ ကွန်မြူနစ်ပါတီ၊ ဗမာ့လက်နက်ကိုင်တပ်မတော် စသည် များကို ပူးပေါင်းစေပြီး တစ်ခုတည်းသော ယုံကြည်ချက် ဖြစ်သည့်    ဖက်ဆစ်ဂျပန်    တော်လှန်ရေးကြီးအတွက် ဖဆပလ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင်   ဖက်ဆစ်ဂျပန်များကို   ဗြောင်တော်လှန်ခဲ့ လေသည်။
အဆိုပါ ဗမာ့တော်လှန်ရေးအောင်မြင်မှုကြီးကို မဟာ မိတ်များကသာမက ကမ္ဘာတစ်ခုလုံးက  ပဲ့တင်ရိုက်ဟည်း ကောင်းချီးပေးခဲ့ကြ၏။ သို့ရာတွင် ဗိုလ်ချုပ် မျှော်မှန်း အားခဲ ထားသည့် လွတ်လပ်ရေးကြီးကိုကား မရနိုင်ခဲ့သေး ချေ။ တော်လှန်ရေးကြီးပြီးခဲ့သည့်နောက်     အင်္ဂလိပ်တို့၏ စက္ကူဖြူစီမံကိန်းကို   ဆက်လက်တိုက်ဖျက်ကာ    လုံးဝ လွတ်လပ်ရေးကို ရယူရန်အတွက် လွတ်လပ်ရေးကို အပြင်း အထန်လိုလား တောင့်တနေကြသော ပြည်သူလူထုကြီး တစ်ရပ်လုံးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စည်းရုံးနိုင်ခဲ့ပြီး ဖဆပလ အမျိုးသားတပ်ပေါင်းစုကြီးကို ဖွဲ့စည်းနိုင်ခဲ့ပေသည်။  ဖဆပလ   အလံတော်အောက်သို့ မြန်မာလူထုကြီးတစ်ရပ်လုံး  စည်းလုံးညီညွတ်လာသော အင်အားကြီးဖြင့် ယာယီအစိုးရဖွဲ့စည်းရန် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်ကို ရသည့်အခါတွင်မူကား ဗိုလ်ချုပ်သည် “လွတ်လပ်ရေး မရရင် ပြန်ချမယ်” ဟူသော ကြုံးဝါးချက်ဖြင့် လန်ဒန်မြို့သို့ သွားရောက်ခဲ့ပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပေသည်။
တစ်နှစ်အတွင်းလွတ်လပ်ရေးရစေရမယ်
ထို့နောက် ဗိုလ်ချုပ်သည် မြန်မာတိုင်းရင်းသားအားလုံး ညီညွတ်ရေးအတွက် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားလူမျိုးစုများအား ပင်လုံကွန်ဖရင့်ကြီးကျင်းပ ၍  စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက်   “တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်” ဆိုသော  ကတိပြုချက်ဖြင့် တိုင်းပြုပြည်ပြုလွှတ်တော်   ရွေးကောက်ပွဲကြီး၌  သူ၏ ဖဆပလ အဖွဲ့ဝင် အမတ်အားလုံးကို အနိုင်ရရှိစေခဲ့သည်။
ယခု အတွင်းဝန်များရုံး ဖဆပလ အတိုင်ပင်ခံအစိုးရအဖွဲ့ အစည်းအဝေးသို့ ကားဖြင့်သွားနေစဉ်တွင် ဗိုလ်ချုပ်သည်  အထက်ပါ သူ၏ကြိုးပမ်းမှုများကို ပြန်လည် စားမြုံ့ပြန်မိရင်း “တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်” ဟူသော ကတိ ကို အကောင်အထည် မည်သို့ဖော်ရမည်ကို စဉ်းစားလာပေ လိမ့်မည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံလွတ်လပ်ရေးကိုသာ အချိန်မလပ်စဉ်းစား ကြံစည်နေသူဖြစ်သောကြောင့်လည်း ထိုအချိန် ထိုအခါသမယက  သူ၏အသက်အန္တရာယ်ကို တိုင်းပြည်သစ္စာဖောက်လူတစ်စုက  သဲသဲမဲမဲ   ကြိတ်၍ အကြံကြီး ကြံစည်နေကြသည်ကို လုံးဝဂရုမစိုက်ခဲ့မိချေ။ ထိုကဲ့သို့ ကြံစည်နေကြခြင်းကို ဗိုလ်ချုပ်မသိ၍တော့မဟုတ်။ ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည် နေကြကြောင်း အစီရင်ခံစာတွေ အကြိမ်ကြိမ်ရခဲ့ဖူးသော် လည်း ဗိုလ်ချုပ်က “ကျွန်တော်တို့လို စေတနာသန့်သန့် ရှင်းရှင်းနဲ့   အဘက်ဘက်က    စင်ကြယ်တဲ့လူတွေကို သတ်မယ်ဆိုတာ   မဟုတ်နိုင်ပါဘူး။  ကျွန်တော်တို့ကိုသတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကို မသတ်ဘဲနေပါ့မလား။ ကျွန်တော်တို့က လူထုအစိုးရပါ” ဟု ပြန်ပြောခဲ့ဖူး၏။
ဗိုလ်ချုပ်သည် တိုင်းပြည်အပေါ်ဝယ်ထားရှိသော မိမိ စေတနာကို ယုံကြည်သူဖြစ်ရာ မိမိအသက်ကို မကြံစည် တန်ရာဟူ၍  ယုံမှတ်ခဲ့လေသည်။  သို့သော်  ဗိုလ်ချုပ်က တိုင်းပြည်ကို သစ္စာရှိသလောက် တိုင်းပြည်ကိုသစ္စာမဲ့တဲ့ သူတို့လည်း ရှိလေသည်။ ထိုသူတို့သည် လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်ဖြစ်သော ဗိုလ်ချုပ်ကို ချေမှုန်းသတ်ဖြတ် လိုကြသည်။ သဲကြီးမဲကြီးကြိတ်၍ ကြံစည်ခဲ့ကြသည်။
ဗိုလ်ချုပ် အစည်းအဝေးသို့ ရောက်ရှိချိန်နှင့် မရှေး မနှောင်းမှာပင်   အင်းလျားကန်စောင်း  အေဒီလမ်းထဲမှ မောင်းထွက်လာသော  အာစီ ၁၈၁၄ အမှတ်တပ် အစိမ်း ရောင် ဂျစ်ကားတစ်စီးသည် အတွင်းဝန်များရုံးဘက်ဆီသို့ ဦးတည်မောင်းနှင် လာလေသည်။ အဆိုပါ ဂျစ်ကားထဲတွင် ဂဠုန်ဦးစော၏ သြဇာခံဖြစ်သော လူသတ်သမားငါးဦးတို့ စီးနင်းလိုက်ပါလာကြ၏။ သူတို့သည်  မိုးကာအင်္ကျီ ကိုယ်စီခြုံထားကြပြီး   အတုန်လှုပ်ဆုံးမျက်နှာများနှင့် သူတို့သွားမည့်နေရာကို       စိတ်စောနေကြပုံရ၏။   ရက်စက်ခြင်း၊  ကြမ်းကြုတ်ခြင်း၊  ရိုင်းစိုင်းခြင်းတည်း ဟူသော လက္ခဏာဆိုးများ ယှက်သန်းနေသည်။ သူတို့ မျက်နှာထားများ မှာလည်း ပိုမိုခက်တရော်နေ၏။
စောစောက   တဖွဲဖွဲရွာ   စွေနေသောမိုးသည် တစ်စတစ်စနှင့် သည်းထန်လာလေပြီ။
အကယ်စင်စစ်    မြေအစ   မိုးအဆုံး    ညှိုးချုံး ရိုက်ဟည်း   ငိုညည်းသံဝေရမည့်  အချိန်သို့  ရောက်လု နီးလာပြီ ဖြစ်သတည်း။
အစည်းအဝေး စတင်ကျင်းပကြပြီ
ဤကဲ့သို့ အစိမ်းရောင်ဂျစ်ကားဖြင့် လူသတ်သမား ငါးဦးတို့က   အတွင်းဝန်များရုံးဘက်သို့   ရှေးရှုလာနေ ကြစဉ်  အချိန်မှာပင်  အတွင်းဝန်များရုံးထဲရှိ  ဗိုလ်ချုပ် အောင်ဆန်း၏    အစည်းအဝေးခန်းမထဲ၌လည်း ဗိုလ်ချုပ်နှင့်တကွ အပေါင်းပါ ခေါင်းဆောင်ကြီးများသည် အမှုဆောင်အဖွဲ့ဝန်ကြီးများအစည်းအဝေးကို  စတင် ကျင်းပနေဆဲဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်း၏ အစည်းအဝေးခန်းမဆောင် သည် အတွင်းဝန်များရုံး၏ အနောက်ဘက်ဆောင်တွင် ရှိသည်။  အစည်းအဝေးစားပွဲသည်  ခန်းမဆောင်၏ တောင်ဘက်ကျကျတွင်ရှိသည်။ ဗိုလ်ချုပ်သည်  စားပွဲ ထိပ်၌ နေရာယူပြီး ဗိုလ်ချုပ်၏ ဘယ်ဘက်တွင်  ဦးဘ ဂျမ်း၊   ဦးအောင်ဇံဝေ၊   ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွား ကြီး  စဝ်စံထွန်းတို့  ထိုင်ကြသည်။ ညာဘက်တွင်  သခင် မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဘချို တို့ထိုင်ကြသည်။   အမှု ဆောင်အဖွဲ့၏   အတွင်းဝန် ဦးရွှေဘော်၊ သယ်ယူပို့ဆောင် ရေးဌာန ဒုအတွင်းဝန် ဦးအုန်းမောင်တို့လည်း    အစည်း အဝေး၌ကူညီရန် အဆင်သင့်ရှိကြသည်။
အစည်းအဝေးစားပွဲကြီးမှာ    စားပွဲရှည်သုံးခုကို ထောင့်ချိုး(ဂ)ပုံသဏ္ဌာန် သုံးဖက်ပိတ်၍ တစ်ဖက်ဖွင့်ပြီး ဆက်ထားခြင်းဖြစ်၏။   ထိပ်ဆုံးစားပွဲ၏အလယ်၌ ဗိုလ်ချုပ်အောင်ဆန်း        နေရာယူထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်၏  ဘယ်ဘက်တွင်  ထိုင်နေသော လမ်းပန်း အဆောက်အအုံနှင့်    ပြန်လည်ထူထောင်ရေးဌာန ဝန်ကြီး ဦးဘဂျမ်းသည် ဗိုလ်ချုပ်မျက်နှာကို မကြာခဏ အကဲခတ် လျက်ရှိ၏။ ထိုနေ့က ဝန်ကြီး ဦးဘဂျမ်းသည် နေထိုင် မကောင်းလျက်နှင့်   သတင်းထူးတစ်ခုကို ဝန်ကြီးများ အစည်းအဝေးတွင်  တင်ပြချင်လွန်းသဖြင့်  ကြိုးစား၍ တက်ရောက်လာခြင်းဖြစ်၏။
လွတ်လပ်ရေးကို အသက်သွေးစတေးပေးခဲ့
ထိုသတင်းထူးကား အခြားမဟုတ်၊ ဂဠုန်ဦးစော တို့အဖွဲ့သည် ဘရင်းဂန်း  အလက် ၂၀၀ ကို စစ်တပ်မှ မလိမ့်တပတ်လုပ်၍  ထုတ်ယူသွားပြီး  လက်နက်ဖြင့် အာဏာသိမ်းရန်   ကြံစည်နေသည့်  သတင်းပင်တည်း။ ဝန်ကြီး   ဦးဘဂျမ်းသည်  ထိုနေ့က   အစည်းအဝေး၌ ထိုသတင်းကို ဖွင့်ပြောမည်ဟု  ဆုံးဖြတ်ထားပြီးဖြစ်၏။ သို့သော် သူ၏အကြံအစည်မှာ နောက်ကျသွားလေပြီ။
အတွင်းဝန်များရုံးမှ  နာရီသည်  ၁၀ နာရီခွဲတွင် ပြလျက် ရှိပြီ။ ထိုအချိန်မှာပင် အမှတ် ၁၂ တပ်မတော် ယူနီဖောင်းအစိမ်း၊ ခြင်္သေ့ပခုံးချိတ်၊ တောဆောင်းဦးထုပ် ပျော့ဆင်ထားသော လက်နက်ကိုင် လူ လေးယောက် တို့သည် အော်တို မက်တစ် မောင်းပြန်စစ်သေနတ်များကို အဆင်သင့်ကိုင်လျက် ဗိုလ်ချုပ်တို့ အစည်းအဝေးခန်းမထဲ သို့ လှေကားမှ အပြေးတက်လာကြ၏။ ထို့နောက် အခန်း တွင်းသို့ ဝင်မည် ပြုသည်။ မင်းစေ မောင်သောင်းဖေက အခန်းဝမှတား၏။ လက်နက်ကိုင် လူသတ်သမားတို့၏ မျက်နှာများသည် သုန်မှုန်နေသည်။  မင်းစေကို   သေနတ် နှင့်  ချိန်သည်။ တွန်းဖယ်ပစ်သည်။ ထို့နောက် အစည်း အဝေးခန်းတံခါးကို  တွန်းဖွင့်၍  အခန်းတွင်းသို့  ဇွတ် အတင်း ပြေးဝင်သွားကြ၏။
ဗိုလ်ချုပ်သည် လူသတ်သမားများကို မြင်လိုက် သည်နှင့် တစ်ပြိုင်နက် ဗြုန်းခနဲထ၍ မတ်တပ်ရပ်လိုက် သည်။ တစ်ချိန်တည်းမှာပင် သေနတ်သံများ တစ်ခဲနက် ဆူညံသွားကာ ကျည်ဆန်တို့သည် အစည်းအဝေးခန်း အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီး ခြောက် ဦးတို့၏ ကိုယ်တွင် အနှံ့အပြား   ဖောက်ထွင်းဝင်ကုန်ကြ သည်။  ဗိုလ်ချုပ်အောင်ဆန်းသည် လူမသမာတို့ ပစ်ခတ် လိုက်သော  သေနတ်ဒဏ်ရာ   ၁၃  ချက်ဖြင့်  ထိုနေ့  ထိုနေရာမှာပင်  ကျဆုံးခဲ့ရလေသည်။
ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် သူတို့ ရည်မှန်းခဲ့သော လွတ်လပ်ရေးကြီးကို သူတို့ အသက် သွေးဖြင့် စတေး၍ ပေးအပ်ခဲ့ခြင်းပင်ဖြစ်သတည်း။
 ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့။
 ရန်ကုန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်း  ရေးကော်မတီ၊ ၁၉၆၃။ စာ ၃−၁၀
Videos