Latest News

Thursday, December 21, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၈)


ချီဂွေဗာယား
သူ့ဘ၀ သူ့တော်လှန်ရေး
••••••••••••••••••••
(၈)
ပန်းနာရင်ကြပ် ကြောင့် အန်နက်စတီရို သည်အသက် ၉ နှစ် အရွယ်မတိုင်ခင် ကျောင်းကို
မှန်မှန် မတက်နိုင်ခဲ့ရှာပေ။ စီလီယာကသာအိမ်တွင် အရေး အဖတ်ကို စိတ်ရှည်လက်ရှည် သင်ပြပေးခဲ့ရသည်။ မိခင် ဖြစ်သူအား အန်နက်စတီရိုက အထူး သံယောဇဉ်ကြီးခဲ့ရသည်မှာလည်း အဆန်းတော့ မဟုတ်
ပေ။ ထို့ အတွက်လည်းစီလီယာ ကွယ်လွန်ခဲ့သည့် ၁၉၆၅ အထိ ချီ နှင့်စာအဆက်အသွယ် ပြတ်သည်ဟူ၍ မရှိခဲ့ခြင်းလည်း ဖြစ်သည်။ တကယ်တမ်း ပြောရကာအန်နက်စတိုသည် အသက် ငါးနှစ် အရွယ်
လောက်ကစ၍ မိခင်၏ စရိုက် လက္ခဏာများစတင် ထင်ဟတ်လာသည်ဟု ဆိုရမည် ဖြစ်
ပေသည်။ အန္တရာယ်ကို အမှုမထားသည့်အရာတွင်၎င်း အစဉ်အလာကို ပုန်ကန်ချင်သည့်
နေရာတွင်၎င်း ဆုံးဖြတ်ချက်ချပြီး မပြင်တတ်ပဲခေါင်းမာသည့် အရာတွင်၎င်း ထပ်တူထပ်မျ
တူညီလာခဲ့သည်။ အမေ က အန်နက်စတီရို၏ဖေးဘရိတ် ဖြစ်လာသလို သူ၏ အဒေါ် အပျိုကြီး
ဖြစ်သူ ဘီးထရဇ် နှင့် အဖွား အင်နာ အစ္စဘဲလ်အားလည်း အရမ်း ချစ်သည်ဟု ဆိုသည်။ ဘီးထရဇ်ကလည်း အန်နက်စတီရိုအား အလိုလိုက်ကာ ပူဆာသမျ အကုန် ၀ယ်ပေးခဲ့သည်။ အန်
နက်စတီရိုက ဘီးထရဇ် ထံ ပထမဆုံးရေးသောစာတွင် သူ၏ ရောဂါ သက်သာလာခဲ့ပြီဟု
ဖေါ်ပြထားခဲ့သည်။ ထိုစဉ်က ငါးနှစ်သားအရွယ်ရှိ အန်နက်စတီရိုက သူ၏ အိမ်နာမည်
"တီတီး" ဟု စာအဆုံးတွင် လက်မှတ်ထိုးထားသည်။

အန်နက်စတီရို၏ ပန်းနာ က မိသားစုအတွက်အမြဲလို စိုးရိမ်သောက ပွားနေရသည်။
ရောဂါ အနေအထားကို အတိအကျ သရုပ်ခွဲနိုင်ရန် မိဘများက သူ၏ နေ့စဉ်လှုပ်ရှားမှု၊ ရာသီဥ
တု စွတ်စိုထိုင်းမှိုင်းမှု၊ ၀တ်သည့် အ၀တ်အစားနှင့် စားသည့် အစားအစာကအစ နေ့စဉ်လို
မှတ်တမ်း ပြုစုထားခဲ့ကြသည်။ သူ၏ အိပ်ယာခင်းအား လဲပေးခြင်း၊ ခေါင်းအုံး၊ စောင်များ၊
နှင့် အခန်းထဲရှိ ပြတင်းပေါက် လိုက်ကာများ၊ကော်ဇောများပါ လဲလှယ်ပေးခြင်း။ နံရံများအား
ဖုန်သုတ်ပေးခြင်း များ အမြဲလို ပြု လုပ်ပေးခဲ့သည့်အပြင် အိမ်မွေးတရိစ္ဆာန်များကိုလည်း မွေးမြူခြင်း မပြုကြတော့ပေ။

ဤသို့ အမျိုးမျိုး အဖုံဖုံ ဆန်းစစ်ခဲ့ကြပေမယ့် အန်နက်စတီရို၏ ပန်းနာသည် ပုံစံ မမှန် ဖြစ်ချင်လျင် ဖြစ်
လာတာမျိုးဟုသာ ကောက်ချက်ချခဲ့ကြရသည်။သူတို့ လုပ်နိုင်သည့် နည်းလမ်းကတော့ မဖြစ်
အောင် အတတ်နိုင်ဆုံး ထိန်းဖို့ ကြိုးစားရန်သာရှိတော့သည်။ ကလေး က ရေကူး ပြီး ပြန်လာ
သည့် အခါတိုင်း ရောဂါ သက်သာသလို ရှိသည်ကို တွေ့ရ၍ ဆီယပ်စ် ဟော်တယ် ရေကူး
ကလပ်သို့ အဖွဲ့ဝင် အဖြစ် ၀င်ရောက်ခဲ့ကြပြန်သည်။ ငါး ကို မက္ဈေးမိရန်လည်း တင်းကျပ်စွာ
ရှောင်ကျဉ်ခဲ့ကြသည်။ ရောဂါ ဖေါက်လာသည့်အခါတိုင်း အစားအသောက်ကို အထူးသတိ
ထား က္ဈေးခဲ့သည်။ အန်နက်စတီရိုကလည်းမည်သို့မျ စောဒကာမတက်ပဲ မိဘများ၏ စကား
ကို နားထောင်ပြီး လိုက်လုပ်ခဲ့သည်။

သို့သော် ရောဂါသက်သာနေသည့် အချိန်များတွင်တော့ တထိုင်တည်းနှင့်ပင် အမြောက်အများ စားပြစ်တတ်သည်။ရောဂါ အနေအထားကြောင့် တခါတရံတွင်အိပ်ယာပေါ်၌ ရက်ပေါင်းများစွာ လဲလျောင်းနေ
ရသည့် အခါမျိုးလည်း ရှိပြန်သည်။ ထိုအချိန်များတွင် အန်နက်စတီရိုက နာရီပေါင်းများစွာ တဦး
တည် စာအုပ်များ နှင့် အဖေါ်လုပ်ရတတ်ပြီး.တခါတရံ အဖေဖြစ်သူနှင့် စစ်တုရင် ကစား
တတ်သည်။ ရောဂါ ကင်းစင်သည့် အချိန်မျိုးတွင်တော့ သူရဲ့ ခန္ဓာကိုယ် ကို အနားပေး
သည်မရှိပဲ ဘောလုံးကန်ခြင်း၊ စားပွဲတင်တင်းနစ် ကစားခြင်းနှင် ဂေါက်သီးရိုက်သည်ပါ
မကျန် အကုန် လျောက်လုပ်လေတော့သည်။

မြင်းစီးသင်ခြင်းနှင့် သေနတ်ပြစ်ကိုပါ မြို့ ရှိ သေနတ်ပြစ်ကွင်းတွင် သွားရောက်လေ့ကျင့်ခဲ့သည်။
ဆီးယတ်ဟိုတယ်ရှိ ရေကူးကန်တွင်သာမကမြို့ အနီးအနားရှိ ချောင်းများတွင်ပါ ရေသွားကူး
ခြင်း နှင့် တောင်တက်ခြင်းများပင် ပြုလုပ်ခဲ့သည်။

ဖခင်က မလုပ်ရန် အမျိုး မျိုး တားခဲ့သော်လည်းမိခင် စီလီယာက အားပေးအားမြှောက် ပြုခဲ့
သည်။ သို့မှသာ ကလေး အဖို့ အခြားကလေးများနှင့် တန်းတူ ကြီးထွား ရှင်သန်နိုင်မည်ဟု
သူမ က အတိုက်အခံ လုပ် ပြောခဲ့သည်။ ထိုသို့ လုပ်နေရင်း တခါတရံတွင် ချောင်းတဟွတ်
ဟွတ်နှင့် ရောဂါဖေါက်လာသည့်အခါမျိုးတွင်လမ်းပင် မလျောက်နိုင်တော့သဖြင့် သူငယ်ချင်းများက ၀မ်းလျားမှောက်ကြီး ချီပိုး ပြန်ခေါ်လာခဲ့ရသည်။ သို့သော်လည်း ထိုသို့ ဖြစ်သွား၍ နောက်
တွင် သတိထားမည်ဟူ၍ကားမရှိပဲ နေကောင်းလာသည်နှင့်အမျ လုပ်မြဲ အတိုင်း ပြန်လုပ်ပြန်
သည်။ ထိုအခါ အဖေက မြည်တွန်တောက်တီး အမေ လုပ်သူက ကာဆီးကာဆီး
နှင့် နောက်ဆုံးတွင် အဖေက လက်မြှောက်အရှုံးပေးလိုက်ရသည့် အနေအထား ရောက်
လာခဲ့ရသည်။

အန်နက်စတို ဂွေဗာယား လင့်ခ်ျ က သားအကြီးကို စည်းကမ်းတကျ ဆုံးမသွန်သင်နိုင်ခဲ့
စွမ်း တခါဖူးမျ မရှိခဲ့ပေ။ စီလီယာ ကလည်း ထိုသို့ မကြိုးစားခဲ့။ ထို့အတွက် ကလေးက အသက်
အရွယ်ရလာသည့်နှင့်အမျ မိဘစကား နားမထောင်ပဲ ထင်ရာစိုင်းလာတတ်သည်။ မိဘများ
မကြိုက်တာ လုပ်မိမှန်း သိသည့်အခါ မျိုးတွင်အိမ်ပြန်မလာတော့ပဲ မြို့ ပြင်ရှိ တောထဲ သွား
နေတတ်ပြီး မိဘများက သူ့ အတွက် စိုးရိမ်ပူပန်လာသည့် အချိန်မျိုးမှသာ ပြန်လာလေ့ရှိသည်။

ထိုအခါ မိဘများကလည်း စိုးရိမ်စိတ် မွှန်ထူနေကြသောကြောင့် သူ ကျူးလွန်သော ပြစ်မှု ကို ပြောရန်ဆိုရန်ကိုမေ့လျော့ကုန်ကြပေတော့သည်။ သို့သော် သူနှင့် တလမ်းတည်းနေခဲ့သော သူငယ်ချင်းဖြစ်
သူကမူ တောထဲ သွားနေခြင်းသည်အိမ်တွင် သူ့ မိဘမျုား စကားများ ရန်ဖြစ်ကြ၍ဟု ဆိုသည်။
မိသားစု များနှင့် မိတ်ဆွေများကလည်း စီလီယာနှင့် အန်နက်စတို ဂွေဗာယား လင့်ခ်ျ တို့
အဲလ်တာ ဂါစီယာတွင်နေစဉ် အမြဲလို အော်ဟစ်ရန်ဖြစ်လေ့ရှိသည်ဟု ပြောခဲ့ကြသည်။ နှစ်
ယောက်စလုံးက စိတ်ဆတ်သူများချည်းလဲ ဖြစ်သည်။ စီးပွားရေး အခြေအနေ အတော်လေး
ဆိုးလာရခြင်းကလည်း ရန်ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် တခု အပါအ၀င်ဖြစ်
သည်။ သို့သော် စီလီယာ၏ အရင်းနှီးဆုံး မိတ်ဆွေများကမူ အန်နက်စတို ဂွေဗာ
ယာ လင့်ခ်ျ သည် အခြားမိန်းမများနှင့် ခြေရှုပ်လာခြင်းကြောင့်ဟု ပြောကြသည်။ အဲလ်တာ
ဂါစီယာ လို မြို့ ငယ်ကလေးတွင် ထိုသို့သောကိစ္စမျိုးက မည်သို့မျ ဖုန်းကွယ်ထားဖို့ မဖြစ်နိုင်
ပေ။ ထိုအချိန်က လင်မယား ကွာရှင်းပြတ်စဲခြင်းသည် အာဂျင်တီနားတွင် တရားမ၀င်သေး
သောကြောင့်၎င်း။ ကလေးများ၏ မျက်နှာကိုထောက်ထားနေ၍၎င်း ဆက်လက် ပေါင်းသင်း
နေခဲ့ကြခြင်း ဖြစ်ဟန်ရှိသည်။

အန်နက်စတီရို အဖို့ အိမ်တွင်သာ နေပြီး ထင်တိုင်း ကျဲနေနိုင်ခွင့်က တနေ့တွင် အပြီးအပိုင်
ရပ်ဆိုင်းသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မြို့ရှိ ပညာရေး အာဏာပိုင်များ အိမ်သို့
ပေါက်ချလာကြပြီး ကလေးအား ကျောင်းသို့လွှတ်ရန် အမိန့်ပေးလာခဲ့ခြင်းကြောင့်ပင်
ဖြစ်သည်။ ကလေးက ယခုအခါ ကိုးနှစ်အရွယ်ရောက်နေပြီ ဖြစ်သဖြင့်လည်း စီလီယာ အဖို့
ဘာမှ မတတ်နိုင်တော့ပေ။ သူမ အိမ်တွင် သင်ကြားပေးထားသောကြောင့် ရေးနိုင် ဖတ်နိုင်နေပြီ
ဖြစ်သဖြင့် အာဂျင်တီနား၏ ပညာရေးစနစ်အရပထမတန်း နှင့် ပထမတန်းကြီးကို တက်ရန် မလိုတော့ပေ။ ထို့ အတွက် ၁၉၃၇ မတ်လတွင်Escuela San Martin ကျောင်းတွင် ဒုတိယတန်းကို စတင် တက်ရောက် သင်ကြားခဲ့သည်။ အတန်းဖေါ်များထက် အန်နက်စတီရိုက တနှစ်ခန့် ပိုကြီးနေပေသည်။

စာသင်နှစ်၏ ပထမ နှင့် ဒုတိယ ပိုင်း အတွက်ရီပို့ကပ်ဒ် ထွက်လာသည့်အခါ
သမိုင်း ဘာသာရပ်ကို ဂုဏ်ထူးဖြင့် အောင်မြင်ပြီး အခြားဘာသာရပ်များ ဖြစ်သော သဘာဝ
သိပ္ပံ၊ အရေး အဖတ်၊ ပထ၀ီ၊ ဂျီသြမေတြီ နှင့်စာရိတ္တ တို့တွင် ပုံမှန် တိုးတက်မှု ရှိကြောင်း
မှတ်ချက်ချခံခဲ့ရသည်။ ပုံဆွဲ၊ အားကစား၊ ဂီတနှင့် အက တို့တွင် အနည်းငယ်သာ စိတ်ဝင်
စားသည်ဟု ဆိုသည်။ အနေအထိုင် လည်း တလျောက်လုံး ကောင်းသည်ဟု
ဆိုသည်။ သို့သော် စာသင်နှစ် တတိယပိုင်းတွင်မူ "ချို့ယွင်းမှုရှိနေ"ဟူသော မှတ်ချက်ထွက်
လာခဲ့သည်။ ဤသည်ကား ကျောင်းသူ၏ အတန်းပိုင်ဆရာမ နှင့် ကျောင်းအုပ်ကြီး
ဖြစ်သူ အဲလ်ဘာ ရိုစီ ဒီ အိုဗီယေဒို ဇဲလာယာ ကအန်နက်စတီရိုအား ကောင်းစွာ မှတ်မိနေသူ
ဖြစ်သည်။ အန်နက်စတီရိုသည် ကျောင်းတွင်ဘရုတ်ကျသူ တဦး ဖြစ်သော်လည်း ညဏ်
ကောင်းကြောင်း၊ သို့သော် ပညာရေးပိုင်းတွင်ထူးထူးခ္ဈန်ခ္ဈန်မရှိ ဟု ပြောပြခဲ့သည်။ သို့သော်
ကစားကွင်း တွင်မူ သူ၏ ခေါင်းဆောင်နိုင်မှု အရည်အသွေးကို ပြနိုင်သူတဦး ဖြစ်သည်ဟု
ဆိုသည်။ နောက်နှ်စ်ပေါင်းများစွာ အကြာတွင်ချီ က သူ၏ ဒုတိယ ဇနှီး ဖြစ်သူ အယ်လီဒါ အား
အဲလ်ဘာ ရိုစီ သည် လွန်စွာ စည်းကမ်းကြီးသူဖြစ်ပြီး သူ့အားလည်း အမြဲလို ရိုက်နှက်လေ့ရှိ
ကြောင်း ပြောပြခဲ့သည်။ တနေ့တွင် သူကို့ရိုက်တော့မည်မှန်း သိ၍ ဘောင်းဘီထဲတွင်
အုတ်ခဲညှပ်ထားခဲ့ရာ ဆရာမ လက် နာသွားခဲ့ရသည်ဟု ဆိုသည်။

အန်နက်စတီရိုက အမှတ်သည်းခြေ မရှိသူဟုဆိုရမည် ဖြစ်သည်။ အစွမ်းအစ လည်း ထုတ်
ဖေါ် ပြသတတ်သူ တဦး ဖြစ်သည်။ လုပ်ချင်စိတ်ရှိ၍သော်၎င်း သို့တည်းမဟုတ် သူ၏ ကျန်းမာ
ရေး ချို့တဲ့မှု ကို အထင်သေးမည်စိုး၍သော်၎င်းမည်သည့် အကြောင်းအရာ ကို မဆို သူများနှင့်
ယှဉ်ပြိုင်ရမည်ကို လက်မတွန့်သည့်အပြင် လူကြီးများ နှင့် အခြားရွယ်တူ ကျောင်းသားများ
အထိတ်တလန့် ဖြစ်အောင် လုပ်ပြတတ်ပြီး လူများ၏ အာရုံစိုက်လာအောင် ပြုလုပ်တတ်သူ
လည်း ဖြစ်သည်။ မှင်အိုးထဲက မှင်များကိုသောက်ပြခြင်း၊ မြေဖြူ ကို ၀ါးစားပြခြင်း နှင့်
ကျောင်းဝင်းထဲရှိ သစ်ပင်များကိုပါ တက်ပြတတ်သည်ဟု ကျောင်းနေဖက်များက ပြောပြ
ခဲ့ကြသည်။ ချောင်းကို ဖြတ်ဖေါက်ထားသည့်မီးရထားသံလမ်း တံတားဘောင်ပေါ်မှပင်
လက်နှင့် တွဲလွဲခိုပြခဲ့ဖူးသည်။ လူသူကင်းမဲ့ပြီး စွန့်ပြစ်ထားသည့် သတ္တု တွင်းဟောင်းများ
အကြားလည်း လျောက်သွားတတ်သည်။ သူငယ်ချင်းများနှင့် အတူ မြို့ ကိုပါတ်ပြီး လမ်းမီး
တိုင်များကို လေးဂွနှင့် ပြစ်ခွဲခဲ့ပြန်သည်။

တရက်တွင် အန်နက်စတီရို နှင့် သူငယ်ချင်းဖြစ်သူ ဂ္ဈမ် မီဂပ်စ် တို့ နှစ်ဦးက မြို့ ရှိ အခြား
ပြို်င်ဖက် အုပ်စုမှ ကောင်လေးများနှင့် အလောင်းအစား လုပ်ကာ အနိုင်ရခဲ့ဖူးသည်။ လုပ်သည့်
အလောင်းအစားက သူ့ မိဘများပိုင် စန္ဒယားကြီး၏ ဆင်စွယ်ရောင် ခလုတ်များပေါ်တွင် အီး
တက်ယိုပြရခြင်းပင် ဖြစ်သည်။ တခါတွင်လည်းအိမ်နီနားချင်းတဦးမှ ဒင်နာပါတီ ပေးနေသည်
ကို သူ့အိမ် ပြတင်းပေါက်မှ မီးရှုးမီးပန်းများကြဲချ လိုက်သဖြင့် ဧည်သည်များ စားနေရင်းတန်းလန်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရဖူးသည်။

အန်နက်စတီရိုကြောင့် မိဘများ နာမည်ပျက်ခဲ့ရသော်လည်း သုတို့ နည်း သူတို့ဟန်ဖြင့် ပျက်ခဲ့
ရသည်များလည်း ရှိသည်။ ၎င်းတို့ မိသားစုကအများသူငှာ နှင့် မတူပဲ စိတ်လွတ်ကိုယ်လွတ်
နေထိုင်တတ်ကြသူများဟုလည်း ကျော်ဇောခဲ့သည်။ အိမ်တွင် လူမှုရေး အရ ဆောင်
ရန် ရှောင်ရန်များကိုလည်း အလေးထားသည့်အခါမှသာ ထားတတ်ပြန်သည်။ ညစာ စားချိန်
လ္ဘက်ရည်ချိန်တို့ တွင် ရောက်လာတတ်သောအိမ်နီးနားချင်း ကလေးများကိုလည်း သူတို့နှင့်
အတူ အတင်းဝင်စားခိုင်းတတ်သည်။ သူတို့စားသောက်စားပွဲတွင်ကား အစားအစာကား
အမြဲလို ပိုလျံ နေတတ်ပြန်သည်။ ကလေးများကလည်း တွေ့ရာလူများနှင့် အပေါင်းအသင်း
လုပ်ကြပြန်သည်။ အဲလ်တာ ဂါစီယာတွင်အောက်တန်းစားများဟု သတ်မှတ်ထားသူများ
ပါ မကျန် အရောတ၀င် လုပ်ခဲ့ကြသည်။

စီလီယာက မြို့ရှိ အမျိုးသမီးထုအကြားတွင်လွတ်လပ်စွာ တွေးခေါ်တတ်သူတဦး အဖြစ်
စံပြ ဖြစ်လာခဲ့သည်။ စီးကရက် ပါးစပ်ဖျာျးတွင်ချိတ်ပြီး ဘောင်းဘီရှည်ဝတ်ကာ ကားမောင်းနေ
သော စီလီယာက မြို့ ရှိ အမျိုးသမီး အသိုက်အ၀န်းကို တိုက်ရိုက် စိမ်ခေါ်နေသလို ဖြစ်လာ
ခဲ့ရသည်။

သို့သော် စီလီယာ၏ ရကိရောတတ်မှုနှင့် ဆွေဂုဏ်မျိုးဂုဏ်တို့ကြောင့် ဗြောင်ကျကျ
ပြောဆိုခံခဲ့ရခြင်းမရှိခဲ့ပေ။ သူမက မိတ်ဆွေအပေါင်းအသင်းများကို ကော၊ ကလေးများ
ကျောင်းပိုကျောင်းကြိုရာတွင်၎င်း ၁၉၂၅ ခုနှစ်ထုတ် Maxwell အမိုးဖွင့်ကားကြီးဖြင့် တင်
ဆောင်မောင်းနှင်ကာ မြို့ ထဲတွင် သွားလာတတ်သည်ကို တွေ့မြင်နေကျ ဖြစ်၍ နေပေပြီ။
ကျောင်းရှိ ကလေးများကို နေ့စဉ်လို နွားနို့တခွက် အကုန်အကျ ခံ၍ တိုက်သည့် အလေ့
အထကို စတင်ခဲ့သူဟု လည်း ပြော၍ ရပေသည်။ နောက်ပိုင်း မြိုရှိ ပညာရေး ဘုတ်အဖွဲ့
က သူမလုပ်ရပ်ကို အတုယူ၍ ဆင်းရဲသောကလေးများ အဟာရ ဖွံ့ဖြိုးစေရန်
တိုက်ကြွေးရမည်ဟူသော မူကို ချမှတ်လာခဲ့ကြသည်။

ဂွေဗာယား မိသားစု က သူတို့ အိမ်နီနားချင်းများလို မဟုတ်ပဲ ဘာသာရေး လွှမ်းမိုးမှုကို လက်မခံ
ခဲ့ကြပေ။ အန်နက်စတို ဂွေဗာယား လင့်ခ်ျ၏ မိခင်ကိုယ်၌က ဘုရားမရှိဝါဒကို လက်ခံထားသူ
ဖြစ်သည်။ အန်နက်စတိုလည်း ထိုအသိုက်အ၀န်းတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သို့
သော် ခရစ်ယာန် သာသနာပြုကျောင်းတွင် ပညာသင်ကြားခဲ့ရသော စီလီယာ ကတော့
ယောက္ခမ လို ယတိပြတ် ခံယူနိုင်စွမ်း မရှိပေ။

အဲလ်တာ ဂါစီယာ သို့ ရောက်ကာစတွင် စီလီယာသည် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း
တက်ခဲ့ပြီး ကလေးများကိုပါ အတူ ခေါ်သွားလေ့ရှိခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ အဆိုအရမူ ယင်း
သည် လူမြင်ကောင်းအောင်သာ ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

ထိုကဲ့သို့ လွတ်လပ်သော အတွေးအခေါ်များရှိသော်လည်း အတူနေ လူ့ အသိုက်အ၀န်း၏
အပြင်သို့ ရောက်မသွားစေရေး အတွက် ဘာသာရေး ဆိုင်ရာ များတွင် ဒွေးရောယှက်တင်
နေထိုင်နိုင်ခဲ့ကြပြန်သည်။ ကလေးများကိုလည်း ကက်သလစ် ဘာသာ ထုံးစံအတိုင်း ရေ
ဖြန်း မင်္ဂလာ ပြုလုပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဘုရားကျောင်းကို မည်သူမျ ခြေဦးမလှည့်
ကြတော့ပေ။ အန်နက်စတီရို၏ ဂေါ့ဖ့ါးသားဖြစ်လာသူက သူဌေးကြီးတဦးဖြစ်သော ပီဒရို လီယွန် အဲလ်ချေ့ ဖြစ်ပြီး သူ့ကြောင့်လည်း ဖခင် နှင့် မိခင် ဆုံဆည်းနိုင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်း အန်နက်စတိုအား မီဆီ
စွန်းနက်စ်တွင် လုပ်ကိုင်ပြီး ကြီးပွားရေး အကြံပေးခဲ့သူလည်း ဖြစ်သည်။

ဘုရားရှိခိုးကျောင်းသို့ မသွားတော့သည့်အချိန်သည် အန်နက်စတီရို ကျောင်းစတက်သည့်နှစ်
ဟု ပြော၍ ရပေသည်။ အဘယ့်ကြောင့်ဆိုသော် စီလီယာ က သူမ၏ ကလေးများကို
ဘာသာရေး သင်ခန်းစာ အချိန်များမှ ကင်းလွတ်ခွင့် ပြုရန် စတင်တောင်းဆိုလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ကျောင်းတွင် ကလေးအချင်းချင်း ဘုရားသခင်ကို ယုံကြည်သူများနှင့် မယုံကြည်သူများ ဟူ၍ အသင်းနှစ်သင်းဖွဲ့ကာ ကျောင်းအလွှတ် တွင် ဘော်လုံးချိန်းကန်ကြရာတွင် ညီဖြစ်သူ ရော်ဘတ်တိုမှ မယုံကြည်
သည့် အသင်းမှ ၀င်ရောက်ကစားခဲ့ပေသည်။မယုံကြည်သူများ အသင်းတွင် ၀င်ကန်သည့်
လူအရည်အတွက်က နဲလွန်းလှသဖြင့် ဘော်လုံးပွဲ ရှုံးနိမ့်သွားခဲ့ရသည်။

အန်နက်စတီရို ၏ ကျောင်းနေဖက်များမှ.တညီတညွတ်တည်း ထောက်ခံပြောဆိုကြသည့်
အချက်ကတော့ အတန်းထဲတွင် ညဏ်အကောင်းဆုံး ဖြစ်သည်ဆိုခြင်းပင်။ သို့သော်
အန်နက်စတီရိုက စာတော်သူ တယောက်ဖြစ်ရန် မည်သည့်အခါမျ မကြိုးစားခဲ့ဟု ဆိုသည်။
သို့ အတွက် သူသည် အတန်းထဲတွင် အလယ်အလတ် အဆင့်သာရှိခဲ့သည်။ အန်နက်စတီရို
အကြောင်း စဉ်းစားလေ နားမလည်နိုင်အောင်ခေါင်းရှုပ်လေ ဖြစ်နေရသူက အခြားလူတော့
မဟုတ် သူ၏ ဖခင်အရင်းခေါက်ခေါက်ပင် ဖြစ်လေသည်။ သူ့အဖို့ကား မိန်းမ ဖြစ်သူ၏
အကြောင်းကိုပင် ခုထိ နားမလည်နိုင်ရှာသေးပေ။ စီလီယာ သည် မွေးကတည်းက တဇောက်
ကန်း လုပ်တတ်သူ။ အန္တရာယ်ကို ကြောက်ရလန့်ရ ကောင်းမှန်း မသိသူ ဟူ၍ သာ နားလည်
ထားပြီး အခုလည်း သားဖြစ်သူက သူမ၏ အမွေကို ဆက်ခံခဲ့ပုံရသည်ဟူ၍သာ ယေဘုယျ ယူဆ
နိုင်ခဲ့သည်။ သူကတော့ အရာရာကို အလွန်သတိထားသူလည်း ဖြစ်ကာ တွေ့ကြုံလာနိုင်
သည့် အန္တရာယ်များကိုလည်း အမြဲတမ်း တွေးပူနေတတ်သူ ဖြစ်သည်။ သက်ကငလည်း စီလီယာ သည် သားဖြစ်သူ၏ တိုင်ပင်ဖေါ် တိုင်ပင်ဖက် နှင့် သူမသိအောင် အတူကြိတ်လုပ်သည့် ကြံရာပါ တယောက် ဖြစ်လာခဲ့ခြင်းမှာလည်း အဆန်းတော့ မဟုတ်ပေ။

အန်နက်စတို ဂွေဗာယား လင့်ခ်ျ က သူ၏ မိသားစု အကြောင်း တယောက်ယောက်ကပြောလာလျင် ၀ုန်ုးဒိုင်းကျဲ ဒေါသထွက်တတ်သူတယောက်ဟု မြို့ရှိ သူ၏ အပေါင်းအသင်းများက အမြဲလို မှတ်မိနေရသူ တဦး ဖြစ်သည်။ ထိုကဲ့သို့ ရှုးကနဲ ဒိုငိးကနဲ တုန့်ပြန်တတ်မှုကအန်နက်စတီရို တယောက် အမွေဆက်ခံခဲ့
ပြန်သည်။ အန်နက်စတီရိုက သူ့အားမတရားပြစ်တင် မာန်မဲခြင်း လုပ်လာပါက ငြိမ်ခံမနေ
တတ်ပဲ အမြဲလို ရှုးရူးရှားရှား တုန့်ပြန်လေ့ရှိသည်။ ထိုအတွက်လည်း မကြာခဏ ဆိုသလို
ထိုးပွဲကြိတ်ပွဲများ ဖြစ်လာတတ်သည်ဟု ဖခင်၏ မှတ်တမ်းစာအုပ်တွင် ရေးသားထားခဲ့သည်။
သို့သော် ကောလိပ်ကျောင်း ရောက်သည့် အချိန်တွင်တော့ သူ၏ ဒေါသကို အတော်အတန်
ထိမ်းချုပ်လာနိုင်ခဲ့ပေသည်။ ပြသာနာ ဖြစ်လာတိုင်း လက်ကို အားမကိုးတော့သော်လည်း သူ၏ စူးရှ
ထက်မြက်သော စကားလုံးများနှင့်ကား တုန့်ပြန်နေစမြဲပင် ဖြစ်သည်။ ကိုယ်ထိ လက်ရောက်
တုန့်ပြန်ခဲ့မှုကား လုံးဝကွယ်ပျောက်သွားသည်တော့ မဟုတ်။ သို့သော် လွန်စွာ ဖြစ်ခဲလှသည်
ဟု ဆို၍ ရပေသည်။

ဖခင် အန်နက်စတိုက အမျော်အမြင်ရှိသူ တဦးဖြစ်သော်လည်း ဇနီုး၊ သား ဖြစ်သူတို့ နှင့် သူ့အ
ကြားတွင် ပိုင်းခြားနေမှူကို ကျော်အောင် ကြည့်နိုင်စွမ်း မရှိခဲ့ပေ။ သူ ဖတ်ခဲ့ဖူးသည့် စွန့်စားခန်း
စာအုပ်များ နှင့် ရာဇ၀င် စာအုပ်များကို သားဖြစ်သူအား လက်ဆင့်ကမ်းပြီး သူ့လို စာပေ၀ါသနာ
ပါအောင် ပျိုးထောင်နိုင်ခဲ့သော်လည်း စည်းကမ်းနှင့် သည်းခံနိုင်မှုတို့ တွင် ပညာတတ်ဆန်ဆန်
ကျင့်သုံးနိုင်ခဲ့ခြင်းလည်း မရှိပေ။ တဖက်တွင်ဇနီးဖြစ်သူ စီလီယာက စိတ်ကူးယဉ် ၀တ္ထု များ
အတွေးအခေါ် ဆိုင်ရာ များနှင့် ကဗျာစာအုပ် တို့ကို အငမ်းမရ ဖတ်ရှု့တတ်သူ ဖြစ်နေပြန်ပြီး
သူ့သား ၏ စိတ်တံခါးကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

သူတို့အဖို့က မကြာမီ နှစ်များအတွင်း ရင့်ကျက်သည့် အရွယ် ရောက်လာကြတော့မည် ဖြစ်
သော်လည်း နောင်တချိန်တွင် သမိုင်းတွင်မော်ကွန်းတင် ကျန်ခဲ့တော့မည့် အန်နက်စတို
ဂွေဗာယားတွင်ကား ထိုစရိုက် လက္ခဏများငယ်စဉ်ကပင် စတင် ပြသလာနေပြီ ဖြစ်သည်။
သူ၏ အကြောက်အလန့် တစက်ကလေးမှ မရှိတတ်ခြင်း၊ လူများကို ခေါင်းဆောင်မှု ပေးလို
ခြင်း၊ ခေါင်းမာတတ်ခြင်း၊ အနိုင်မခံ အရှုံးမပေးလိုသည်စိတ်ဓါတ် နှင့် မိမိကိုယ်မိမိ ပြုပြင်ဆုံးမ
လာတတ်မှု များက အဲလ်တာ ဂါစီယာရှိဂွေဗာယားလေးတွင် ထင်ထင်ရှားရှား တွေ့လာ
နေရပြီ ဖြစ်သည်။ု
လှစိုးဝေ
(ကျွန်တော့် အနေဖြင့် မဟာ တို့၏ ကျဆုံးခန်း အတွဲ ဖြစ်သော "အေးစက်သွားသော ကမ္ဘာမြေ" ကို ဆက်လက်ရေးသားဖို့ ရှိနေသဖြင့် ခေတ္တခဏ ရပ်နားခွင့် ပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကြားထဲတွင် အဆင်ပြေပါက ဆက်လက် ရေးသွားပါမည်)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • No comments:

    Post a Comment