Latest News

Friday, June 1, 2018

ကျောင်းဖွင့်ချိန် မြင်ကွင်းအလှ

ကျောင်းဖွင့်ချိန် မြင်ကွင်းအလှ

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၈ ခုနှစ် ဇွန် ၁ ရက်(ယနေ့တွင်) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ အဆင့်ကျောင်းများ ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ကျောင်းများဖွင့်ချိန် ဇွန်လမြင်ကွင်း အလှများသည် အံ့သြဝမ်းသာ စိတ်ချမ်းသာစရာများက ဖုံးလွှမ်းလျက်ရှိသည်။

နွေရာသီ ကျောင်းပိတ်ရက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန် နားနေခဲ့ရာမှ စိတ်သစ်လူသစ် အားမွေးကာ အတန်းတက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ စတင်ကျောင်းတက် ကြရမည့် ကလေးငယ်များ၊ သက်ဆိုင်ရာ အတန်းများ၌ တက်ရောက်ပညာ သင်ယူနေကြပြီ ဖြစ်သည်။ နိုင်ငံတော်၏ ပညာရေး မြှင့်တင်မှုကို ပညာရေးဌာနနှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ဖော်ဆောင်၍ အနာဂတ်၌ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ယူကြရမည့် မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ ဘက်စုံပညာရေးကို ပျိုးထောင်သင်ကြား ပေးကြရပေမည်။

နိုင်ငံတော်၏ ကြီးမားသောမေတ္တာ၊ စေတနာကြောင့် မိဘများ အနေဖြင့်လည်း ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။ လူငယ်ကျောင်းသား၊ ကျောင်းသူလေးများ ကျောင်းစတက်ရသော ဇွန်လသည် မိုးရာသီအစ ကာလဖြစ်ကာ စိမ်းလန်းစိုပြည်ပြီး နုပျိုလန်းဆန်း တက်ကြွနေသော သဘာဝ အခြေအနေဖြစ်သည်။

လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နုပျိုသည်၊ လန်းဆန်းသည်၊ တက်ကြွသည်၊ အားမာန်ရှိသည်၊ အေးမြလန်းဆန်းနေသော မိုးရေစက်များ၊ စိမ်းစိုနုပျိုနေသော ရွက်သစ်ရွက်နုများနှင့် အတူ စာသင်သား လူငယ်များသည်လည်း အဖြူရောင်အင်္ကျီ၊ အစိမ်းရောင်လုံချည်များ တွဲဖက်ဝတ်ဆင်လျက် နိုးကြားတက်ကြွစွာ ကျောင်းစာသင်ခန်း ဆီသို့ တစ်နှစ်တာ စာသင်ကာလ အစအဦးအဖြစ် ရွှင်လန်းပျော်မြူးစွာ ဝင်ရောက်ချိန်ဖြစ်သည်။ တစ်နှစ်တာ ကာလပညာ သင်ကြားမှုအတွက် အားမာန်ပျိုးချိန်လည်း ဖြစ်ပေသည်။ ကျောင်းများစတင် ဖွင့်လှစ်သည့် နေ့ရက်သည် လူငယ်ကျောင်းသား၊ ကျောင်းသူလေးများအဖို့ ''ပျော်ရွှင်ကြည်နူးဖွယ်နေ့'' ဟုဆိုရပေမည်။

ပူပြင်းသော နွေရက်များအတွင်း နှစ်လတာမျှ ခွဲခွာနေကြရသည့် အတန်းဖော်၊ တစ်ကျောင်းတည်းနေ သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ ကြရသည့် ကြည်နူးပျော်ရွှင်မှုများ၊ အနန္တဂိုဏ်းဝင် မြတ်ဆရာများအား ပြန်လည်ဆုံတွေ့ ကြရသည့် ကျောင်းပြန်လည် ဖွင့်စနေ့၏ ပျော်ရွှင်ကြည်နူးမှု များမှာကျောင်းသား၊ ကျောင်းသူတိုင်း၏ ရင်ဝယ် အမှတ်ထင်ထင်ရှိစရာ မြင်ကွင်းအလှများပင် ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက်ပြီး၍ ကျောင်းများဖွင့်ချိန်တွင် ''မနီလေးလွယ်အိတ်ပြင်၊ ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်၊ မင်္ဂလာပါဆရာမ၊ ညီညီညာညာ နှုတ်ဆက်ကြ၊ ဝလုံးကလေးချစ်စဖွယ်၊ ဝိုင်းအောင်ရေးတတ်တယ်၊ စံပယ်လို ကြူကြူမွှေး၊ ဝလုံးကြူကြူမွှေး''ဟူသည့် စာသင်ခန်းအတွင်းမှ အသက်ငါးနှစ်ပြည့် ရင်သွေးတို့ရွတ်ဆိုမည့် ဖော်ပြပါ ကဗျာသံစဉ်လေးကို နားဝင်ချိုစွာ ကြားရပေမည်။

ဆရာမများက အင်္ကျီအဖြူ၊ အစိမ်းရောင် ထဘီများ ဝတ်ဆင်ပြီး မင်းသမီးဟန် မာန်ကြွကြွ ဟန်လှလှဖြင့် သင်ကြား ပြသပေးမည့် ပုံရိပ်များကလည်း ကျောင်းဖွင့်ချိန် မြင်ကွင်းအလှကို ကြည်နူးစေသည်။ ကျောင်းစာ သင်ခန်းသို့ ကျောင်းလာပို့ကြသော မိဘအုပ်ထိန်းသူများ ပင်လျှင် ဆရာမများနှင့် ရင်သွေးငယ်များကို ကြည့်၍ပျော်ရွှင် ကြည်နူးကြပေမည်။ ကျောင်းဖွင့်စကာလသည် မြန်မာပြည်တစ်ဝန်း ဒေသအများစုတွင် မိုးစက်မိုးပေါက်များ ပက်ဖျန်းလာမှုကြောင့် အရိုးပြိုင်းပြိုင်း သစ်ပင်များ၌ စိမ်းစိမ်းစိုစို ရွက်နုပျိုများဖြင့် အလှဆင်လာသကဲ့သို့ ဝန်းကျင် တစ်ခွင်လုံး၌လည်း အပူကင်း၍ အေးမြသော ရာသီဥတုသို့ ဝင်ရောက်လာပြီ ဖြစ်သဖြင့် အပူချိန်မြင့်မား၍ အအိပ်ပျက်၊ အစားပျက်၊ အနေရခက်ခဲသော ကာလများ ကုန်ဆုံးပြီး အေးချမ်းသာယာ နေရမည့် ကာလဖြစ်သောကြောင့် စိတ်လက်ချမ်းသာမှု အတော်အတန် ရသော အချိန်ရာသီသို့ ရောက်လာပြီဖြစ်သည်။

ဤရာသီကာလတွင် ပညာရေးတံခါး ခေတ္တ နားထားရာမှ ပြန်လည်နိုးထလာသော ရာသီစက်ဝန်း တစ်ပတ်လည်လာသည့် အလား အဖြူအစိမ်း တူညီဝတ်စုံများ ဝတ်ဆင်ကြကာ လွယ်အိတ်၊ ကျောပိုးအိတ်များ ကိုယ်စီဖြင့် မိမိတို့ သက်ဆိုင်ရာ ကျောင်းများသို့ ကျောင်းတက်ရန် သွားရောက်ကြသည့် အချိန် ကျရောက်လာပြီဖြစ်သည်။ မုတ်သုံမိုး ရာသီကြောင့် ပတ်ဝန်းကျင်ကလည်း အေးအေးချမ်းချမ်း၊ စိမ်းစိမ်းစိုစို၊ ကျောင်းဖွင့်ရာသီ ကာလကြောင့် မြို့ရွာအသီးသီး၊ ရပ်ကွက်ဒေသ အသီးသီးရှိ လမ်းများ၊ ကျောင်းများတွင်လည်း အဖြူအစိမ်း တူညီဝတ်စုံဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ၏ သွားလာလှုပ်ရှားမှု၊ ဆရာ၊ ဆရာမများ၏ အားပြည့်မာန်ပြည့် တာဝန်ထမ်းဆောင်ရန် သွားလာနေမှုများက တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနှင့် ဖြစ်၍ မြင်တွေ့ရသည့်မြင်ကွင်းက အလွန်ပင်သာယာ ကြည်နူးဖွယ်ရာ ဖြစ်နေသည်။

မိဘအုပ်ထိန်းသူ များကလည်း မိမိတို့ ရင်နှစ်သည်းချာ ရင်သွေးငယ် ရတနာလေးများ အဖြူအစိမ်း ဝတ်စုံလေးများဖြင့် လွယ်အိတ်၊ ကျောပိုးအိတ် လွယ်ကာ ထမင်းချိုင့်ဆွဲပြီး ကျောင်းတက်နေသည့် မြင်ကွင်းများကို မျက်စိအောက်မှ ပျောက်သွားသည့်တိုင် ငေးမျှော်ကြည့်၍ မဝနိုင်ဘဲ ဝမ်းမြောက်ကြည်နူး ဖြစ်ကြရသည်။ ကျောင်းသား၊ ကျောင်းသူလေးများ ကလည်း နွေရာသီ ကျောင်းပိတ်ရက်တွင် အနားယူအပန်းဖြေ ထားကြပြီးဖြစ်၍ ယခုကဲ့သို့ ကျောင်းပြန်ဖွင့်ချိန်တွင် အားအင်အပြည့်ဖြင့် စာသင်ခန်းသို့ ဝင်ကာ သင်ခန်းစာများ သင်ယူမှတ်သားနေကြပြီ ဖြစ်သလို ကျောင်းမှ ဆရာ၊ ဆရာမများ ကလည်း မိမိတို့၏ တပည့်များကို အားကြိုးမာန်တက် စေတနာ အပြည့်အဝဖြင့် သင်ခန်းစာများကို သင်ကြားနေချိန် ဖြစ်ပေသည်။

ကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင် မိမိတို့ သားသမီးများကို ဒီနေ့ကျောင်းမှာ ဘာတွေသင်လဲ၊ ဘာတွေလုပ်ခဲ့ရသလဲ ဆိုသည်များကို မိသားစု ဆုံချိန်မှာ မိဘများက ဝိုင်းပြီးမေးကြ၊ မြန်းကြ၊ သားသမီးများကလည်း မှတ်မိသလောက် ကလေးပီပီ ပြန်ပြောကြနှင့် မိမိတို့၏ မြန်မာမိသားစုများ၏ ကျောင်းဖွင့်ချိန် ကာလ မြင်ကွင်းလေးများက အလွန့်ပင် ကြည်နူးစရာ ကောင်းလှပေသည်။ ကျောင်းပိတ်သည်နှင့် ကာလဝေးကွာ ခဲ့ရသော ကျောင်းဝင်းအတွင်းက မုန့်ဆိုင်လေးများနှင့် ပြန်လည်ဆုံတွေ့ ကြရစမြဲဖြစ်သည်။ အိမ်ကမိဘ အုပ်ထိန်းသူပေးသော မုန့်ထက် ကျောင်းဈေးဆိုင်မှာ ရောင်းသောမုန့်က ပိုမိုအရသာရှိသည်၊ ပိုမိုကောင်းမွန်သည်ဟူ၍ ကျောင်းသား၊ ကျောင်းသူများက ထင်မြင်ယူဆကြသည်။

အိမ်ကမုန့်ထက် ကျောင်းဈေးတန်းက မုန့်ကို ပိုမိုနှစ်သက်သော ကလေးများအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ကျောင်းကောင်စီဝင်များ၊ လူမှုရေး အဖွဲ့အစည်းနှင့် အရပ်ဘက် ပရဟိတ အဖွဲ့အစည်းများက ကျောင်းမုန့်ဈေးတန်းများကို ရှောင်တခင်ဝင်ရောက် စစ်ဆေးရန်လိုအပ်သည်။

အဆင့်အတန်း မမီသော မုန့်၊ ရက်လွန်မုန့်၊ ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များကို သိမ်းဆည်းဖျက်ဆီးခြင်းဖြင့် ပညာပေးရန် ကျောင်းဖွင့်စကာလမှ ကျောင်းများ ပြန်လည်ပိတ်မည့် ကာလအထိ စဉ်ဆက်မပြတ် အရေးယူသင့်သည်။ ကျောင်းနေအရွယ် ကလေးများကိုလည်း အစားအစာ ဘေးကင်းရေး၊ အသိများ တိုးပွားရေး စီစဉ်ဆောင်ရွက် ပေးကြရမည်ဖြစ်သည်။ အလားတူပင် ကျောင်းသား၊ ကျောင်းသူတိုင်း အသိပညာတိုးစေရန် ကျန်းမာရေး အသိရှိရေးကိုလည်း မိဘ၊ ဆရာနှင့် ကျောင်းသားတို့ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပေသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် နောင်တစ်ချိန် အမိနိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူကြရမည့် မျိုးဆက်သစ် လူငယ်ကျောင်းသား၊ ကျောင်းသူလေးများ၏ လုံချည်အစိမ်း၊ အင်္ကျီအဖြူနှင့် မြင်ကွင်းများ၊ သားငယ်၊ သမီးငယ်တို့ကို လက်ဆွဲကာ ကျောင်းတံခါးဝထိ လိုက်ပို့နေသော မိဘများ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား၊ ကျောင်းသူများ၏ ဥယျာဉ်မှူးဆရာ၊ ဆရာမများ... စသည်တို့က ကြည့်လိုက်သည့် နေရာတိုင်းတွင် စိတ်ချမ်းမြေ့စရာ ''ကျောင်းဖွင့်ချိန် မြင်ကွင်းအလှ''များ ဖြစ်ပါကြောင်းနှင့် ဤမြင်ကွင်း၏ အလှကို ဖန်တီးခံစား နေကြသူများမှာ မိဘ၊ ဆရာ၊ ကျောင်းသား လူငယ်များပင် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ကေတုမောင်မောင်
MWD

No comments:

Post a Comment