Latest News

Friday, December 15, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး


••••••••••••••••••••

(၄)

စီလီယာ ၏ ငွေများနှင့် အန်နက်စတိုက ပရာနာ မြစ်ကမ်းတလျောက်ရှိ တောကြီးထဲတွင် ဧက ၅၀၀ ခန့် အကျယ်အ၀န်း ရှိသော မြေကို ၀ယ်ယူလိုက်သည်။ ထိုနေရာတွင် ရှိသော တောင်ကမ်းပါး ပြတ်တခုပေါ်မှ လှမ်းကြည့်မည်ဆိုက ပါရာဂွေး ကမ်းခြေတလျောက်ရှိ စိမ်းလန်းသော သစ်တောကြီးများ နှင့် ကော်ဖီ အရောင် ထနေသော ရေ များ ကို တွေ့နိုင်ပေသည်။ သူတို့နေဖို့ ကျယ်ကျယ်ဝန်းဝန်း နှင့် ခြေတံရှည် သစ်သားအိမ်တလုံး ပါ ဆောက်ခဲ့ကြသည်။ ဗြူနိုအေရီးစ် တွင် သက်တောင့်သက်သာ နေခဲ့ရသော ဘ၀နှင့်ကား အပုံကြီး ခြားနားလျက် ရှိနေပေသည်။ သို့သော် အန်နက်စတို အဖို့ကား ဒါတွေကို မစဉ်းစားအားပဲ အကျေနပ်ကြီး ကျေနပ်နေမိသည်။ သူ့တွင် ရှိသော စွန့်စား လုပ်ကိုင်လို့သည့် စိတ်ဓါတ်ဖြင့် သူ့ပါတ်ပါတ်လည်တွင် ရှိသော တောနက်ကြီးထဲတွင် ရှိနေမည့် သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အနာဂါတ် ကို မြင်လာနေ၍ လည်း ဖြစ်သည်။

အခုလို မြေယာ အသစ်များ ရဲရဲရင့်ရင့် တူးဖေါ်လုပ်ကိုင်ခြင်းဖြင့် မိသားစု အတွက် ငွေအမြောက်အမြား ပြန်ရှာပေးနိုင်မည်ဟု ယုံကြည်ထား၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူ့စိတ်ထဲတွင်လည်း အဖိုးဖြစ်သူ၏ အတွေ့အကြုံများက ထင်ဟတ်နေပြန်၍ အန်နက်စတိုအတွက် မီဆီယွန်နက်စ်သည် စွန့်စား လုပ်ကိုင်ရာ နေရာ အဖြစ် ထင်မြင်လာခဲ့သည်။ ၎င်းဒေသသည် မဖွံ့ဖြိုး မတိုးတက်သော အာဂျင်တီနား ပြည်နယ်များထဲက တခုသာမက ကြောက်မက်ဖွယ် ကောင်းလှသည့် သားရဲတရိစ္ဆာန်များ။ ဆိုင်ကလုံး မုန်တိုင်းများ အဆုံးအစမရှိ ရွာနေသော မိုး၊ နှင့်အတူ ပါလာတတ်သော အပူပိုင်းဒေသရှိ ရောဂါများ နှင့်အတူ လုယက်မှု ဓါးပြမှုများ ထူပြောရာ နေရာလည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မှတ်တမ်းတွင် ဒီမြေကို နင်းလိုက်ပြီ ဆိုကတည်းက မိမိ အသက်အန္တရာယ် လုံခြုံရေးသည် ခြောက်လုံးပြူး တလက် နှင့် ကိုင်းခုတ်ဓါးတချောင်း အပေါ် တည်မှီနေပြီ ဆိုသည်ကို သိလိုက်ရသည်ဟု အန်နက်စတို က ရေးသားထားခဲ့သည်။

သူတို့ ဓါးမ ဦးချရာ အရပ်ကား ပြူတို ကာရာဂွာတိုင်း ဆိုသော အရပ်တွင် ဖြစ်သည်။ ကာရာဂွာတိုင်း က ဂွာရာနီ ဘာသာ စကားဖြင့်ဆိုလျင် လှပသော အနီရောင် ပန်းတပွင့်ဟု အဓိပ္ပါယ် ရပေသည်။ ထိုအရပ်တွင် သစ်သားဖြင့် ဆောက်လုပ်ထားသော ဆိပ်ခံတံတား တခုရှိပြီး အနီးဆုံး ကုန်သွယ်ရာ စခန်းဖြစ်သည့် ပိုဆာဒါ ဆိပ်ကမ်းမှဆိုလျင် နှစ်ရက်ခရီး ခန့် လာမှ ရောက်နိုင်ပေသည်။ ခရီးသွားရာတွင် သုံးသည့် သင်္ဘောက ၀ိတိုရိယ ခေတ် က နိုင်းမြစ် တလျောက် ဗြိတိသျှများ ကို သယ်ဆောင်ပေးရာတွင် သုံးသည့် ယက်ဘီးတပ် မီးသင်္ဘောကြီး ဖြစ်ပြီး အိုင်ဘဲယာ ဟု နာမည် ပေးထားသည်။ သူတို့နေသည့် နေရာနှင့် ငါးမိုင်ခန့် အကွာတွင် မွန်တီကာလို ဟု ခေါ်သော လူနေအရပ်တခု ရှိပြီး ဂျာမန် လူမျိုးများ နေထိုင်ကြသည်။ သို့သော် ဂွေဗာယား တို့ မိသားစု အဖို့ က ခင်မင်ဘွယ်ကောင်းသော ဘ၀တူ အိမ်နီနားချင်း တယောက် ရနေပြီ ဖြစ်သည်။ ထိုသူ၏ အမည်က ချားလ် ဘင်ဆန် ဖြစ်ပြီး အငြိမ်းစား ဗြိတိသျှ မီးရထား လမ်း အင်ဂျင်နီယာ တဦးဖြစ်သည်။ သူတို့ဆီမှ ငါးမိနစ်ခန့် တောကို ဖြတ် လျောက်သွားလျင် သူနေသည့် နေရာသို့ ရောက်နိုင်သည်။ ဘင်ဆန်က ငါးမျှား အလွန်ဝါသနာ ပါသူတဦး ဖြစ်သည်။ သူနေဖို့ အိမ်ကိုလည်း မြစ်နားတွင် ကပ်ဆောက်ထားပြီး အိမ်ထဲတွင်လည်း အင်္ဂလန်မှ မှာယူ တင်သွင်းထားသော ရေလောင်းအိမ်သာ ကို တပ်ဆင်ထားပြန်သည်။

ရောက်ကာစ လအနည်း မှာ တော့ အန်နက်စတို တို့ ဇနီးမောင်နှံ အဖို့ နေရာဒေသ အသစ်တွင် အခြေတကျ ဖြစ်အောင် လုပ်နေကြရင်းက အချိန်ရရင် ရသလို အနီးအနား လျှောက်ကြည့်ကြကာ အချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြသည်။ ဘင်ဆန် နှင့်အတူ ငါးမျှားလိုက်ကြ၊ လှေ စီး လိုက်ကြ၊ မြင်းစီးလိုက်ကြ ဖြင့် အချိန်များက ကုန်မှန်း မသိ ကုန်ကာ တခါတရံတွင် မွန်တီကာလိုဘက်သို့ လားများ ဆွဲသည့် ရထားလုံးလေးဖြင့် ခြေဆန့်ခဲ့ကြပြန်သည်။

သို့သော် ဂွေဗာယား တို့၏ ဟန်နီးမွန်း ကာလ က ကြာကြာတော့ မခံခဲ့ပေ။ လအနည်းငယ်အတွင်းမှာပင် စီလီယာ၏ ကိုယ်ဝန်ကား အတော်ကို ရင့်လာနေပြီ ဖြစ်သဖြင့် သက်တောင့်သက်သာ နှင့် စိတ်ချလက်ချ မွေးနိုင်မည့် ခေတ်မှီ လူ့အဖွဲ့အစည်း ရှိရာ အရပ်သို့ ပြန်ရန် အချိန် ကျလာခဲ့သည်။ ထို့အတွက် သူတို့ ဇနီးမောင်နှံ မြစ်ကြောင်းအတိုင်း စုန်ဆင်းခဲ့ကြပြီး လူဦးရေ သုံးသိန်းခန့်ရှိသော ပရာနာ မြစ် ဆိပ်ကမ်း မြို့ ဖြစ်သော ရိုဆာရီယို သို့ ရောက်လာခဲ့ကြသည်။ ထိုအရပ်မှာပင် သူတို့၏ သားရတနာ အန်နက်စတို ဂွေဗာယား ဒီ လာ ဆာနာ ကို မွေးဖွားခဲ့ပေတော့သည်။ မွေးစာရင်းကိုလည်း ရိုဆာရီယို မြို့ရှိ မှတ်ပုံတင်ရုံးတွင် အတု ပြုလုပ်ခဲ့ပြီး ထိုမြို့ ရှိ ဦးလေးဝမ်းကွဲ တယောက်နှင့် ဘရာဇီး လူမျိုး တက္ကဆီ ဒရိုင်ဘာ တဦးက သက်သေ အဖြစ် လက်မှတ်ထိုးခဲ့ကြသည်။ အဆိုပါ မွေးစာရင်းတွင် ကလေးအား ဂျွန်လ ၁၄ ရက်နေ့ မနက် ၃:၀၅ အချိန်တွင် အိမ် အမှတ် (၄၈၀) ကာရေ အန်ဒရေ ရီယိုစ် လမ်းတွင်ရှိ မိဘများ "နေထိုင်ရာအိမ်" တွင် မွေးဖွားခဲ့သည်ဟု ဖေါ်ပြထားခဲ့သည်။

အန်နက်စတီယို ဟု ချစ်စနိုး ခေါ်သော သားလေးအား မွေးဖွားပြီးသော်လည်း စီလီယာ ကောင်းစွာ ပြန်လည် နလန်ထူ လာမည့်အချိန်ကို စောင့်ရင်း ဂွေဗာယားတို့က ရိုဆာရီယို မြို့တွင်ပင် ဆက်လက်နေထိုင်ခဲ့ကြသည်။ မွေးစာရင်းတွင် ပေးထားသည့် လိပ်စာကား သူတို့ ငှားရမ်းနေထိုင်ရာ အိမ်ဖြစ်ပြီး မြို့လယ်ကောင်အနီးတွင် ရှိသည်။ အိမ်က အိပ်ခန်း သုံးခန်း ပါရှိသည့်အပြင် အစေခံများ နေဖို့ တန်းလျားပါ ရှိသည်။ သို့သော် မျှော်လင့်ထားသည်ထက် ပို၍ ကြာရှည်စွာ နေခဲ့ကြရပြန်သည်။ ကလေးကား အဆုတ်အအေးမိ ရောဂါ ဖြစ်ပြီး အသက်ရှု ရာ လေပြွန်ကို ထိခိုက်လာရသောကြောင့် ဖြစ်သည်။ ထို့အတွက် အန်နက်စတို ၏ မိခင် အင်နာ အစ္စဘဲလ် လင့်ခ်ျ နှင့် ညီမ ဖြစ်သူ အစ်စီလီယာ တို့ ကူညီရန် ရောက်လာခဲ့ကြသည်။
လှစိုးဝေ

(ပုံတွင် ချီ ဂွေဗာယား ကို မွေးဖွားခဲ့ရာ ရိုဆာရီယို မြို့ကလေးအား ၁၉၃၀ တွင် တွေ့ရစဉ်)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • No comments:

    Post a Comment