Latest News

Friday, February 16, 2018

ခြေလေးချောင်းတော်လှန်ရေး (၁၆) သခင်ဘသောင်း


ယခင်အပတ်မှ အဆက်
တိရစ္ဆာန်များသည် တတ်နိုင်သမျှ ကြိုးစား၍ ဓါတ်မီးစက်ကို တည်ကြ သည်။ လူသားတွေကလည်း သူတို့ကို စောင့်၍ ကြည့်နေကြသည်။ သတ်မှတ် ထားသည့် အချိန်အတွင်း ပြီးအောင်တည် နိုင်လျှင်တည်နိုင် မတည်နိုင်လျှင် လူ သားမနာလိုအိုးတို့က ဝိုင်း၍လှောင်ကြ လိမ့်မည်။

လူသားတို့သည် တိရစ္ဆာန်တို့အပေါ် တွင် စိတ်ကောင်းမရှိကြသဖြင့် ဓါတ်မီး စက်ကို ဘော်ဖြူလာ၍ ဖျက်သွားသည် ဆိုခြင်းကိုပင် မယုံကြ။ “စပြီးတည်က တဲက အုတ်ထရံက ပါးပါးကလေး ပျက် မှာပေါ့” ဟု ပြောကြသည်။ ထရံပါး၍ ပျက်ခြင်း မဟုတ်သည်ကို တိရစ္ဆာန်များ သိကြသည်။ သို့ဖြစ်ငြားလည်း ထရံကို အယင်ကထက် နှစ်ဆတိုး၍ ထူအောင် လုပ်ကြသည်။ အယင်က ထရံမှာ တတောင် သာထူသည်။ သည်တခါ နှစ် တောင်ထူ အောင် လုပ်ထားသည်။ ဆောင်းတွင်းကြီး ဖြစ်သဖြင့် အလွန်ချမ်းသောကြောင့် အလုပ်လုပ်ရတာ အင်မတန်ကြပ်သည်။ ချမ်းကလည်း အင်မတန်ချမ်းသည်။ အစာကလည်း ခါတိုင်းလောက်မပေါ။ အလုပ်ကလည်း မထွင်သဖြင့် တိရစ္ဆာန် များမှာ အားပျော့ပျော့ ဖြစ်၍နေသည်။ ဂျိုကားနှင့် ခွါဖြူနှစ်ကောင်မှာမူ ဘယ်တော့မျှ စိတ်ပျက်သည်ဟု မရှိ။ သံကြောင်က အကျိုးဆောင်ရခြင်း၏ ပျော်ရွှင်ဖွယ်ကောင်း ဟန်နှင့်အလုပ်ရ ခြင်း၏ ဂုဏ်ဒြပ်ကြီး မြင့်ဟန်တို့ကို အလွန့်အလွန်နားထောင် ကောင်းအောင် တရားဟောသည်။ တိရစ္ဆာန်များမှာ သံကြောင်၏ တရားကို နာရခြင်းထက် ” ငါပိုအလုပ်လုပ်မယ်”ဟု အမြဲပြောနေ သော ဂျိုကား၏အသံကို ကြားရသည့် အတွက်ပို၍ အားရှိကြလေသည်။

တပေါင်းတန်ခူးကျသောအခါ အစာပို၍ ရှားပါးသွားပြန်သည်။ ပြောင်းရိုး ကျွေးခြင်းကိုလည်း အများကြီးလျှော့ပစ် လိုက်သည်။ ကောက်ရိုးကို ခု၍ စားရန် အတွက်လည်း ကောက်ရိုးများ အောက် ကုန်သဖြင့် အခက်နှင့် တွေ့ကြရသည်။ တိရစ္ဆာန်များမှာ ဖွဲကြမ်းများ မြေပဲခွံများ နှင့်သာ ရက်ပေါင်းများစွာ ရောင့်ရဲကြရ သည်။ ငတ်မွတ်ခြင်းဘေးနှင့်ပင် တွေ့ ကြရမည် ကဲ့သို့ ထင်ရသည်။

ဤအကြောင်းကို အပြင်က လူသား များ မကြားမသိရအောင် ဖုံးဖိနိုင်မှ ဖြစ် မည်။ ဓါတ်မီးစက် တည်နေယင်း ပျက် သွားသဖြင့် လူသားများက အားအရကြီး ရပြီးလျှင် ခြေလေးချောင်းကွင်းအကြောင်း မဟုတ် မတရား နောက်ထပ်ပြောကြသည်။ လူသားတို့ အပြောမှာ ခြေလေးချောင်း ကွင်းတွင်းငတ်ပြတ်နေကြပြီ။ အချို့ လည်း ငတ်၊ အချို့လည်း ကပ်သင့်၍ သေကုန်ကြပြီ။ တကောင်နှင့် တကောင် လည်း အမြဲခိုက်ရန်ဖြစ်၍ နေကြသည်။ ဇာတ်တူသားချင်းလည်း စားကုန်ကြပြီ။ နို့စို့ရွယ်တိရစ္ဆာန်များကိုလည်း မကျွေး မွေးနိုင်သဖြင့် သတ်ပစ်ကြရပြီ စသည်တို့ သည်။ ထိုကြောင့် ဗန္ဓုလက ခြေလေး ချောင်းကွင်းတွင် အစာရှားပါးနေသည့် အကြောင်းကို မှန်သည့်အတိုင်း လူသား များ သိသွားလျှင် ကိုယ်ကျိုးနည်းကုန်မည် ဖြစ်သဖြင့် ဦးသာရာကိုခေါ်၍ မလိမ့်တ ပတ် ခြေလေးချောင်းကွင်း၌ အင်မတန် သာယာပြေဖြစ်နေသည်ဟု အထင်ရောက် အောင် ဝါဒဖြန့်ခိုင်းဖို့ စီစဉ်သည်။

ဗန္ဓုလသည် နွားစာခွက်ဝက်စားခွက် စသည်များကို အောက်ကသဲမပြည့်တ ပြည့်ထည့်ပြီးလျှင် အပေါ်က စပါး ပြောင်းဖူးစေ့ ပြောင်းရိုး နှမ်းဖတ် စသည် တို့နှင့် အမောက်အလျှံကြီး ဖုံးထားရန် အမိန့်ထုတ်ပြီးနောက် လက်ရွေးစဉ် သိုး များနှင့် အခြားတိရစ္ဆာန်ကိုးကောင် ဆယ်ကောင်ကိုခေါ်၍ အစားခိုင်းထား ပြီးလျှင် ဦးသာရာကို ထိုတိရစ္ဆာန်များ အစာစားနေသည်ကို မြင်နိုင်လောက်သည့် နေရာသို့ထိအောင် ပရိယာယ်ဆင်၍ ခေါ် လာစေသည်။ ဦးသာရာသည် ဗန္ဓုလ၏ပရိယာယ်ကို နားမလယ်သဖြင့် အစာ ပြည့်လျှံနေသော စားခွက်များ၌ တိရစ္ဆာန် များ စားနေသည်ကို မြင်သောအခါ ခြေ လေးချောင်းကွင်းမှာ တယ်အစာတွေ ပေါပေါက်လားဟု အောက်မေ့ကာ အပြင် သို့ ရောက်သွားလျှင် ရောက်သွားခြင်း သူနှင့် တွေ့သည့် လူသားတိုင်းကို ပြောပြ သည်။

ကဆုန်နယုန်ကျသောအခါအပြင် မှ တနည်းနည်းနှင့် စပါးမရလျှင် အခက် နှင့်တွေ့ရဖို့ ဘေးဆိုက်၍ နေသည်။ ထို အတောအတွင်း ဗန္ဓုလမှာ ခါတိုင်းကဲ့သို့ အပြင်သို့ထွက်ခြင်း မရှိဘဲ ဦးသာခေါင် အိမ်ထဲမှာသာ နေသည်။ တံခါးဝများ၌ လည်း ကြောက်မက်ဖွယ် ကောင်းသော ခွေးကြီးများကို အစောင့်ထားသည်။ တ ခါတရံ အပြင်သို့ ထွက်ပြန်ပါလည်း ခွေးများ နီးကပ်စွာ ခြံရံပြီးလျှင် အခမ်း အနားနှင့်ထွက်သည်။ ခွေးများသည် ဗန္ဓုလအနားသို့ နီးအောင် ကပ်လာသော တိရစ္ဆာန်တိုင်းကို ဆီး၍ ဟိန်းသည်။ ထို့ပြင် ဗန္ဓုလသည် တနင်္ဂနွေနေ့မနက် တွင် အမိန့်ပေးစရာ ရှိသည်များကို ခါ တိုင်းကဲ့သို့ ကိုယ်တိုင် ထွက်၍ ပေးချင်မှ ပေးပြီးလျှင် သံကြောင်ကိုသာ အမိန် ပေး၍ တဆင့်ခိုင်းသည်။

တနေ့သော တနင်္ဂနွေနေ့ မနက်တွင် သံကြောင်က ဥခါစ ကြက်မများသည် ဥသမျှ ကြက်ဥများကို ပေးကြရမည်ဟု အမိန့်ထုတ်သည်။ ဗန္ဓုလသည် လူသား များထံသို့ တနင်္ဂနွေတပတ်လျှင် ကြက်ဥ လေးရာသွင်းရန် ဦးသာခေါင်နှင့် စာချုပ် ထားသည်။ ဗန္ဓုလ၏ အကြံမှာ ကြက်ဥ ရောင်းရသော ငွေစနှင့် စပါးပြောင်းရိုး စသည်တို့ အလုံအလောက်ဝယ်ရန် ဖြစ် သည်။ ထို့မှသာ ခြေလေးချောင်း၏ ငတ် မွတ်ခြင်း ပြဿနာမှာ ပြေပျောက်နိုင်ချေ မည်။
သူတို့ဥသမျှ ကြက်ဥများကို အ ကုန်ပေးရမည်ဟု ပြောသောအခါ ကြက်မ များက ကျယ်လောင်စွာ ကန့်ကွက်ကြ သည်။ သူတို့ ဥသမျှ ကြက်ဥများကို ယူ ရလိမ့်မည်ဖြစ်ကြောင်းနှင့် တင်ကြို၍ ပြောထားသည်မှာ မှန်သော်လည်း ကြက် မများက တကယ် ယူလိမ့်မည်ဟု မထင်မိ ခဲ့ကြ။ ကြက်မများက သူတို့ ဥသမျှကို အကုန်ယူမည်ဆိုလျှင် မျိုးကို ပြုတ်စား သည်နှင့် တူလိမ့်မည်ဖြစ်ကြောင်းနှင့် ပြောကြသည်။ ဤကိစ္စမှာ အတော်အရေး ကြီးသည်။ ဦးသာခေါင်ကို တော်လှန် လိုက်ပြီးနောက် ဤကိစ္စလောက် အရေး ကြီးသော ကိစ္စမပေါ်ဘူးသေး။ ကြက်မ သုံးကောင်က ခေါင်းဆောင်၍ ဗန္ဓုလ၏အစီအစဉ်ကို မပျက်ပျက်အောင် ဖျက်ကြ ဖို့လုပ်သည်။ အားလုံးသော ကြက်မများ က ဥခါနီးကျလျှင် ဥကျင်းထဲ၌ မဥဘဲ ထုပ်ပေါ်သို့ ပျံတက်ပြီး ထုပ်ပေါ်က ဥ၍ ချရန် စီစဉ်ထားကြသည်။ ဤနည်းဖြင့် ဥသမျှ ကြက်ဥတို့မှာ အားလုံးကွဲ၍ ကုန် သည်။

ထိုအခါ ဗန္ဓုလက ကြက်မများကို အစာမကျွေးဘဲ ထားဖို့ချက်ခြင်း အမိန့် ထုတ်လိုက်သည်။ ဗန္ဓုလသည် လျင် လည်း လျင်သည်။ ရက်လည်း ရက်စက် သည်။ တော်လှန်နေကြသော ကြက်မများ ကို ဆန်တစေ့စပါးတလုံး သော်မျှပေးမိခဲ့ သော ထိုသို့ပေးမိသော တိရစ္ဆာန်များကို သေဒဏ်ပေးမည်ဟုလည်း ဗန္ဓုလအမိန့် ထုတ်ထားသည်။ ဗန္ဓုလ၏ သေဒဏ်အ မိန့်ကို တိရစ္ဆာန်များ ကြပ်တည်းစွာ လိုက်နာကြရန် ခွေးများကို အစောင့်ခိုင်း သည်။ ကြက်မများသည် ငါးရက်တိုင် အောင် တော်လှန်ကြပြီးနောက် ဆဋ္ဌမ နေ့တွင် လက်မြှောက်ကာ ဥကျင်းသို့ ပြန်၍ ဥကြရသည်။ ထိုအတောအတွင်း၌ ကြက်မကိုးကောင်သေသွားသည်။ သူတို့ ရုပ်အလောင်းများကို ခြံစည်းရိုးထောင့် တွင် မြှုပ်ပီးလျှင်သူတို့ သေခြင်းမှာ ကြက်နာကျ၍ သေခြင်းဖြစ်သည်ဟု ပြော သည်။ ဦးသာရာမှာ ဤအကြောင်းများနှင့် ပတ်သက်၍ ဘာမျှ မကြားမသိရ။ ဗန္ဓုလ သည် စာချုပ်ရှိသည့်အတိုင်း ကြက်ဥ လေးရာကို တနင်္ဂနွေတပတ်တခါကျ ဦး သာရာလာယူတိုင်း ဆီး၍ပေးသည်။ ဦးသာရာက လှည်းနှင့်လာ၍ ယူသည်။

ထိုအတောအတွင်း၌ ဘော်ဖြူ အ ကြောင်းဘာမှ သတင်းမကြားရ။ ဘော်ဖြူ သည် ဦးပေါက်ကျော်ကွင်းဖက်၌ ပုန်းနေ သလိုလို ဦးအောင်ပန်းကွင်းဖက်၌ ပုန်း နေသလိုလို ကောလာဟလ ပြောသံကြား ရသည်။ ထိုအခါတွင် ဗန္ဓုလမှာ အနီးအ နားရှိ လူသားများနှင့် ယခင်ကထက် ပို ၍ သဟဇတ်ဖြစ်၍ နေသည်။ ခြေလေး ချောင်းကွင်းက ပျဉ်ထောင်အိမ်ကြီးတခုကို ဖျက်၍ ထားသော သစ်သားပုံကြီးတခုရှိ သည်။ ထိုသစ်သားပုံကြီးကို ရောင်းလျှင် ဈေးကောင်းကောင်း ရလိမ့်မည်ဟု ဦးသာ ရာက ဗန္ဓုလကို ပြောသည်။ ဦးပေါက် ကျော်နှင့် ဦးအောင်ပန်း နှစ်ယောက်လုံးက ထိုသစ်သားများကို အင်မတန်လိုချင်နေ ကြသည်။ ဘယ်သူ့ကို ရောင်းရမည်ဟု ဗန္ဓုလစိတ်ထဲ၌ ဆုံးဖြတ်၍မရသေး။ သစ် သားများကို ဦးပေါက်ကျော်ကိုဘဲ ရောင်း လိုက်တော့မည်ဟု လုပ်လိုက်ပြန်လျှင် ဘော်ဖြူမှာ ဦးပေါက်ကျော်ကွင်း၌ ပုန်း၍ နေသည်ဟု ဖြစ်ရပြန်သည်။ တဖန် ဦး အောင်ပန်းသို့ ရောင်းလိုက်တော့မည် လုပ်လိုက်ပြန်သောအခါလည်း ဘော်ဖြူ မှာ ဦးအောင်ပန်းကွင်း၌ ပုန်း၍ နေသည် ဟု ဖြစ်ရပြန်သည်။

တနေ့သော နွေဦးပေါက်မနက်ခင်း တွင် ရုတ်တရက် ထိတ်လန့်ဖွယ် သတင်းတခုကြားရသည်။ ထိုသတင်းအရ ဘော်ဖြူသည် ညညတွင်ခဏခဏ ခြေ လေးချောင်းကွင်းသို့ တိတ်တိတ်ပုန်း လာလာနေသည်။ ဘော်ဖြူသည် ညတိုင်း လာ၍ စပါးကို ခိုး နို့ပုံးကိုမှောက် ကြက် ဥတွေကို ခွဲပျိုးခင်းတွေကိုနင်း သစ်ပင် တွေကို ကိုက်ပစ်နေသည်။ ထိုသတင်း ကြောင့် တိရစ္ဆာန်များမှာ ညညတွင် အိမ် မပျော်နိုင်အောင် ရှိကြသည်။ တခုခုမ ကောင်းသော ဖြစ်လျှင် ဘော်ဖြူကိုဘဲ ချကြသည်။ ပြူတင်းပေါက်တခုခု ပျက် သွားသည်ဖြစ်စေ ရေမြောင်းတခုပိတ်၍ နေသည်ဖြစ်စေ တာဟာ ညက ဘော်ဖြူ လာလုပ်သွားတာဘဲဟု ပြောကြသည်။
စပါးကျီကသော့ပျောက်သွားလျှင်လည်း ညက ဘော်ဖြူလာပြီး ခိုးသွားသည်ဟု တိရစ္ဆာန်အားလုံးက ယုံကြသည်။ သော့ မှာ အထားမှား၍ ရှာမတွေ့ခြင်း ဖြစ်ပြီး လျှင် နောက်နှမ်းဖတ်အိတ်နားက ပြန်၍ တွေ့တာတောင် သော့ကို ဘော်ဖြူခိုး သွားသည်ဟုပင် ဆက်၍ယုံကြသည်။ နွားမများကလည်း သူတို့အိပ်ပျော်နေ ကြတုန်း ဘော်ဖြူတိတ်တိတ်လာပြီး သူ တို့ အိပ်ပျော်နေကြတုန်း ဘော်ဖြူတိတ် တိတ်လာပြီး သူတို့နို့ကို ညှစ်ယူသွားပါ သည်ဟု တညီတညွတ်တည်း ပြောကြ သည်။

ဗန္ဓုလက ဘော်ဖြူလုပ်ကိုင်နေ သမျှကို အကုန်သိအောင် စုံစမ်းရမည်ဟု အမိန့်ထုတ်သည်။ ဗန္ဓုလသည် နောက်ပါ ခွေးများနှင့် တကွင်းလုံးနှံ့နေအောင် လိုက်၍ စစ်ဆေးသည်။ အခြားတိရစ္ဆာန် များက ခပ်လှမ်းလှမ်းက နေ၍ လိုက်ကြ သည်။ ဗန္ဓုလသည် လေးငါးလှမ်းသွား မိယင်းတခါ အနံ့ခံယင်းလုပ်သည်။ ပြီး လျှင် ဘော်ဖြူအနံ့ကို သူသိသည်ဟု ပြောသည်။ ကုန်းစောင်းမှာရော ကျီထဲမှာရော ကြက်ခြံထဲမှာရော ချဉ်ပေါင်ခင်းထဲမှာရော ဘယ်နေရာမှာ မဆို ဘော်ဖြူ အနံ့ရသည်ဟု ဗန္ဓုလက ပြောသည်။ နောက်ဆုံးတွင် ဗန္ဓုလသည် မြေကြီးကို နှုတ်သီးနှင့် လေးငါးခြောက် ခါ နမ်းပြီးလျှင် “ဒီနေရာကို ဘော်ဖြူ ရောက်တယ်။ သူအနံ့ကို ငါကောင်း ကောင်းသိတယ်”ဟု ကျယ်လောင်စွာ ပြောသည်။ ဘော်ဖြူနာမည်ကို ပြောသံကြားလိုက်သည်နှင့် တပြိုင်နက် ခွေးများက သွားများကို ဖြီးပြီးလျှင် ကြောက်မက်ဖွယ်ဟိန်းကြသည်။

ဘော်ဖြူသည် မမြင်ကွယ်ရာမှ နေ၍ တိရစ္ဆာန်တို့အား အမြဲရန်ရှာ၍ နေသည်ဟု အထင်ရောက်ကာ တိရစ္ဆာန် များသည် ဘော်ဖြူကို အလွန်ကြောက်ရွံ့ ကြသည်။ ညနေစောင်းတွင် သံကြောင် သည် မျက်စိပျက်ပျက် မျက်နှာပျက်ပျက် နှင့်လာ၍ တိရစ္ဆာန်များကို စုဝေးစေ ပြီးလျှင် အရေးကြီးသော သတင်းတရပ် ကို ပြောပြသည်။
သံကြောင်က”ရဲဘော်တို့ ဦး အောင်ပန်းသည် ငါတို့ခြေလေးချောင်း ကွင်းကိုလာ၍ တိုက်ဖို့ စီစဉ်လျက်ရှိ သည်။ ဘော်ဖြူသည် ဦးအောင်ပန်း၏ ငွေကိုစား၍ ဦးအောင်ပန်းဖက်မှ တပ်ဦး ဘီလူးအဖြစ်နှင့် ဝင်၍ တိုက်လိမ့်မည်။ ဘော်ဖြူဟာ တကောင်ကောင်းစိတ်နှင့် သာ ငါတို့ကို တော်လှန်သွားတယ်လို့ ထင်မိခဲ့တယ်။ လက်စသတ်တော့ ဘယ် ဟုတ်မလဲ ။ အစကနဦးကဘဲ ဘော်ဖြူ ဟာ ဦးသာခေါင်ရဲ့ သူလျှိုဘဲ။ ဘော်ဖြူ ဟာ ဦးသာခေါင်ရဲ့ သူလျှိုဆိုတာ သူ ထွက်ပြေးပြီး နောက်ကျန်နေရစ်ခဲ့တဲ့ စာတွေအရ ထင်ရှားနေပြီ။ ဒီစာတွေကို ဒို့က အခုမှ တွေ့ရတယ်။ အစတုန်း ကတော့ ငါတို့ကလဲ မစဉ်းစားမိကြဘူး။ နွားတင်း ကုပ်တိုက်ပွဲတုန်းကလဲ ငါတို့ ကို ဘော်ဖြူက အရေးနိမ့်အောင် ကြံသေးတယ်။ မောင်မင်းကြီးသား အကြံ အထမမြောက်ပေလို့ပေါ့။ သူအကြွသာ အထမြောက်မယ်ဆိုယင် ငါတို့တတွေမှာ အကြီးအကျယ်ဒုက္ခဘဲ”ဟု တုန်တုန်ရီရီနှင့် ပြောသည်။

တိရစ္ဆာန်များသည် ပါးစပ်ဟောင်း လောင်းနှင့် ဘာမှ မပြောနိုင်ကြ။ ယခု ဘော်ဖြူ၏ အကြံမှာ ဓါတ်မီးစက်ကို ဖျက်သည့် အကြံထက်ပင် ဆယ်ပြန် ဆယ့်ငါးပြန် ဆိုးသည် ။ နွားတင်းကုပ် တိုက်ပွဲတွင် ဘော်ဖြူသည် တပ်ဦးမှ ချီ၍ ရဲဝံ့စွာ တိုက်ခဲ့သည်။ ဦးသာခေါင်က သေနတ်နှင့် ပစ်လိုက်သောအခါလည်း ဘော်ဖြူ၏ ကျောကိုမှန်သွားသည်။ သို့နှင့်လည်း ဘော်ဖြူသည် ဦးမသုံလည် မလှည့်ခဲ့သည်။ ဤအကြောင်းများကို တိရစ္ဆာန်များအားလုံးပင် မှတ်မိကြ သည်။ ယခုအခါ ဘော်ဖြူသည် ဦးသာ ခေါင်၏ သူလျှိုဖြစ်သွားပြီဆိုခြင်းမှာ ယုံကြည်နိုင်ဖို့ ခဲယဉ်းသည်။ ဘာမျှမမေး မစမ်းနေလေ့ ရှိသော ဂျိုကားကတောင် ပင် ဘော်ဖြူ၏ အကြောင်းကို မယုံနိုင် အောင်ရှိသည်။ ဂျိုကားသည်ဝပ်၍ မျက်စိကို စုံမှိတ်၍ စဉ်းစားကြည့်ပြီးလျှင် ” ဘော်ဖြူဟာ သူလျှိုလုပ်နေတယ်ဆိုတာ ငါတော့မယုံ ဘူး။ နွားတင်းကုပ် တိုက်ပွဲ တုန်းက ရှေ့ဆုံးက နေတိုက်တာ ဘော်ဖြူ ဘဲမဟုတ်လား။ တာကို ငါကိုယ်တိုင်မြင် တာဘဲ။ ပြီးတော့ အဲဒီတိုက်ပွဲပြီးပြီး ခြင်းဘဲ ဘော်ဖြူကို ငါတို့က တိရစ္ဆာန် ဇာနည် ပထမတန်းဘွဲ့ထူနဲ့ ငါတို့ခြီးမြှင့် ကြတာဘဲ”မဟုတ်လားဟု ပြောသည်။
သခင်ဘသောင်း
ဆက်လက်ဖော်ပြပါမည်


  • ခြေလေးချောင်းတော်လှန်ရေး (၁)
  • ခြေလေးချောင်းတော်လှန်ရေး (၂)
  • ခြေလေးချောင်းတော်လှန်ရေး (၃)
  • ခြေလေးချောင်းတော်လှန်ရေး (၄)
  • ခြေလေးချောင်းတော်လှန်ရေး (၅)
  • ခြေလေးချောင်းတော်လှန်ရေး (၆)
  • ခြေလေးချောင်းတော်လှန်ရေး (၇)
  • ခြေလေးချောင်းတော်လှန်ရေး (၈)
  • ခြေလေးချောင်းတော်လှန်ရေး (၉)
  • ခြေလေးချောင်းတော်လှန်ရေး (၁၀)
  • ခြေလေးချောင်းတော်လှန်ရေး (၁၁)
  • ခြေလေးချောင်းတော်လှန်ရေး (၁၂)
  • ခြေလေးချောင်းတော်လှန်ရေး (၁၃)
  • ခြေလေးချောင်းတော်လှန်ရေး (၁၄)
  • ခြေလေးချောင်းတော်လှန်ရေး (၁၅)
  • No comments:

    Post a Comment