Latest News

Friday, February 16, 2018

အဖြည့်ခံ

အဖြည့်ခံ

လူသားဆိုတာ တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုပြီး အသက်ရှင်ကြတဲ့ သက်ရှိတွေပါပဲ။ လူတစ်ယောက်ရဲ့ အလိုကို ကျန်တစ်ယောက်က လိုက်လျောပေးရတတ်ပါတယ်။ လိုတာမှန်သမျှ မျက်နှာမညိုစေရအောင် စောင့်ရှောက်ပေးရတယ်။ အဲဒီလိုဖြည့်ဆည်းပေးရလို့လဲ နစ်နာတယ်လို့မတွေးတတ်ပဲ ဆန္ဒအရကို ဖြည့်ဆည်းပေးတတ်ပါတယ်။ ၀မ်းနည်းခြင်းကို မျှဝေခံစားပေးပြီး၊ ၀မ်းသာမှုကိုလည်း ပိုပြီးစိုပြေအောင် အားဖြည့်ပေးတတ်ပါတယ်။

ဒီလိုလူတွေကို အဖြည့်ခံလို့ခေါ်ပါတယ်။ အဖြည့်ခံတိုင်းဟာ ဆင်းရဲသားမဟုတ်သလို၊ ဆင်းရဲတိုင်းလည်း အဖြည့်ခံဖြစ်မလာပါဘူး။ ဘုရားလောင်းအတွက်ဆိုရင် ယသောဓရာဟာ အဖြည့်ခံမျှသာပါ။ ဘုရားဖြစ်ပြန်တော့ ညီတော်အာနန္ဒာက ဘုရားရှင်အတွက် အဖြည့်ခံပါ။ တန်ဘိုးရှိသော လူတစ်ယောက်အတွက် အလိုလိုချစ်ခင်ကြည်ညိုစိတ်ဖြစ်ပေါ်ပြီး ကိုယ်ကျိုးကိုထည့်မတွက်တော့ပဲ လိုအပ်ချက်တွေဖြည့်ဆည်းပေးခြင်းဟာ တစ်ဘက်ကကြည့်ရင် အဖြည့်ခံ၊ တစ်ဘက်ကကြည့်ရင် ပါရမီဖြည့်ဘက်ပါ။

ကောင်းမြတ်သောအလုပ်တွေ ပြီးစီးစေဖို့ ပံ့ပိုးကူညီ ပါရမီဖြည့်ပေးနေတဲ့ ကိုယ်ကျိုးစွန့်လူသားဆိုတာ လောကမှာအများကြီးပါပဲ။ ကိုယ်ကျိုးကို နည်းနည်းမှကို ထည့်မတွက်တတ်တာပါ။ အင်မတန်အံ့သြစရာ ကောင်းတဲ့လူသားတွေပါ။ လောကမှာ ယူတာလွယ်ပါတယ်။ ပေးတာမလွယ်ပါဘူး။ ဒီထက်မလွယ်တာက ကိုယ့်ရဲ့ ကိုယ်အားနဲ့ ရင်းပြီး၊ စိတ်ခံစားမှုလည်း အပြည့်ပေးပြီး ပံ့ပိုးတာပါပဲ။ မလွယ်ပါဘူး။ နှလုံးသား မြင့်မြတ်သူတို့မှ လုပ်နိုင်တာပါ။ သူတို့ကြောင့် သူတော်ကောင်းတွေ မတောင့်မတ၊ မကြောင့်မကြ အလုပ်လုပ်နိုင်ကြတာပေါ့။

သာမန်ကြည့်ရင် ဒီလိုလူစားမျိုးမရှိဘူးလို့ ထင်ရပေမဲ့ လူတိုင်းဟာ အနည်းဆုံး လူတစ်ယောက်အတွက်တော့ ဘာကိုယ်ကျိုးမှခံစားခွင့်မရှိပဲ ဖြည့်ပေးနေကြတာပါပဲ။ မိဘက သားသမီးအတွက် သူ့ကိုယ်ကျိုးမပါပဲ ဆန္ဒတွေဖြည့်ပေးတတ်တဲ့ အဖြည့်ခံသက်သက်ပါ။ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ လူစားမျိုးမှာတောင် ဖြည့်ဆည်းပေးတဲ့သူရှိနေတတ်သေးပါတယ်။ အရမ်းအံ့သြစရာကောင်းတဲ့ စိတ်ခံစားမှုမျိုးပါ။ သူက ဖြည့်ဆည်းပေးနိုင်တာကိုပဲ စိတ်ကြေနပ်မှုရနိုင်တဲ့ လူစားမျိုးပေါ့။

တစ်ချို့လူ့အဖွဲ့အစည်းတွေမှာဆို ခေါင်းဆောင်ကို နောက်လိုက်တွေအများကြီးက မျက်နှာမညိုအောင် အလိုလိုက် ဖြည့်ဆည်းပေးနေတာတွေ တွေ့ရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ လူ ၂ မျိုးကို တွေ့ရပါတယ်။ တစ်မျိုးက သူ့ကိုယ်ကျိုးအတွက် ၀န်ဆောင်မှုကို အရင်းအနှီးတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံနေတဲ့လူစားမျိုးနဲ့ နောက်တစ်မျိုးက ပုဂ္ဂိုလ်ရေးကြည်ညိုမှု၊ လေးစားမှု၊ ချစ်ခင်မှု၊ စွဲလန်းမှုကြောင့် တမင်ကို အကျိုးဆောင်ပေးနေချင်၊ ဖြည့်ဆည်းပေးနေချင်တဲ့ ကိုယ်ကျိုးထည့်မစဉ်းစားတဲ့ လူစားမျိုးပါ။ သာမန်ကြည့်ရင် ဒုတိယအမျိုးအစားလူတန်းစားကို နိမ့်ကျတယ်လို့ ထင်မှတ်သွားနိုင်ပေမဲ့ အင်မတန်လေးစားစရာကောင်းတဲ့ နှလုံးသားပိုင်ရှင်မျိုးပါ။

လူတစ်ယောက်အတွက် အချိန်ပေးရတယ်၊ ကိုယ်အားကိုပေးရတယ်၊ ငွေကြေးပါ ထောက်ပံ့သင့် ထောက်ပံ့ရသေးတယ်။ ဒါပေမဲ့ ဒီလိုပေးနေရတာကို နစ်နာတယ်လို့ မထင်တတ်ပြန်ပါဘူး။ သူက အဲဒီလိုလုပ်ရတာကို ကြေနပ်နေတာလေ။ လူတိုင်းမှာ ဒီလိုသဘောလေးတွေရှိတတ်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့နှလုံးသားထဲကို နည်းတစ်မျိုးမျိုးနဲ့ ရောက်နေသူအတွက်ပေါ့။

ပေးသူက ပေးတဲ့အခါ ယူတဲ့သူဘက်မှာဖြစ်တတ်တာက လွယ်လွယ်ရတော့ တန်ဘိုးမထားဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။ အသုံးချရုံသက်သက်ပဲ ဆက်ဆံတာတွေ၊ လိုသုံးပဲ သုံးတာတွေ၊ ဂရုမစိုက် အလေးမထားတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို မသိတတ်သူနဲ့တွေ့ရင် အဖြည့်ခံတွေရဲ့ ဘ၀ဟာ သနားစရာဖြစ်သွားပါတယ်။ သူကတော့ လိုတာဖြည့်ပေးပေမဲ့ သူလိုအပ်တဲ့အခါ တစ်ယောက်ထဲ ဖြေရှင်းရတာမျိုးတွေ၊ တစ်ယောက်ထဲငိုကြွေးရတာတွေပဲ အဖော်ဖြစ်နေတတ်တာပေါ့။ အဖြည့်ခံလူစားမျိုးရဲ့ စိတ်နေစိတ်ထားကို နားလည်ရင် ပြန်ဖြည့်ဆည်းပေးသင့်ပေးရပါမယ်။

ဘုန်းကြီးမှာဆို တပည့်တွေအများကြီးရှိတယ်။ အဲဒီထဲမှာမှ ကိုယ့်ကိုဘယ်သူက စိတ်လုံးလုံးပေးထားတာလဲ ဆိုတာသိတာပေါ့။ မတောင်းတတ်ပဲ ပေးတာပဲယူပြီး၊ ကျွေးတာပဲစားတတ်တဲ့၊ ကိုယ်လိုရင် အချိန်မရွေးအဆင်သင့်ဖြစ်နေတတ်တဲ့ တပည့်တွေ၊ ဒကာတွေရှိတာပေါ့။ ဒီလိုလူမျိုးတွေကို ပါးနပ်စွာ ပြန်ဖြည့်ဆည်းပေးရပါတယ်။ ဥပမာ သူ့အတွက် ကိုယ်လုပ်ပေးနိုင်တာမျိုးတွေရှိလာရင် မငြိုမငြင် ဖြေရှင်းပေးခြင်း၊ ဖြည့်ဆည်းပေးခြင်းအားဖြင့် ပြန်ကြည့်ရတာပေါ့။ သူတို့တွေဟာ ရိုးသားပြီး၊ အလိုနည်းတဲ့ လူစားမျိုးတွေပါ။ အလုပ်များများလုပ်လာရင် ဒီလိုလူမျိုးတွေကို တွေ့လာရပါတယ်။ သာမန်သဘောမထားလိုက်ပါနဲ့။

သူတို့မှာလည်း ဘ၀လိုအပ်ချက်ကိုယ်စီနဲ့ပါ။ လူတစ်ယောက်ရဲ့ လုပ်အားကိုယူပြီးရင်၊ ထိုက်တန်တာတော့ ပြန်ပေးပါ။ ငွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ မေတ္တာပါပေးပါ။ အရင်ထက်ပိုပြီး ပျော်စရာကောင်းတဲ့ အခြေအနေတွေကို ရရှိလာမှာမလွဲပါဘူး။ တောင်းဆိုမှုတစ်စက်မပါပဲ ကိုယ့်အတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတာ မေတ္တာစစ်ပဲ။ ဘာပြန်ပေးမှ ဘာလုပ်ပေးမယ်ဆိုတာမျိုးမဟုတ်ပဲ မေတ္တာသက်သက်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ အဖြည့်ခံတွေကို ရခဲ့မယ်ဆိုရင် သူတို့ကို မနာကျင်ပါစေနဲ့။

မေတ္တာနဲ့တည်ဆောက်ထားတဲ့ ဘယ်ဆက်ဆံရေးမျိုးမဆို ခွန်အားကိုဖြစ်စေပြီး၊ ပျော်ရွှင်မှုကိုပေးပါတယ်။ အနားကလူကို တန်ဘိုးထားတတ်ပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်

No comments:

Post a Comment