Latest News

Sunday, July 4, 2021

ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ

''

 ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ

==================================
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေတဲ့မေးခွန်းတစ်ခုရှိတယ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီမှာ ဘယ်ဟာအရင်လာသင့်လဲဆိုတဲ့မေးခွန်းပဲ။ ဒီမေးခွန်းက တကယ် misleading ဖြစ်တယ်။ ဘယ်ပုဂ္ဂိုလ်က ရွှေဉာဏ်တော်စူးရောက်ပြီး ဒီလိုမေးခွန်းမျိုးမေးလိုက်မှန်းမသိပေမယ့် ဒီမေးခွန်းကို ဗမာတွေဘက်ကလာတာတွေ့ရတယ်။ ဒီမေးခွန်းလိုပဲ “ဒီမိုကရေစီရှိမှ ဖက်ဒရယ်ရနိုင်မယ်၊ ဒါကြောင့် ဒီမိုကရေစီရအောင် အရင်လုပ်ရမယ်” ဆိုတဲ့အဆိုဟာလည်း မှားယွင်းတဲ့အဆိုပဲ (ပြီးခဲ့တဲ့ငါးနှစ်မှာ NLD ဟာ ၂၀၀၈ ခြေဥပြင်ရေးကြိုးပမ်းရာမှာ ဒီအယူအဆကိုအခြေခံတာတွေ့ရတယ်)။ ကျွန်တော်ကတော့ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုအရ သမိုင်းကြောင်းအရ မတူကွဲပြားတဲ့ လူမျိုးစုတွေနေထိုင်တဲ့ လူမျိုးစုံနိုင်ငံ (Multi-ethnic State) ဖြစ်လို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဟာ ပြိုင်တူဖော်ဆောင်ရမယ့်အရာပဲလို့ ပြောချင်တယ်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိတိုင်းလည်း ဖက်ဒရယ်မရှိနိုင်သလို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်
=================================
၁၉၄၇ အခြေခံဥပဒေဟာ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံရဲ့ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်ကနေလွတ်လပ်တော့မယ့်မြန်မာပြည်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေကိုယ်တိုင်ရေးဆွဲပြဌာန်းနိုင်အောင် ၁၉၄၇ ဧပြီမှာ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီကနေ ရွေးကောက်ခံရတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်က ၁၉၄၇ ခြေဥကို ရေးဆွဲပြဌာန်းခဲ့တယ်။ ဒီကနေ့ခေတ်လို စစ်တပ်ကိုနိုင်ငံရေးမှာ နေရာမပေးထားဘူး။ ၁၉၄၇ခြေဥဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစစ်မှန်ဆုံးခြေဥလို့ပြောလို့ရတယ်။ ဒီအခြေခံဥပဒေကို ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းဖျက်သိမ်းတဲ့အထိ ကျင့်သုံးခဲ့တယ်။
၁၉၄၇ ခြေဥဟာ ဗဟိုနဲ့ပြည်နယ်တွေကြား အာဏာခွဲဝေမှုရှိလို့ ဖက်ဒရယ်စနစ်လို့ထင်ရပေမယ့် တကယ်တမ်းမှာ ဗမာကြီးစိုးတဲ့ တစ်ပြည်ထောင်စနစ်ဖြစ်နေတယ်။ ဒါကြောင့် ၁၉၆၁-၆၂ မှာ တိုင်းရင်းသားတွေက ၁၉၄၇ခြေဥကို လူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်စနစ်နဲ့ကိုက်ညီအောင် ပြင်ဆင်ရေးအတွက် ကြိုးပမ်းခဲ့ကြတယ်။ ဒါကိုအကြောင်းပြပြီး ၁၉၆၂ မတ်လမှာ နေဝင်းကအာဏာသိမ်းလိုက်တယ်။ (နေဝင်းအာဏာမသိမ်းရင်ရော ဗမာတွေက ဖက်ဒရယ်မူကိုလက်ခံပါ့မလား၊ ဖက်ဒရယ်မူနဲ့အညီ ခြေဥပြင်ပါ့မလားဆိုတာ မေးစရာရှိတယ်၊ ဒါကိုတော့နောက်မှ အလျဉ်းသင့်သလိုပြောမယ်) အောက်ပါအချက်တွေကိုကြည့်ရင် ၁၉၄၇ ခြေဥဟာ ဘာကြောင့် ဖက်ဒရယ်နဲ့မကိုက်ညီလဲဆိုတာမြင်ပါလိမ့်မယ်။
(၁) အာဏာခွဲဝေမှု
============================
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တတိယဇယားမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့အကြား ဥပဒေပြုအာဏာတွေကို ခွဲဝေပေးထားပါတယ်။ တတိယဇယားမှာ စာရင်းနှစ်ခုရှိပါတယ်။ စာရင်း (၁) က ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရကိုအာဏာအပ်နှင်းထားတဲ့ ကိစ္စရပ်တွေ (Subjects) ပါ,ပါတယ်။ စာရင်း (၂) ကတော့ ပြည်နယ်ဥပဒေပြုစာရင်းဖြစ်ပြီး ပြည်နယ်တွေကိုအာဏာအပ်နှင်းထားတဲ့ နယ်ပယ်တွေဖြစ်ပါတယ်။ စာရင်း (၁) မှာ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေစက္ကူနှင့်ဒင်္ဂါးသွန်းလုပ်ရေး၊ သစ်တော၊ သတ္တုတွင်းနဲ့ ရေနံမြေ၊ လျှပ်စစ်ဓာတ်တို့အပါအဝင် အရေးအကြီးဆုံးကိစ္စရပ်တွေပါတယ်။ စာရင်း (၂) မှာတော့ ဒေသန္တရအုပ်ချုပ်ရေး၊ မြေခွန်တို့လို့ ပြည်နယ်တွင်းရေးရာနဲ့ဆိုင်တဲ့နယ်ပယ်တွေ ပါတယ်။
ဖက်ဒရယ်နိုင်ငံတွေမှာ အာဏာခွဲဝေတဲ့ပုံစံအမျိုးမျိုးရှိပေမယ့် အဓိကကွဲပြားသွားတာက ကြွင်းကျန်အာဏာ (Residual Power) ကို ဗဟိုအစိုးရမှာထားမလား ပြည်နယ်တွေမှာထားမလားဆိုတာပဲ။ ကြွင်းကျန်အာဏာဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဥပဒေပြုစာရင်းထဲမှာမပါတဲ့ကိစ္စရပ်တွေကို ဆိုလိုတာပါ။ တချို့ဖက်ဒရယ်နိုင်ငံတွေမှာ ဗဟိုအစိုးရအတွက်ဥပဒေပြုစာရင်းတစ်ခုပဲ သတ်မှတ်ပြီး အဲဒီစာရင်းထဲမှာမပါတဲ့ ကျန်တဲ့အာဏာတွေ (Residual Power) ကို ပြည်နယ်အစိုးရတွေဆီမှာ အပ်ထားတယ်။ တချို့ဖက်ဒရယ်နိုင်ငံတွေမှာတော့ ဗဟိုအစိုးရအတွက်ဥပဒေပြုစာရင်းနဲ့ ပြည်နယ်ဥပဒေပြုစာရင်းဆိုပြီး စာရင်းနှစ်ခုသတ်မှတ်ထားပြီး အဲဒီစာရင်းတွေထဲမှာမပါတဲ့ ကျန်အာဏာ (Residual Power) တွေကို ဗဟိုအစိုးရဆီအပ်ထားကြတယ်။ အိန္ဒိယမှာတော့ ဥပဒေပြုစာရင်းကို (၁) ဗဟိုအစိုးရဥပဒေပြုစာရင်း၊ (၂) ပြည်နယ်ဥပဒေပြုစာရင်း၊ (၃) ဗဟိုနှင့်ပြည်နယ်ပူးပေါင်းလုပ်ဆောင်ရမည့် ဥပဒေပြုစာရင်း (Concurrent List) ဆိုပြီး ၃ ခုလုပ်ထားတယ်။ ဂျာမနီမှာ ပြည်ထောင်စုအစိုးရဥပဒေပြုစာရင်းနဲ့ ပြည်ထောင်စု-ပြည်နယ်ပူးပေါင်းဆောင်ရွက်ရမယ့်ဥပဒေပြုစာရင်း (Concurrent List) ဆိုပြီး စာရင်းနှစ်ခုလုပ်ထားတယ်၊ ကြွင်းကျန်အာဏာ (Residual Power) ကို ပြည်နယ်တွေဆီအပ်ထားတယ်။ ၁၉၄၇ ခြေဥရဲ့ တတိဇယား၊ စာရင်း (၁) အပိုဒ် ၅ အပိုဒ်ခွဲ ၄၀ မှာ “စာရင်း ၂ တွင်ရေတွက်ဖေါ်ပြထားခြင်းမရှိသော အခြားကိစ္စများ” လို့ ဖော်ပြထားတဲ့အတွက် ၁၉၄၇ ခြေဥအရ ဗဟိုအစိုးရကို ကြွင်းကျန်အာဏာအပ်ထားတယ်။ တစ်ခါ ပြည်နယ်တွေကို အပ်ထားတဲ့လုပ်ပိုင်ခွင့်အာဏာကလည်း ပိုက်ဆံများများစားရမယ့်ဟာ သိပ်မပါဘူး။ မြေခွန်တစ်ခုပဲများများစားရနိုင်တယ်။
၁၉၄၇ ခြေဥရဲ့ အာဏာခွဲဝေမှုပုံစံမှာ နောက်ထပ်အားနည်းချက်တစ်ခုကတော့ ပြည်နယ်တွေရဲ့အကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စတွေမှာပါ ဗဟိုအစိုးရကိုထင်တိုင်းကြဲခွင့်ပေးထားတာပဲ။ ဥပမာ ပြည်နယ်တစ်ခုမှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်မယ်ဆိုပါစို့။ ရေအားလျှပ်စစ်ထုတ်မယ့်မြစ်က ပြည်နယ်ထဲမှာရှိပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ လျှပ်စစ်ဓာတ်ဟာ ဗဟိုအစိုးရရဲ့လုပ်ပိုင်ခွင့်ကိစ္စဖြစ်နေတယ်။ ဒါဆိုဘယ်လိုလုပ်မလဲ။ ၁၉၄၇ ခြေဥမှာ ဒီလိုမျိုးပြည်နယ်တွေရဲ့ အကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ပြည်နယ်အစိုးရတွေနဲ့ တိုင်ပင်ညှိနှိုင်းရမယ်လို့ မပါဘူး။ ပြည်နယ်တွေရဲ့အကျိုးစီးပွားထိခိုက်ရင် ငြင်းဆန်ပိုင်ခွင့်လည်း ပြည်နယ်တွေကို ပေးမထားဘူး။ ဒီတော့ ဗဟိုအစိုးရက လျှပ်စစ်ဓာတ်က ငါ့လုပ်ပိုင်ခွင့်ထဲပါလို့ဆိုပြီး သူစီမံချင်သလိုစီမံလို့တယ်။ ဒါဟာ သက်ဆိုင်ရာပြည်နယ်နဲ့လူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုထိခိုက်တယ်။ ဖက်ဒရယ်စနစ်မှာ ဒီလိုလုပ်လို့မရပါဘူး။ အင်္ဂလိပ်ခေတ်က နမ္မတူဘော်တွင်းကရတဲ့အခွန်တွေကို ရှမ်းပြည်တွေကို ခွဲပေးခဲ့တယ်။ ၁၉၄၇ ခြေဥအရ သတ္တုတွင်းတွေကို စီမံခန့်ခွဲပိုင်ခွင့်ရော အခွန်ကောက်ခံပိုင်ခွင့်က ဗဟိုအစိုးရဆီမှာပဲရှိတယ်။ ဒါကြောင့် နမ္မတူဘော်တွင်းဟာ ရှမ်းပြည်နယ်ထဲမှာရှိပေမယ့်လည်း ဗဟိုအစိုးရမှာ သက်ဆိုင်ရာရှမ်းပြည်အစိုးရနဲ့ ညှိနှိုင်းစရာမလိုဘဲလုပ်ပိုင်ခွင့်ရှိနေတယ်။ တကယ်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အဲဒီဘော်တွင်းကဘာအခွန်တစ်ပြားမှ ရှမ်းပြည်ကမရဘူး။ ဒီလို အာဏာခွဲဝေမှုမညီမျှတဲ့အတွက် လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်လည်းဆုံးရှုံးသလို ဘဏ္ဍာရေးအရလည်းလွတ်လွတ်လပ်လပ်မရပ်တည်နိုင်တဲ့အနေအထားဖြစ်လာတယ်။
ဖက်ဒရယ်နိုင်ငံတွေမှာ ပြည်နယ်တွေရဲ့အကျိုးစီးပွားတွေနဲ့ဆိုင်တဲ့ကိစ္စတွေမှာ သက်ဆိုင်ရာပြည်နယ်/တွေနဲ့ ဘယ်လိုညှိနှိုင်းရမယ်၊ သက်ဆိုင်ရာပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များရာက သဘောတူမှလုပ်ရမယ် အစရှိတာတွေကို ခြေဥထဲမှာ ပြဌာန်းပေးထားတယ်။
(၂) ပြည်ထောင်စုဖွဲ့စည်းပုံ
==============================
အာဏာခွဲဝေမှုမညီမျှတာကို ပိုပြီးဆိုးဝါးသွားစေတဲ့အချက်က ပြည်ထောင်စုဖွဲ့စည်းပုံပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်မှာ ပြည်ထောင်စုဖွဲ့စည်းပုံက အောက်ပါအတိုင်းဖြစ်ပါတယ် -
(၁) ဗမာပြည်မ
(၂) ရှမ်းပြည်နယ်
(၃) ကချင်ပြည်နယ်
(၄) ကရင်နီပြည်နယ် (၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေ [၁၉၅၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၆၂] အရ ကယားပြည်နယ်ဟု အမည်ပြောင်းလဲခဲ့)
(၅) ချင်းဝိသေတိုင်း (Chin Special Division)
တိုင်းနဲ့ပြည်နယ်၁၄ခုက နေဝင်းလက်ထက် ၁၉၇၄ မှ စပေါ်တာပါ။ ကရင်၊ မွန်နဲ့ ရခိုင်တို့က ပြည်နယ်မရှိသေးပါဘူး။ ၁၉၅၁ ခုနှစ်ကျမှ ကရင်ပြည်နယ်ပေါ်လာတာပါ။ မွန်နဲ့ရခိုင်ကတော့ နောက်ပိုင်းမှာ ပြည်နယ်ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ပင်လုံစာချုပ်ဟာ ဗြိတိသျှလက်အောက်ခံတွေဖြစ်တဲ့ ဗမာပြည်မ (Burma Proper/Ministerial Burma) နဲ့ တောင်တန်းဒေသသုံးခုဖြစ်တဲ့ ရှမ်း၊ ချင်း၊ ကချင်တို့ကြားထဲမှာချုပ်ဆိုခဲ့တဲ့စာချုပ်ပါ။ မြန်မာပြည်ကို အင်္ဂလိပ်ကသိမ်းပိုက်တဲ့အချိန်မှာ ရခိုင်နဲ့ အောက်မြန်မာပြည်ဟာ မြန်မာမင်းရဲ့လက်အောက်မှာ ရှိနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်တွေက ဒီနယ်တွေကို Burma Proper ရဲ့အစိတ်အပိုင်းအဖြစ်အုပ်ချုပ်ခဲ့ပါတယ်။ ( ဘုရင်ခံရဲ့ဝန်ကြီးအဖွဲ့ကအုပ်ချုပ်ရလို့ Ministerial Burma လို့လည်းခေါ်တယ်) မြန်မာပြည်ဘုရင်ခံရဲ့ ဝန်ကြီးအဖွဲ့ဟာ ဗမာပြည်မကိုအုပ်ချုပ်ရပါတယ်။ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်လက်မှတ်ထိုးသွားတာဟာ ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ်ဖြစ်လာမယ့်နယ်တွေပါ,ပါတဲ့ ဗမာပြည်မ (ပင်လုံစာချုပ်မှာတော့ Ministerial Burma လို့သုံးနှုန်းထား) ကို ကိုယ်စားပြုပြီး ထိုးခဲ့တာပါ။ အဲဒီတုန်းက ပင်လုံညီလာခံကို သံလွင်ခရိုင်က ကရင်ကိုယ်စားလှယ်တွေက လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြပါတယ်။ ကရင်နီကတော့ မင်းတုန်းမင်းလက်ထက်ကတည်းက လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပြီးသားဖြစ်တဲ့အတွက် ဒီညီလာခံကို တက်ရောက်ဆွေးနွေးစရာမလိုပါဘူး။ နောက်ပိုင်းမှာ ဗမာခေါင်းဆောင်တွေနဲ့ညှိပြီး ဗမာပြည်မနဲ့ပေါင်းကာ လွတ်လပ်ရေးယူခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဗမာပြည်မ (ရခိုင်၊ မွန်နဲ့ ကရင်ပြည်နယ် ဖြစ်လာမယ့်နေရာတွေအပါအဝင်)၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းဝိသေသတိုင်းတို့ပဲရှိပါသေးတယ်။ ၁၉၅၁ ကျမှ ကရင်ပြည်နယ်ဖွဲ့စည်းခဲ့ပါတယ် (၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်ဥပဒေ)။ ချင်းဝိသေသတိုင်းက ပြည်နယ်မဟုတ်ပေမယ့် တကယ့်လက်တွေ့မှာ ပြည်နယ်တွေနဲ့ အာဏာညီတူမျှတူရပါတယ်။
၁၉၄၇ ခြေဥကိုကျင့်သုံးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ရခိုင်နဲ့မွန်ကလွဲရင် ကျန်လူမျိုးစုတွေက ခြေဥအရသတ်မှတ်ထားတဲ့ ပြည်နယ်တွေရှိကြပါတယ်။ ဒါပေမဲ့ ဗမာတွေမှာ ဗမာပြည်နယ်မရှိပါဘူး။ ဗမာပြည်မ (ရခိုင်နဲ့ မွန်အပါအဝင်) ကို အင်္ဂလိပ်ခေတ်ကရှိခဲ့တဲ့ အုပ်ချုပ်ရေးယူနစ်တွေ (ဥပမာ - ပဲခူးဒီဝီဇံ၊ အင်းစိန်ဒိစတြိတ် အစရှိသဖြင့်) အတိုင်းပဲ ဆက်လက်ထားရှိခဲ့ပါတယ်။ ဖက်ဒရယ်နိုင်ငံတွေကိုကြည့်လိုက်ရင် လူမျိုး/ယဉ်ကျေးမှု/ပထဝီဝင်အနေအထားအပေါ် အခြေခံတဲ့ ပြည်နယ်တွေရှိပါတယ်။ သူတို့အထက်မှာမှ သူတို့အားလုံးဘုံသဘောတူထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ဗဟိုအစိုးရရှိတာပါ။ အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အိန္ဒိယ အစရှိသဖြင့် ဖက်ဒရယ်နိုင်ငံတွေအကုန် (အာဏာခွဲဝေမှုပုံစံကွာခြားပေမယ့်) ဒီအတိုင်းပါပဲ။ ဆိုလိုတာက ဗဟိုအစိုးရမှာ ပြည်နယ်လက်ကိုင်ရှိလို့မရဘူး။ ၁၉၄၇ ခြေဥအရပေါ်လာတဲ့ ပြည်ထောင်စုမှာ ဗမာပြည်နယ်လို့ သတ်သတ်မှတ်မှတ်မရှိတဲ့အတွက် ဗဟိုအစိုးရကလည်း ဗမာအစိုးရ၊ ဗမာအစိုးရကလည်း ဗဟိုအစိုးရဖြစ်နေပါတယ်။ ဒီတော့ ဗမာတွေဟာ သူတို့ဒေသကိုလည်း သူတို့ဘာသာအုပ်ချုပ်တဲ့အပြင် မညီမျှတဲ့အာဏာခွဲဝေမှုစနစ်ကနေတစ်ဆင့် ဗဟိုအစိုးရအဖြစ်နဲ့လည်း ပြည်နယ်တွေကို ချုပ်ကိုင်ထားပါသေးတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ တိုင်းရင်းသားတွေက ရှစ်ပြည်နယ်မူကို စွဲကိုင်ထားတာဖြစ်ပါတယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ဒင်္ဂါးသွန်းလုပ်ရေးနဲ့ငွေစက္ကူတို့လို အကုန်ပူးပေါင်းပြီးဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဗဟိုအစိုးရဆီအာဏာအပ်ထားပြီး ကြွင်းကျန်အာဏာ (Residual Power) အားလုံးကို ဗမာအပါအဝင်ရှစ်ပြည်နယ်လက်ထဲမှာထားမယ်၊ ဒီရှစ်ပြည်နယ်လုံးမှာလည်း ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲပြဌာန်းပိုင်ခွင့်ရှိရမယ်လို့ တောင်းဆိုနေတာ တွေ့နိုင်ပါတယ်။
(၃) အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်)
=====================================
ဖက်ဒရယ်စနစ်နဲ့ပတ်သက်လာရင် နောက်ထပ်စဉ်းစားရမယ့်အချက်ကတော့ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) ရဲ့အာဏာပါ။ ၁၉၄၇ ခြေဥအရ အထက်လွှတ်တော် (အဲဒီခေတ်အခေါ် လူမျိုးစုလွှတ်တော်) ဟာ ပြည်သူ့လွှတ်တော်နဲ့ အာဏာတန်းတူညီတူမရှိပါဘူး။ ၁၉၄၇ ခြေဥအရ လွှတ်တော်နှစ်ရပ်ဖွဲ့စည်းပုံကိုကြည့်ရအောင်ပါ။ ပုဒ်မ ၈၃ (၂) အရ ပြည်သူ့လွှတ်တော်အမတ်ဦးရေဟာ လူမျိုးစုလွှတ်တော် (ယနေ့ခေတ် အမျိုးသားလွှတ်တော်) အမတ်ဦးရေရဲ့ နှစ်ဆနီးနီးဖြစ်ရမယ်လို့ဆိုထားတယ်။ ပုဒ်မ ၈၇ နဲ့ ဒုတိယဇယားအရ လူမျိုးစုလွှတ်တော်မှာ အမတ်နေရာ ၁၂၅ နေရာရှိရမယ်လို့ ပြဌာန်းထားတယ်။ ဒီတော့ ပြည်သူ့လွှတ်တော်အမတ်ဦးရေက ၂၅၀ ဝန်းကျင်လောက်ဖြစ်ရမယ့်သဘော။ ဒုတိယဇယားအရ လူမျိုးစုလွှတ်တော် ၁၂၅ နေရာမှာ ရှမ်းပြည်နယ်က ၂၅နေရာ၊ ကချင်ပြည်နယ်က ၁၂ နေရာ၊ ချင်းဝိသေသတိုင်းက ၈ နေရာ၊ ကရင်နီပြည်နယ်က ၃ နေရာ၊ ကရင်ပြည်နယ်က ၁၅ နေရာ၊ ၆၂ နေရာကို “ပြည်ထောင်စုမြန်မာနိုင်ငံရှိ ကျန်နယ်မြေများမှ ကိုယ်စားလှယ်များ” နဲ့ ဖြည့်သွင်းရမယ်လို့ပြဌာန်းထားတယ်။ ကျန်နယ်မြေဆိုတော့ ဗမာပြည်မပေါ့။ လူမျိုးစုလွှတ်တော်မှာပါတဲ့ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီနဲ့ ကရင်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့သက်ဆိုင်ရာပြည်နယ်တွေရဲ့ ကောင်စီတွေမှာလည်းပါရတယ်။ ဒီပြည်နယ်တွေမှာ ရှမ်းပြည်နယ်ကောင်စီ၊ ကချင်ပြည်နယ်ကောင်စီ၊ ချင်းရေးရာကောင်စီ၊ ကရင်နီပြည်နယ်ကောင်စီ၊ ကရင်ပြည်နယ်ကောင်စီဆိုပြီး သူ့နယ်အလိုက်ရှိတယ်။ ဒီကောင်စီတွေဟာ ဒီကနေ့အနေနဲ့ပြောမယ်ဆိုရင် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွေပါ။လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပါလီမန်မှာရော ကိုယ့်ပြည်နယ်လွှတ်တော်မှာရော တာဝန်ထမ်းဆောင်ရတဲ့သဘောပေါ့။ ၁၉၄၇ ခြေဥအရ ဝန်ကြီးချုပ်က ပြည်နယ်ဥက္ကဌတွေ (ယနေ့ခေတ် ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်) ကို ခန့်အပ်ပိုင်ခွင့်ရှိတယ်။ ဒီပြည်နယ်ဥက္ကဌတွေဟာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးတွေအဖြစ် အစိုးရအဖွဲ့ထဲမှာလည်း ပါရတယ်။ ဥပမာ ရှမ်းပြည်နယ်အတွက်ဆိုရင် ပုဒ်မ ၁၆၀ မှာ
“ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်ကောင်စီနှင့် ညှိနှိုင်းတိုင်ပင်၍၊ ပါလီမန်၏ရှမ်းပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်များအနက်၊ အမတ်တဦးဦး၏ အမည်ကိုတင်သွင်းသောအခါ၊ ထိုသို့အမည်တင်သွင်းခြင်းခံရသော အမတ်ကို နိုင်ငံတော်သမ္မတသည် အောက်တွင် “ရှမ်းပြည်နယ်ဝန်ကြီး” ဟု ခေါ်တွင်ရမည်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ်ဖြင့်ခန့်ထားရမည်။ ထိုသို့ခန့်ထားခြင်း ခံရသောဝန်ကြီးသည် ဤအခြေခံဥပဒေ၏ကိစ္စများအတွက် ရှမ်းပြည်နယ်ဥက္ကဌလည်းဖြစ်ရမည်။” လို့
ပြဌာန်းထားတယ်။ (ကချင်ပြည်နယ်အတွက် ပုဒ်မ ၁၇၃၊ ကရင်ပြည်နယ်အတွက် ပုဒ်မ ၁၈၁ (၁)၊ ကရင်နီပြည်နယ်အတွက် ပုဒ်မ ၁၈၉၊ ချင်းဝိသေသတိုင်းအတွက် ပုဒ်မ ၁၉၇ (၂))
အထက်လွှတ်တော်ရဲ့အာဏာကိုကြည့်ရအောင်။ ၁၉၄၇ ခြေဥ ပုဒ်မ ၉၉နဲ့ ၁၀၃ တို့အရ ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာပဲ စပြီးတင်သွင်းခွင့်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကအတည်ပြုပြီးတဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို လူမျိုးစုလွှတ်တော်ဆီကို အကြံဉာဏ်ရယူဖို့အတွက် ပေးပို့ရမယ် (ပုဒ်မ ၁၀၄)။ လူမျိုးစုလွှတ်တော်ရဲ့ အကြံပေးချက်တွေကို ပြည်သူ့လွှတ်တော်က လက်ခံလို့ရသလို ငြင်းပယ်ပိုင်ခွင့်လည်းရှိတယ်၊ ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကလက်မခံတဲ့ အကြံပေးချက်တွေနဲ ပြန်ပို့လာရင် ပြည်သူ့လွှတ်တော်က ငြင်းပယ်ပြီး အတည်ပြုနိုင်တယ် (ပုဒ်မ ၁၀၅ (၁) နဲ့ (၂))။ ဒီတော့ ဘတ်ဂျက်ဥပဒေကြမ်းနဲ့ပတ်သက်လာရင် ပြည်သူ့လွှတ်တော်က အာဏာပိုရှိတယ်။ ဒီနေရာမှာတော့ ကျန်တဲ့ဖက်ဒရယ်နိုင်ငံအများစုလည်း ဒီအတိုင်းပါပဲ၊ ဘတ်ဂျက်နဲ့ပတ်သက်ရင် ပြည်သူ့လွှတ်တော်ကို ဆုံးဖြတ်ပိုင်ခွင့်အာဏာပေးထားကြတယ်။ ၁၉၄၇ ခြေဥအရ ဘတ်ဂျက်မဟုတ်တဲ့ တခြားဥပဒေကြမ်းတွေကိုတော့ လွှတ်တော်နှစ်ရပ်မှာ ဘယ်လွှတ်တော်ကနေမဆို စပြီးတင်သွင်းလို့ရတယ်။ ဒါပေမဲ့ လွှတ်တော်တစ်ရပ်ကအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို အခြားလွှတ်တော်တစ်ရပ်က ပယ်ချရင် ဒါမှမဟုတ် လက်မခံနိုင်တဲ့ပြင်ဆင်ချက်တွေရှိလာရင် သမ္မတက လွှတ်တော်နှစ်ရပ်တွဲဘက်အစည်းအဝေးခေါ်ပြီး အဲဒီအစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရမယ် (ပုဒ်မ ၁၀၉)။ အထက်မှာပြောခဲ့သလိုပဲ ပြည်သူ့လွှတ်တော်အမတ်က လူမျိုးစုလွှတ်တော်အမတ်ရဲ့ နှစ်ဆနီးနီးဖြစ်တဲ့အတွက် လွှတ်တော်နှစ်ရပ်အစည်းအဝေးမှာမဲခွဲရင် ပြည်သူ့လွှတ်တော်က အတည်ပြုတဲ့ အဆို/ဥပဒေကြမ်းကသာ နိုင်မယ်။ အဲဒါအပြင် လူမျိုးစုလွှတ်တော်မှာလည်း ဗမာပြည်မက ကိုယ်စားလှယ် ၆၂ ဦး ပါနေသေးတယ်။ ဒီတော့ ပြည်နယ်တွေအနေနဲ့ သူတို့ရဲ့အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာ ကိုယ့်ပြည်နယ်ကိုယ်မကာကွယ်နိုင်တဲ့အခြေအနေမျိုး ဖြစ်နေတယ်။ လက်ရှိ ၂၀၀၈ ခြေဥမှာလည်း ဒီပြဿနာရှိပါတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြား ဥပဒေကြမ်းတစ်ခုအပေါ် သဘောထားကွဲလွဲလာရင် ပြည်ထောင်စုလွှတ်တော်ခေါ်ပြီး မဲခွဲဆုံးဖြတ်ရပါတယ်၊ ပြည်သူ့လွှတ်တော်ကသဘောတူတဲ့ပြင်ဆင်ချက်တွေပဲ အတည်ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်၁၄ခုက ကိုယ်စားလှယ် ၁၂ယောက်စီ အညီအမျှစေလွှတ်ခွင့်ရတယ်ဆိုပေမယ့် တကယ်တမ်းမှာ ပြည်သူ့လွှတ်တော်ကဗမာကြီးစိုးသလို အမျိုးသားလွှတ်တော်မှာလည်း တိုင်း (၇) တိုင်းက ပါဝင်နေပါသေးတယ်။
အထက်လွှတ်တော်တွေဟာ ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူမျိုးစုပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကာကွယ်ပေးရတာဖြစ်ပါတယ်။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) အမတ်တွေကို လူဦးရေပေါ်အခြေခံပြီး ရွေးကောက်တင်မြှောက်ကြရတယ်။ အထက်လွှတ်တော်ကတော့ ပြည်နယ်တွေကနေ ပြည်နယ်တစ်ခုကိုဘယ်နှယောက်ဆိုပြီး တူညီတဲ့အမတ်အရေအတွက်ကို ရွေးကောက်တင်မြှောက်ပေးရတာလည်းရှိသလို ပြည်နယ်ရဲ့လူဦးရေအပေါ်မူတည်ပြီး ပြည်နယ်လွှတ်တော်တွေက စေလွှတ်ရတာလည်းရှိတယ်။ အမေရိကန်ဆိုရင် ပြည်နယ်တစ်ခုကို ၂ယောက်နှုန်း အထက်လွှတ်တော် (ဆီးနိတ်) မှာ ပါဝင်ခွင့်ရှိတယ်။ ဂျာမနီဆိုရင် ပြည်နယ်ရဲ့လူဦးရေအပေါ်မူတည်ပြီး အနည်းဆုံး ၃ယောက်ကနေ အများဆုံး ၆ယောက်အထိ အထက်လွှတ်တော်ကိုစေလွှတ်ခွင့်ရှိတယ်။
ဖက်ဒရယ်နိုင်ငံတစ်ခုနဲ့တစ်ခု အထက်လွှတ်တော်ကို အာဏာပေးပုံချင်းမတူပါဘူး။ အမေရိကန်မှာ နိုင်ငံတော်သမ္မတကိုစွပ်စွဲပြစ်တင်ခြင်း၊ စစ်ကြေညာခြင်း၊ စာချုပ်များအတည်ပြုခြင်းတို့ကို ဆီးနိတ်ကထောက်ခံမှသာ လုပ်ပိုင်ခွင့်ရှိပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်တာ အောက်လွှတ်တော်ကထောက်ခံပေမယ့် ဆီးနိတ်ကပယ်ချခဲ့တာကိုကြည့်ပါ။ ပထမကမ္ဘာစစ်အပြီးမှာ အမေရိကန်ဟာ စစ်နိုင်,နိုင်ငံဖြစ်ပေမယ့် ဆီးနိတ်ကလက်မခံလို့ ဗာဆိုင်းစာချုပ်မှာလက်မှတ်မထိုးခဲ့ပါဘူး။ ဂျာမနီမှာဆိုရင်လည်း ပြည်နယ်တွေရဲ့အကျိုးစီးပွားကိုထိပါးမယ့်ကိစ္စမျိုးတွေဆို အထက်လွှတ်တော်က ဗီတိုအာဏာသုံးပိုင်ခွင့်ရှိပါတယ်။ အိန္ဒိယမှာတော့ အထက်လွှတ်တော်က အောက်လွှတ်တော်လောက် အာဏာမရှိပါဘူး။ ဒါက နိုင်ငံတကာဥပမာတချို့ပါ။ ဒီမှာမေးစရာရှိလာပြီ။ ဘာဖြစ်လို့ အထက်လွှတ်တော်ကို ဒီလိုအာဏာမျိုးတွေပေးရမှာလဲ။ ဒါဟာ တန်းတူညီမျှရေးနဲ့ဆိုင်လို့ပါ။
ဖက်ဒရယ်နိုင်ငံတွေမှာ အထက်လွှတ်တော်ရဲ့ရည်ရွယ်ချက်က လူဦးရေများတဲ့ပြည်နယ်ကြီးတွေက ပြည်နယ်လေးတွေကိုအနိုင်မကျင့်နိုင်ဖို့ပါ။ ပြည်သူ့လွှတ်တော်က လူဦးရေပေါ်အခြေခံတဲ့အတွက် လူများတဲ့ပြည်နယ်တွေက ပြည်သူ့လွှတ်တော်ထဲမှာ နေရာများများရမယ်။ လူဦးရေနည်းတဲ့ပြည်နယ်လေးတွေကတော့ နေရာနည်းနည်းပဲရမှာပါ။ ဒါဆိုရင် အဲဒီပြည်နယ်လေးတွေရဲ့အကျိုးစီးပွားနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုချရင် ပြည်နယ်ကြီးတွေက နေရာများတဲ့အတွက် သူတို့ပဲနိုင်မှာပါ။ ဒီမိုကရေစီစံနှုန်းအရ အများဆန္ဒဆိုပေမယ့် ပြည်နယ်လေးတွေဟာ ပြည်နယ်ကြီးတွေရဲ့ လူအုပ်နဲ့အနိုင်ကျင့်တဲ့ခံရတဲ့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမဖြစ်အောင် ပြည်နယ်တွေရဲ့အကျိုးစီးပွားကို တန်းတူရည်တူထိန်းသိမ်းနိုင်ဖို့အတွက် အထက်လွှတ်တော်က အောက်လွှတ်တော်ကို ပြန်ထိန်းကျောင်းရတာပါ။ ဥပမာ လူဦးရေသုံးသိန်းလောက်ပဲရှိတဲ့ကယားပြည်နယ်ကိုပဲကြည့်ပါ။ ကယားပြည်နယ်က လူဦးရေနည်းတဲ့အတွက် ပြည်သူ့လွှတ်တော်မှာ သူတို့ပြည်နယ်ရဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီး ကယားပြည်နယ်နဲ့ ဗမာပြည်မကိုယ်စားလှယ်တွေကြား အချေအတင်ဖြစ်လို့မဲခွဲရင် (တခြားပြည်နယ်တွေက ကယားပြည်နယ်ဘက်ကရပ်တယ်ဆိုရင်တောင်မှ) လူဦးရေပိုများတဲ့ ဗမာပြည်မကပဲ အများဆန္ဒအရ အနိုင်ရမှာပါ။ ဒါကြောင့် ဒီလိုလူအုပ်နဲ့အနိုင်မကျင့်နိုင်အောင် ပြန်ပြီးထိန်းကျောင်းပေးဖို့က အထက်လွှတ်တော်ရဲ့အခန်းကဏ္ဍပါ။ ပြည်နယ်တွေရဲ့အကျိုးစီးပွားနဲ့ပတ်သက်ရင် ပြည်နယ်တွေကို ဗီတိုအာဏာပေးတာ ဒါမှမဟုတ် သက်ဆိုင်ရာပြည်နယ်ရဲ့ ကိုယ်စားလှယ်အများစုထောက်ခံမှုကို လိုအပ်စေတာမျိုးတွေဟာ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဖြစ်မနေပါရမယ့်အချက်ပါ။ ဒါ့အပြင် စစ်ကြေညာခွင့်၊ နို်ငငံတကာစာချုပ်များအတည်ပြုပိုင်ခွင့်တို့လို အထူးအခွင့်အာဏာမျိုးတွေလည်း အထက်လွှတ်တော်ကိုပေးထားမှ လွှတ်တော်နှစ်ရပ်အာဏာတူပါလိမ့်မယ့်။
(၄) ဘဏ္ဍာရေး
=====================
၁၉၄၇ ခြေဥရဲ့ စတုတ္ထဇယားဟာ ပြည်နယ်တွေက ကောက်ခံပိုင်ခွင့်ရှိတဲ့ ပြည်နယ်အခွန်တော်စာရင်း ဖြစ်ပါတယ်။ အဲဒီထဲစာရင်းထဲမှာမပါတဲ့ အခွန်ရင်းမြစ်မှန်သမျှကို ဗဟိုအစိုးရက ကောက်ခံခွင့်ရပါတယ် (ပုဒ်မ ၉၆ (၂))။ ဒီအခွန်တော်စာရင်းထဲမှာ မြေခွန်၊ သစ်တောခွန်နဲ့ ယစ်မျိုးခွန်တွေသာ ပြည်နယ်တွေအတွက် အခွန်ဝင်ငွေများများရပါတယ်။ ကျန်တာတွေကနေ ဝင်ငွေနည်းပါတယ်။ ပြီးတော့ တတိယဇယားက ပြည်နယ်ဥပဒေပြုစာရင်းထဲမှာပါတဲ့ ပြည်နယ်လုပ်ပိုင်ခွင့်ရကိစ္စရပ်တွေကလည်း ဝင်ငွေများများစားစားရနိုင်တဲ့ကိစ္စတွေမဟုတ်ဘဲ ကုန်ကျစရိတ်တွေသာများပါတယ်။ ဒါကြောင့် ပြည်နယ်တွေမှာ ဘဏ္ဍာရေးလိုအပ်ချက်ကြီးမားလာပါတယ်။ ၁၉၄၇ ခြေဥအရ ပြည်နယ်တွေမှာ ဘဏ္ဍာရေးအရလိုအပ်ရင် ပြည်ထောင်စုအစိုးရက မိမိရတဲ့အခွန်တော်ထဲကနေ ထောက်ပံ့လို့ရပါတယ်။ ပုဒ်မ ၉၆ ပုဒ်မခွဲ (၂) မှာ ဒီလိုဆိုထားပါတယ် -
“(၂) တဆက်တည်းဖြစ်သောအောက်ပုဒ်မခွဲအရ၊ ပြည်နယ်များသို့ခွဲဝေလွှဲအပ်ထားသော အခွန်တော်များမှလွဲ၍ အခွန်တော်အားလုံးသည် ပြည်ထောင်စုနိုင်ငံ၏အခွန်တော်တွင် ပါဝင်ရမည်။
ခြွင်းချက်။ ။ ဤကိစ္စအတွက်ခန့်ထားသော အဖွဲ့တခုခု၏ သို့တည်းမဟုတ် အခြားအာဏာပိုင်တခုခု၏ ထောက်ခံချက်များအရ ထောက်ပံ့ရန်လိုအပ်သည်ဟု ဆုံးဖြတ်သတ်မှတ်သော အထောက်အပံ့ငွေများကို ပြည်ထောင်စုနိုင်ငံတော်အစိုးရသည် မိမိ၏အခွန်တော်များမှထုတ်၍ ပြည်ထောင်စုအဖွဲ့ဝင်များ၏ အခွန်တော်များကို ဖြည့်တင်းသောအားဖြင့်၊ ထိုပြည်ထောင်စုအဖွဲ့ဝင်များ၏ အစိုးရများအားပေးနိုင်သည်။”
ပြည်နယ်တွေရဲ့ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ပြည်ထောင်စုအစိုးရက ပြည်နယ်တွေကို နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ငွေတွေပေးခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ပြည်နယ်တွေရဲ့ ဘဏ္ဍာရေးလွတ်လပ်မှုဆုံးရှုံးခဲ့ပါတယ်။ ပိုဆိုးတာက ဗဟိုအစိုးရနဲ့ ဖဆပလခေတ်နိုင်ငံရေးသမားတွေက ဒီငွေတွေဟာ ပြည်နယ်တွေအားနည်းလို့ ပြည်မက အိတ်စိုက်ပြီးကူညီရတယ်လို့ထင်လာကြတာပါ။ အမှန်တော့ ပြည်ထောင်စုအစိုးရရဲ့ အခွန်ငွေတွေထဲမှာ ပြည်နယ်တွေကနေရတာတွေအများကြီးပါ,ပါတယ်။ တတိယဇယား၊ စာရင်း (၁) ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်းမှာ အပိုဒ် ၄ အပိုဒ်ခွဲ (၂) က နိုင်ငံခြားကိုတင်ပို့တဲ့ပို့ကုန်အပေါ် စည်းကြပ်တဲ့အကောက်တော်ဖြစ်ပြီး အပိုဒ်ခွဲ (၄) က ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအပေါ်စည်းကြပ်တဲ့ အခွန်တော် ဖြစ်ပါတယ်။ ပြည်နယ်တွေအနေနဲ့ ကိုယ့်ပြည်နယ်ကထုတ်ကုန်ကို နိုင်ငံခြားကိုတင်ပို့ရင်တောင် အခွန်မရပါဘူး။ ကိုယ့်ပြည်နယ်တွင်း ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးကအခွန်ကလည်း ပြည်ထောင်စုအစိုးရပဲရတယ်။
ဖက်ဒရယ်စနစ်မှာ အုပ်ချုပ်ရေးအာဏာတွေခွဲပေးလိုက်ရုံနဲ့မရပါဘူး။ အုပ်ချုပ်ရေးအာဏာတွေနဲ့အတူ အလုပ်တာဝန်တွေ တစ်ပါတည်းပါလာမှာပါ။ ဒါကြောင့် အဲဒီအလုပ်တာဝန်တွေအတွက် ကုန်ကျစရိတ်ကိုကာမိနိုင်မယ့်အပြင် ကိုယ့်ပြည်နယ်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ပြည်နယ်တွေဆီ ခွဲပေးဖို့လိုပါတယ်။ သဘောကတော့ အလုပ်ပေးသလောက် ငွေဝင်လမ်းလည်း ပေးရမယ့်သဘောပါ။ ဥပမာ အထက်က နိုင်ငံခြားတင်ပို့ကုန်ကိစ္စမျိုးဆိုရင် ပြည်ထောင်စုတစ်နိုင်ငံလုံးရဲ့ ပြည်ပပို့ကုန်ကရတဲ့အကောက်ငွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းကိုတော့ ပြည်နယ်တွေဆီပေးမယ်ဆိုတာမျိုး စဉ်းစားဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာဆို သဘာဝသယံဇာတကရတဲ့အကျိုးအမြတ်တွေကိစ္စကို စဉ်းစားဖို့လိုပါတယ်။
ဒီမိုကရေစီရှိတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်မရ
=================================
မြန်မာနိုင်ငံရေးမှာ မေ့နေကြတာလား မသိချင်ယောင်ဆောင်နေကြတာလား ဒါမှမဟုတ် လုံးဝသိကိုမသိတာလား မပြောတတ်တဲ့အချက်တစ်ချက်ရှိတယ်။ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဟာ ဒီမိုကရေစီနည်းကျတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဒီမိုကရေစီအစိုးရလက်ထက်မှာစခဲ့တယ်ဆိုတဲ့ အချက်ပါ။ ဆိုလိုတာကတော့ ဒီမိုကရေစီရှိရုံလောက်နဲ့ ဒီနိုင်ငံမှာပြည်တွင်းစစ်မချုပ်ငြိမ်းနိုင်ဘူး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမအောင်မြင်နိုင်ဘူးဆိုတဲ့အချက်ကို သတိချပ်ဖို့ပါ။ ပြည်တွင်းစစ်ရှိနေသမျှကာလပတ်လုံးလည်း စစ်တပ်က ဒါကိုအကြောင်းပြ၊ သူ့ကိုယ်သူ ပြည်ထောင်စုမပြိုကွဲအောင်ကြိုးပမ်းနေသူကြီးအဖြစ်ပုံဖော်ပြီး နိုင်ငံရေးမှာတွယ်ကပ်နေဦးမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖက်ဒရယ်မရှိရင် ဒီမိုကရေစီကိုလည်း အာမခံချက်မပေးနိုင်ပါဘူး။
ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ (အထူးသဖြင့် ဗမာတွေ) ပိုပြီးလေးလေးနက်နက် ရှုမြင်ကြဖို့လိုတယ်။ ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားလူမျိုးစုတွေကို ဝန်ကြီးနေရာပေးလိုက်ရုံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ခေါင်းစဉ်တပ်ပြီး လုပ်ပိုင်ခွင့်အာဏာ မည်ကာမတ္တခွဲပေးလိုက်ရုံကို ပြောတာမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုတွေ ဖက်ဒရယ်စနစ်ကို သွားချင်တယ်ဆိုတာက ဖက်ဒရယ်ဟာ သူတို့ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ကို အပြည့်အဝအာမခံပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားလို့ ယုံကြည်လို့ပဲ။ ဒီတော့ တိုင်းရင်းသားတွေက ဖက်ဒရယ်တောင်းတယ်ဆိုတာ အဲဒါတွေကို သူတို့ဆုံးရှုံးသွားခဲ့လို့ ပြန်ရယူချင်တဲ့သဘောပဲ။ ဒါကြောင့် နားအေးပြီးရောဆိုပြီး ဝန်ကြီးနေရာပေး လုပ်ပိုင်ခွင့်နည်းနည်းပါးပါးပေးပြီး cheap bargaining တွေလုပ်ရုံနဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မအောင်မြင်နိုင်ဘူး။ တကယ်တော့ အဲဒါ စစ်တပ်က ခေတ်အဆက်ဆက် ကျင့်သုံးလာတဲ့နည်းတွေ။ အရပ်ဘက်ဗမာနိုင်ငံရေးသမားတွေအနေနဲ့လည်း ခေတ်စနစ်ကို တကယ်ပြောင်းချင်ရိုးမှန်ရင် အရင်ဆုံး အဲဒီအတွေးအခေါ်ကို ခေါင်းထဲကနေထုတ်ပစ်ရမယ်။ တကယ်တော့ ဖက်ဒရယ်စနစ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းတာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပထမအဆင့်ပဲရှိပါသေးတယ်။ တိုင်းရင်းသားလူမျိုးစုတွေအပေါ်ထားတဲ့ မယုံသင်္ကာစိတ်တွေ၊ အထင်သေးစိတ်တွေ၊ သူတို့ခံစားရတဲ့ပြည်တွင်းစစ်ဒဏ်တွေကို မသိကျိုးကျွံပြုခဲ့တာတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ တစ်သီကြီးလုပ်ဖို့လိုပါသေးတယ်။ စစ်တပ်ကချပေးခဲ့တဲ့ အတွေးအခေါ်တွေ လူထုခေါင်းထဲကထွက်အောင် ဆက်ပြီးလုပ်ရပါဦးမယ်။ ပထမအဆင့်တောင် မအောင်မြင်ရင်တော့ အနာဂတ်ကမလွယ်ပါဘူး။ Crd:

No comments:

Post a Comment