Latest News

Sunday, March 5, 2017

လူဆိုတာ အဘယ်နည်း

လူဆိုတာ အဘယ်နည်း



လူဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပာယ်ဟာ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားပြီးသိခြင်း၊ အကြောင်းနဲ့အကျိုးကို ခွဲခြားပြီး သိခြင်းရဲ့ ပြယုဂ်ဖြစ်တယ်။ ဒါမှသာ လူရဲ့အရည်အသွေးပေါ်ကာ လူပီသပါ့မယ်။ လူ့ဘ၀ရခြင်းရဲ့ အခွင့်အရေးက အမှားအမှန်ကို ဝေဖန်နိုင်တဲ့ အသိဥာဏ်ရှိခြင်းသာ ဖြစ်တယ်။ အသိဥာဏ်ရှိတဲ့ ဘ၀ရဲ့တန်ဖိုးကို နားလည်ရမယ်။ မသိမှုမောဟ၊ မိုက်မဲတွေဝေမှု မောဟတွေကြောင့် ဘ၀အမျိုးမျိုးနဲ့ သံသရာမှာ ကျင်လည်ကပြ အသုံးတော်ခံခဲ့ရပါတယ်။

အသိဥာဏ်ပညာရှိတဲ့ ဘ၀တစ်ခုမှာ နားခိုခွင့်ရခိုက် တန်ဖိုးမဲ့ ကုန်ခန်းခြင်းတွေနဲ့ ဘ၀စာမျက်နှာများကို မစွန့်ပစ်သင့်ပါ။ ကုသိုလ်နဲ့ အကုသိုလ်၊ ကောင်းမှုနဲ့ မကောင်းမှုရဲ့ သဘောတရားကို နားလည်ထားကြဖို့ လိုအပ်တယ်။ ဒါကုသိုလ်၊ ဒါအကုသိုလ်ရယ်လို့ ပတ်ဝန်းကျင်က သတ်မှတ်ပေးခြင်း မဟုတ်ပါ။ စိတ်က ဆန်းစစ်ပေးခြင်းသာ ဖြစ်တယ်။ ကုသိုလ်ဆိုတာ စိတ်ရဲ့အရည်အသွေး ကောင်းမွန်ခြင်း၊ အကုသိုလ်ဆိုတာ စိတ်ရဲ့မကောင်းတဲ့ သဘာဝ၊ မကောင်းတဲ့ အရည်အသွေးလို့ နားလည်ထားရပါ့မယ်။

ကုသိုလ်စိတ်ရဲ့ သဘာဝ ကုသိုလ်စိတ်ရဲ့ အရည်အသွေးကို စမ်းသပ်နိုင်တယ်။ မိမိစိတ်နှလုံးသားမှာ ကုသိုလ်စိတ်တွေ ကိန်းဝပ်လို့ အရည်အသွေးကောင်းတွေ တည်လာတဲ့အခါ သတိ၊ သမာဓိအားများ ကောင်းနေခြင်း၊ မိမိစိတ်မှာ သန့်ရှင်းနေခြင်း၊ အေးချမ်းနေခြင်း၊ နူးညံ့နေခြင်းများ ခံစားရပါလိမ့်မယ်။

ဆန့်ကျင်ဘက်ဖြစ်တဲ့ အကုသိုလ်စိတ်၊ အကုသိုလ် အရည်အသွေးများ တည်ရှိလာခဲ့ရင် သတိ၊ သမာဓိလည်းမရှိ၊ မေတ္တာ၊ ကရုဏာတွေလည်း သိပ်ဖြစ်ခွင့်မရှိတော့ပါ။ ဒေါသတွေ အားကောင်းနေမယ်၊ မောဟတွေ အားသန်နေမယ်၊ ပတ်ဝန်းကျင်အပေါ် အမျက်ဒေါသ အလိုလောဘတွေနဲ့သာ ကြည့်နေမိမယ်၊ ဒါကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ သဘောသဘာဝကို နားလည်သင့်ပါတယ်။

မိမိတို့ကျင့်သုံးနေတဲ့ စရိုက်လက္ခဏာများကို ပတ်ဝန်းကျင်ရဲ့ ဆုံးဖြတ်သတ်မှတ်ပေးခြင်းမှာ အဓိကျတဲ့အရာ မဟုတ်ပါ။ မိမိရဲ့တွေးခေါ်မြော်မြင် သုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်းနဲ့သာ ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ သဘောသဘာဝကို နားလည်သင့်ပါတယ်။

လူ့ဘ၀ဟာ အလွန်တရာ ရခဲတယ်လို့ ဆိုတယ်။ ဒီအဆိုဟာ ဗုဒ္ဓရဲ့အဆိုအမိန့် ဖြစ်တယ်။ ရခဲတဲ့လူ့ဘ၀ရဲ့ အတိုင်းအတာ အမျိုးမျိုးတွေမှာလည်း လူတော်လူကောင်းဆိုတဲ့ ဘ၀ကိုရခြင်းမှာ ပိုလို့သာ ခက်ခဲပါတယ်။ ဘက်ပေါင်းစုံပြည့်ဝတဲ့ လူတော်လူကောင်းဖြစ်ဖို့က မရှိသလောက် ရှားပါးလှပါတယ်။

လူတွေထဲမှာ တစ်ချို့တော်ပြီး မကောင်း၊ တစ်ချို့က ကောင်းပြီးမတော်၊ တစ်ချို့ကျပြန်တော့ တော်လည်းမတော် ကောင်းလည်းမကောင်းဆိုပြီး လူတန်းစားသုံးမျိုးရှိတယ်။ ဒီလူတန်းစား သုံးမျိုးထဲက မတော်မကောင်းတဲ့ လူတန်းစားမှာ လူသားဖြစ်ပေမယ့်လည်း လူဖြစ်ရကျိုးနပ်သူများ မဟုတ်ကြပါ။

လူတို့လောက၊ လူတို့အရပ်မှာ ဒီလူကတော့ တော်ပါရဲ့ စိတ်ဓာတ်ကျတော့ မကောင်းဘူး။ ဒီလူကတော့ စိတ်ကောင်းတော့ရှိပါရဲ့ မတော်ဘူးဆိုတဲ့ ပြောဆိုဝေဖန်သံများကို ကြားဖူးကြပါလိမ့်မယ်။ အမှန်မတော့ လူတော်နဲ့ လူကောင်းတို့မှာ မတူညီတဲ့ အရည်အချင်းတွေ ရှိကြတယ်။ လူတော်ကတစ်မျိုး၊ လူကောင်းကတခြား မတူညီကြပါ။ နှစ်မျိုးစလုံး ကောင်းရင်တော့ လူကောင်းစာရင်း ၀င်ပါတယ်။ တော်လည်းမတော်ဘူး၊ ကောင်းလည်း မကောင်းဘူး ဆိုရင်တော့ ဒီလူဟာ လူဖျင်း၊ လူနုံ၊ လူညံ့၊ လူထုံစာရင်းထဲ ပါဝင်သွားမှာ သေချာပါတယ်။

သက်ရှိသတ္တလောကမှာ အသိရအခက်ခဲဆုံးသော သတ္တ၀ါမှာ လူသတ္တ၀ါ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့်လူတွေဟာ လူတွေကို ကြည့်ပေါင်းကြလို့ သတိပေးစကားတွေ ပေါ်လာပါတယ်။ အသိရ ခက်ခဲတဲ့လူတွေကို အသိရခက်တဲ့ လူတို့က ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒီလိုသဘောရှိတဲ့ လူသတ္တ၀ါတွေမှာ လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာန်မာနတွေ လွန်လွန်ကဲကဲ ဖြစ်နေကြတော့ လူတော်လူကောင်း စာရင်းထဲ ပါဝင်နိုင်ကြမှာ မဟုတ်ပါဘူး။

အသက်ဝိညာဉ်ရှိကြတဲ့ ဒီသတ္တလောကကြီးမှာ အလွန်ကျယ်ပြောလှတယ်။ မလိမ္မာ မယဉ်ကျေးတဲ့ လူတွေက ပိုပြီးများလှပါတယ်။ ဒီသတ္တလောကကြီးထဲက လူတော်လူကောင်းတို့ဟာလည်း လွန်စွာရှာမှ ရှားလှပါတယ်။ ဒီမလိမ္မာ မယဉ်ကျေးတဲ့ သတ္တ၀ါတွေ ခွန်အားဗလ၊ အသိုင်းအ၀ိုင်းကြီးမှု၊ အစိုးရမှု၊ လက်ဝါးကြီးအုပ်မှုစတဲ့ တန်ခိုးအာဏာ ဣဒ္ဓိပါဒ်များ ကြီးမားလာရင် ပိုပြီးကြောက်စရာကောင်းကာ သတ္တလောကကြီးအတွက် များစွာအန္တရာယ် ပေးလာနိုင်ပါတယ်။

အထူးသဖြင့် လူ၊ နတ်၊ နဂါး၊ ဘီလူး၊ ယက္ခဂန္ဓပ္ဗတ်စတဲ့ သတ္တ၀ါတွေဟာ လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မောဟ၊ မာန်မာနတွေ များတာကြောင့်၊ သတ္တလောကကြီးကို ချမ်းသာကြီးပွားအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရားနဲ့ ဘုရားရှင်ရဲ့ တပည့်သား သာဝကများကိုပါ ဒုက္ခပေးတတ်ကြပါတယ်။ “ငါ့ပိုင်နက်ကို ကျူးကျော်ရကောင်းလား၊ ငါ့ဝါဒကို ထိပါးရကောင်းလား” စသဖြင့် အန္တရာယ်ပြုတတ်ကြပါတယ်။

လူသားလောကမှာလည်း မတန်မရာ လောဘကြီးမှု၊ မနာလိုဝန်တို ကုန်းချောမှုတွေဟာ အလွန်ကြောက်ဖွယ် ကောင်းတာကို တွေ့ရပါတယ်။ ဥပမာ အဂုင်္လိမာလကို ကြည့်ပါက လူကောင်း ပညာတတ်တစ်ဦးမှ လူဆိုးကြီးဖြစ်ကာ ပြည်သူပြည်သားများ အသက်အန္တရာယ် စိုးရိမ်ရပြီး နိုင်ငံတော် အန္တရာယ်အထိ ဖြစ်ရခဲ့ဖူးတယ်။ ဗုဒ္ဓသမိုင်းတစ်လျှောက် အလွန်ရိုင်းစိုင်းတဲ့ အကျည်းတန်မှုကြီး များဟာလည်း ဒီလောဘနဲ့ မနာလိုဝန်တိုမှုတွေကသာ စတင်ပေါက်ဖွားခဲ့ပါတယ်။

ရွဲကုန်သည်ဘ၀က စခဲ့တဲ့ မနာလိုဝန်တိုမှုနဲ့ မတရားလောဘ အခြေခံတဲ့ ရှင်ဒေ၀ဒတ်ရဲ့ ရန်ငြိုးဖွဲ့မှုဟာ လက်ဝဲရံ၊ လက်ယာရံ ရာထူးဌာနန္တရပေးပွဲမှာ အထွတ်အထိတ် ရောက်သွားခဲ့တယ်။ တိုင်းပြည်အုပ်ချုပ်သူ မင်းများကို စည်းရုံးကာ အာဏာစက် အကူအညီယူပြီး အတုမရှိ မြင့်မြတ်တဲ့ ဘုရားရှင်ကို အကြိမ်ကြိမ် သေကြောင်းကြံခဲ့တယ်။ မလိုအပ်တဲ့ မနာလို ၀န်တိုမှုကြောင့် အမှန်တကယ် အရည်အချင်းမရှိဘဲ ရှိလေဟန်ပြုကာ ဘုရားနေရာ ယူထားကြတဲ့ တိတ္ထိဆရာကြီးတွေနဲ့ သူတို့ရဲ့နောက်လိုက် နောက်ပါတွေကလည်း အသိဥာဏ်ကင်းမဲ့တဲ့ အမျိုးသမီးများကို အသုံးချကာ ဘုရားရှင်ရဲ့ ဂုဏ်ကျက်သရေတော်ကို ဖျက်ဆီးခဲ့ကြပါတယ်။

ပုထုဇဉ်တွေဟာ မိမိတို့ပြုလုပ်တဲ့ အလုပ်ရဲ့ အကျိုးဖြစ်ထွန်းမှု၊ ကံကံရဲ့အကျိုးကို မျက်ကွယ်ပြုပြီး ရာထူးဆိုရင် ဘုရားရာထူးအထိ မတန်မရာ ရယူပိုင်ဆိုင်လိုကြတဲ့ ပုထုဇဉ်တွေရဲ့ လောဘ၊ ဒီလောဘကို အခြေခံကာ မနာလိုဝန်တိုမှု၊ ကုန်းချောမှု၊ ဂုဏ်ကျက်သရေဖျက်မှုစတဲ့ အပြစ်ကြီးများကို ဆက်လက် ကျူးလွန်တဲ့အထိ မိုက်တွင်းနက်ကြပါတယ်။

အနှိုင်းမဲ့ အတုမရှိသော မြင့်မြတ်စင်ကြယ်တဲ့ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်သမိုင်းများမှာ ပုထုဇဉ်လူတွေရဲ့ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဣဿာ၊ မစ္ဆရိယစတဲ့ အကျည်းတန် သရုပ်များကို ထင်ရှားစွာ မြင်တွေ့နေကြရတယ်။ ဒါဟာ လူတော်လူကောင်း မဟုတ်တဲ့ သဘောတစ်ရပ်သာ ဖြစ်ပါတော့တယ်။

မတရားမှု မှန်သမျှဟာ လူတော်လူကောင်းအတွက် မဟုတ်၊ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရား ကင်းမဲ့ခြင်းဟာလည်း လူတော်လူကောင်းတို့ရဲ့ ဥစ္စာမဟုတ်ပါ။ လူ့လောကမှာ လူတော်လူကောင်းတို့ရဲ့ ဥစ္စာဆိုတာ သည်းခံခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားသာဖြစ်တယ်။ မေတ္တာသည်သာ သတ္တ၀ါတွေအတွက်၊ အထူးသဖြင့် လူသားတွေအတွက် ကိုယ်ကျိုးနဲ့ စွန့်လွှတ်စွန့်စားမှုစတဲ့ တရားမျှတမှုသည် သာပဓာနကျပြီး လူတော်လူကောင်းတို့ရဲ့ အကောင်းဆုံး၊ အမှန်ဆုံး၊ အမြတ်ဆုံးသော လက်နက်ကောင်းတွေသာ ဖြစ်ပါတယ်။

ဘယ်လိုပင်ဆိုစေ ရခဲတဲ့လူ့ဘ၀ကို ရလာပြီး ရောက်လာပြီးတဲ့အခါမှာ လူစစ်လူမှန် လူနဲ့တူဖို့နဲ့ လူ့အကောင်းစား ဖြစ်အောင် ကြိုးစားပြုပြင် ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ မျိုးဆက်သစ် လူငယ်တိုင်း သဘောပေါက် နားလည်ထားဖို့မှာ လွတ်လပ်ခြင်းဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ဖို့မဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်သမျှကိုသာ လုပ်ဆောင်ကြရန်၊ လုပ်ပိုင်ခွင့်မျိုး ဖြစ်ပါတယ်။

လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ နေကြရာမှာ ပရမ်းပတာ ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောဖြင့် ပြောဆိုနိုင်ကျင့် မပြုလုပ်သင့်ပါ။ ဒီသဘောရှိသူဟာ ဘယ်မှာလူတော်လူကောင်း ဖြစ်နိုင်ပါ့မလဲ။ နားလည် ခွင့်လွှတ်တတ်ခြင်းလဲ ဘယ်လိုရှိနိုင်ပါ့မလဲ။ သူတစ်ပါးကို မထိခိုက်မနစ်နာစေ၊ မဆုံးရှုံးစေတဲ့ လွတ်လပ်ခြင်းသာ လွတ်လပ်ခြင်း အစစ်အမှန်ဖြစ်တယ်။ လောဘ၊ ဒေါသ၊ မာန်မာနစတဲ့ ကိလေသာတွေ ကင်းဆိတ်တဲ့ သဘောသာ လွတ်လပ်ခြင်းရဲ့ အနှစ်သာရ အမှန်တရား ဖြစ်ပါတယ်။

သတ္တလောက လူတို့လောကမှာ တချို့၊ တချို့သော လူတွေဟာ လူ့ကန့်လန့်၊ လူ့မင်းတုပ်များကို တွေ့မြင်ရလေ့ရှိတယ်။ ဒီလူတွေဟာ ရှေ့ကလည်းမသွား၊ နောက်ကလည်း မလိုက်တဲ့ လူ့ကန့်လန့်များ ဖြစ်ကြတယ်။ ဒီသဘောရှိတဲ့ လူမျိုးနဲ့ တွေ့ရဆုံရ ကြုံကြရပါက ကျွန်ုပ်တို့ပြောဖို့စကားမှာ တစ်မျိုတည်းသာ ရှိပါတယ်။

ဒီစကားမှာ.. “မိတ်ဆွေ ရှေ့ကသွားမှာလား၊ သွားပါ။ နောက်က လိုက်မှာလား၊ လိုက်ခဲ့ပါ။ ဒါမှမဟုတ် လမ်းဖယ်ပေးပါဆိုပြီး ပြောရုံမှအပ အခြားမရှိတော့ပါတကား” နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်ကြရမယ့် မျိုးဆက်သစ် လူငယ်များကို ပြုစုပျိုးထောင်ပြီး အခွင့်အလမ်းသစ်များ၊ နေရာသစ်များ လွှဲပြောင်းတာဝန်ပေးနိုင်ပါစေ။

:
ပြည်ရွှေဘို ဆရာတော် (ရန်ကုန်)



Eleven Media Group

No comments:

Post a Comment