Latest News

Sunday, March 5, 2017

အကောင်းမြင်စိတ်

အကောင်းမြင်စိတ်


မွေးကတည်းက ချွတ်စွပ်တူသော အမြွှာညီ အစ်ကို နှစ်ဦးရှိသည်။ အမြွှာဖြစ်သော်လည်း တစ်ဦးက အကောင်းမြင်စိတ်ရှိသူ ဖြစ်သည်။ ဘာဖြစ်ဖြစ် သူက - “အားလုံး ကောင်းသွားမှာပါ”ဟု ပြောတတ်သည်။

အခြားတစ်ယောက်မှာ အဆိုးမြင်သမားတစ်ဦး ဖြစ်သည်။ သူက “ဘာမှ အသုံးမကျဘူး”ဟု အမြဲပြောလေ့ရှိသည်။

အမြွှာဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အမြင်ချင်း ကွာခြား လွန်းသောကြောင့် မိဘများက စိုးရိမ်ပြီး စိတ်ရောဂါကု ဆရာဝန်ထံ ခေါ်ဆောင်လာကာ သားနှစ်ဦး၏ အခြေအနေကို ဆွေးနွေးကြသည်။

စိတ်ရောဂါကု ဆရာဝန်ကြီးက အမြွှာကလေး နှစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို မိဘများကိုယ်တိုင် လေ့လာဆန်းစစ်နိုင်ရန်အတွက် ဤသို့ အကြံပြုသည်။

“သူတို့ကို လာမယ့်မွေးနေ့ကျရင် အခန်းတစ်ခန်းစီမှာ ခွဲထားမယ်။ ပြီးတော့ တစ်ယောက်ကို လက်ဆောင် တစ်မျိုးပေးမယ်။ အဆိုးမြင်တတ်တဲ့သားကို အကောင်းဆုံး အရုပ်တစ်ရုပ် လက်ဆောင်ပေးမယ်။ အကောင်း မြင်တတ်တဲ့သားကို မြေဆွေးတွေ ထည့်ထားတဲ့ သေတ္တာလေးတစ်လုံး လက်ဆောင်လေး ပေးကြည့်မယ်။ သူတို့နှစ်ယောက်ဆီက ဘယ်လို တုံ့ပြန်သလဲဆိုတာ မှတ်သားပြီး ကျွန်တော့်ကို လာပြန်ပြောပါ”

မွေးနေ့ အရောက်တွင် မိဘများသည် ဆရာဝန်ကြီး အကြံပြုသည့်အတိုင်း သားများကို အခန်းခွဲပြီး လက်ဆောင်ပေးသည်။ အဆိုးမြင်သားကို သူတို့က လက်ပ်တော့တစ်လုံး လက်ဆောင်ပေးပြီး၊ အကောင်းမြင်သားကို မြေဆွေးများ ထည့်ထားသည့် စက္ကူသေတ္တာလေးတစ်လုံး ပေးလိုက်ကာ စောင့်ကြည့်နေသည်။

လက်ပ်တော့ ရသည့်သားက လက်ဆောင်ဘူးကို ဖွင့်ကြည့်လိုက်ပြီးနောက် လက်ပ်တော့ကိုတွေ့သော်

“ဟာ ဘာအရောင်ကြီးမှန်းလည်း မသိဘူး။ ငါ ကစားချင်တဲ့ ဂိမ်းတွေလည်း မပါဘူး။ လက်ပ်တော့ ဝယ်ပေးမယ့်အစား စက်ဘီး ဝယ်ပေးတာကမှ ကောင်းဦးမယ်။ ဘယ်တော့ ပေါက်ခွဲမိမယ် မသိဘူး”ဟု ပြောလိုက်သည်။

မိဘများက စိတ်ပျက်ပြီး မြေဆွေးများကို ပေးထားသည့် သားဖြစ်သူ အခန်းကိုသွားကာ ချောင်းကြည့်ကြပြန်သည်။ အကောင်းမြင်သားက စက္ကူဖာလေးကို ဖွင့်ကြည့်ပြီးနောက် မြေဆွေးများကို တွေ့လိုက်ရသည့်အခါ ပထမ စိတ်ပျက်သလို ဖြစ်သွားသော်လည်း နောက်မှ သတိရဟန်ဖြင့်

“ဟေး... ဖေဖေနဲ့ မေမေကို ကျေးဇူးတင်လိုက်တာ။ ပန်းခြံထဲက နှင်းဆီပန်းအိုးလေးက သိပ်ပြီးတော့ မသန်ဘူး ဖြစ်နေတယ်။ ခုမှ မြေဆွေးတွေ ထည့်ရတော့မယ်။ ပန်းပင်လေး မြန်မြန် ပွင့်လာရင် မေမေ့ကို နှင်းဆီပန်းလေး လက်ဆောင်ပေးရမယ်”

အဆိုးမြင်တတ်သူသည် အဆိုးတွေး၊ အပျက် မြင်နေတတ်သလို၊ အကောင်းမြင်တတ်သူမှာ ကြံဖန် ဖြည့်တွေးပေးတတ်သည်ကို မိဘများ သိမြင်လိုက်ကြသည်။      



The Voice

No comments:

Post a Comment