၄ ဇူလိုင် ၂၀၂၁ အဆက်
ကချင်မှာသွေးခွဲအုပ်ချုပ်ခြင်း
တွစ်တာကနေတွေ့ရတဲ့ Frontier ကဆောင်းပါးတပုဒ်ကို ဆက်တင်ပြချင်တယ်။ ဆောင်းပါးနာမည်က ကချင်မှာသွေးခွဲအုပ်ချုပ်ခြင်း (Divide and rule in Kachin State) ဆိုတာဖြစ်တယ်။ အဖွဲ့လိုက်ပေါင်းရေး ထားတာဖြစ်ပြီး အင်မလီဖစ်ရှ်ဘင်၊ ဂျိုမင်နော်၊ ပက်တာရူမာရန် နဲ့ ထွိုင်ဆန် တို့ဖြစ်တယ်။ နောက်၃ဦးက ကချင်တွေဖြစ်မယ်လို့ထင်တယ်။
ဆောင်းပါးမှာအဓိကပြောချင်တာက စကစ ရဲ့ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုဟာ ကွဲပြားနေတဲ့ လူမျိုးစုတွေကို ဘုံရန်သူတခုဖော်ပြပေးလိုက်တာဖြစ်ပြီး၊ တပြိုင်နက်တည်းမှာ စစ်တပ်ဘက်ကလည်း လူမျိုးစုတွေတွင်း တင်းမာမှုကို အသုံးချပြီး သူတို့ရဲ့ ပါဝါနဲ့ သြဇာကို မြှင့်တင်ဖို့ အခွင့်အရေးရလာစေတာ ဖြစ်တယ် ဆိုတာပါ။ ကချင်မှာ လူမျိုးစုအုပ်စု ၆ခုရှိတယ်။ ဂျိန်းဖော၊ လချိတ်၊ လော်ဝေါ်(အသံထွက်မှားရင် ပြင်ကြပါ)၊ လီဆူ၊ ရဝမ်နဲ့ ဇိုင်ဝါး တို့ပါ။ ဂျင်းဖောတွေက ကချင်လူမျိုးနဲ့ ကေအိုင်အေ၊ ကေအိုင်အို အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးမှာ ကြီးစိုးထားတယ်ဆိုတဲ့ အယူအဆလည်းရှိတယ်လို့ ဆောင်းပါးရှင်တွေက ဆိုတယ်။ ကေအိုင်အေတပ်မှာ ဂျင်းဖောမဟုတ်တဲ့ကချင်နဲ့ ကချင်မဟုတ်သူတွေ (ဥပမာ ရှမ်းနီ) ကို ဦးစားပေးလေ့မရှိဘူးလို့လည်း ဖော်ပြတယ်။ လူမျိုးစုမတူတဲ့ ကချင်တိုင်းရင်းသား ၅ဦးကို သူတို့အင်တာဗျူး အနှစ်ချုပ်ကို ခုလိုတွေ့ရမယ်။
ဖုန်ရမ် (ရဝမ်လူငယ်၊ ပူတာအို)
ရဝမ်ကသီးခြားတပ်ရှိတယ်။ ခေါင်းဆောင်ကအရင်ကေအိုင်အေပဲ။ ခုစစ်တပ်အောက်က နယ်ခြားစောင့်တပ်လုပ်တယ်။ ရဝမ်လူငယ်တွေကို ကေအိုင်အေမှာ စစ်သင်တန်းတွေတက်တယ်ဆိုပြီးဖမ်း ပြီးရင်စစ်တပ်ဘက်ကိုလွှဲပြောင်းပေးတာမျိုးလုပ်တယ်။ ရဝမ်မှာ ရဝမ်လူမျိုးစုနဲ့ စာပေအဖွဲ့အစည်းလည်း ရှိတယ်။ သူတို့သြဇာလည်းဒေသတွင်းမှာရှိတယ်။ ခါကာဘိုရာဇီမြောက်ပိုင်းကို ယူနက်စကိုက ကမ္ဘာ့ယဥ်ကျေးမှု အထွတ်အမြတ်နယ်မြေအဖြစ်အသိအမှတ်ပြုဖို့ တင်သွင်းထားတာကြောင့်လည်း ဖြစ်တယ်။ မနှစ်က ကချင်ပြည်နယ်နေ့မနောပွဲမှာကျင်းပဖို့ကို ဂျင်းဖောတွေနဲ့ နာမည်ရွေးရာကနေ ပွဲပျက်သွားတာမှတ်မိကြဦးမယ်ထင်တယ်။ ဖုန်ရမ်ကဒီလိုပြောတယ်။
ရဝမ်တွေကို ဂျင်းဖောတွေနဲ့ မတည့်တော့ ရဝမ်လူမျိုးစုစာပေအဖွဲ့အစည်းကိုတည်ပြီး ကြံ့ဖွံ့ နဲ့ပေါင်းကြတယ်။ ၂၀၁၅တုန်းက ကချင်မှာ ကြံ့ဖွံ့က ရဝမ်နယ်ထဲက ၇နေရာနိုင်တယ်။ နောင်မွန်းကော မချမ်းဘောကော နေရာအားလုံးလောက်ကိုနိုင်တာ။ နောက်ပိုင်းလူငယ်တွေက အင်အယ်ဒီဘက်ကို ယိမ်းလာတယ်။ ဒါကလည်း သူတို့တက်လာပြီးဒေသဖွံ့ဖြိုးရေးကိုလုပ်ပေးနိုင်တာကြောင့်ပဲ။ စစ်တပ်အာဏာသိမ်းတော့ ရဝမ်တွေဟာ စစ်တပ်ကိုမထောက်ခံတော့ဘူး။ ကေအိုင်အေကိုပဲ ထောက်ခံလာကြတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်လို့ လူကြီးတွေက လူငယ်တွေကိုမကျေနပ်ကြဘူး။ အရင်က ကေအိုင်အေတော်လှန်ရေးကို သူပုန်ထနေတာလို့ ပူတာအိုအသိုင်းအဝိုင်းက မြင်ကြတယ်။ ဒါပေမယ့် စစ်တပ်ဘယ်လောက်ရက်စက်သလည်းဆိုတာကို ကျနော်တို့သဘောပေါက်သွားပြီ။ လူမျိုးရေးခွဲခြားမှုတွေဟာ အလုပ်မဖြစ်တော့ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ကျနော်တို့ ပြင်းပြင်းထန်ထန် ကျိုးစားအလုပ်လုပ်ကြဖို့လိုတယ်။ အတိတ်ကပြဿနာတွေကိုကျော်လွှားပြီး နိုင်ငံသစ်တည်နိုင်ကြဖို့လိုတယ်။
ဒီဘိုရာ (လီဆူးလူငယ်၊ မြစ်ကြီးနား)
လီဆူးလူမှုအသိုင်းအဝိုင်းက ဝိုင်းမော်၊ ခေါင်လန်ဖူး၊ ပူတာအို၊ တဆော်လော၊ တနိုင်းနဲ့ မြစ်ကြီးနားမှာ ရှိကြတယ်။ လီဆူးအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီလို့နာမည်ကြီးတယ်) ဟာ လီဆူးလူမျိုးစုကြားမှာ သြဇာကြီးတယ်။ ၂၀၁၅ တုန်းက ဒူးလေးပါတီက ခေါင်လန်ဖူးနဲ့ တာဆောလောမှာ ၄နေရာနိုင်တယ်။ ၂၀၂၀ မှာ ခေါင်လန်ဖူးမှာ တနေရာနိုင်တယ်။ ဒူးလေးပါတီလည်း ကြံ့ဖွံ့တွေနဲ့ နီးစပ်ခဲ့တယ်။ ကေအိုင်အေက လီဆူးတွေကို သတ်နေတယ်ဆိုပြီး ၂၀၁၉ ဇွန်က ဆန္ဒပြတော့ တပ်မတော်ကို ကေအိုင်အေကို ချေမှုန်းပါဆိုတဲ့ စာတမ်းတွေကို ကိုင်ပြီးဆန္ဒပြခဲ့ကြတယ်။ ဒူးလေးပါတီလူကြီးတွေက အသက်ကြီးကုန်ပြီ။ လူငယ်တွေပြောတာကို သူတို့နားထောင်ပေးပေမယ့် လိုက်လုပ်ကြမယ်တော့မထင်ဘူး။ ကျနော့်အထင် နောက်မျိုးဆက်မှာတော့ပြောင်းမယ်။ ကျနော်တို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ နိုင်ငံတည် ဆောက်မှုကို လိုချင်တယ်။ လီဆူးတွေအတွက်မှမဟူတ်ဘူး။ အရည်အချင်းရှိတဲ့လူတေါကို ဦးဆောင်စေချင်တယ်။ ခုနိုင်ငံရေးအခြေအနေက စက်ဘီးစီးနေရသလို အနေအထားမျိုး။ ကျနော်တို့ ရပ်လိုက်လို့မရဘူး။ လဲသွားမယ်။ ရှေ့ကိုဆက်သွားနိုင်ဖို့လိုတယ်။
ခေါင်ဒို (လာအိုဗိုလူငယ်၊ ချီဖွေ)
ကချင်အထူးဒေသနံပါတ်၁ ဖြစ်တဲ့ ချီဖွေ၊ တာဆောလော နဲ့ ဆဒုံး ဒေသတွေပါဝင်တယ်။ တရုတ်နယ်စပ်ဘက်ပေါ့။ ဒီဒေသက နယ်ခြားစောင့်တပ် (အရင်က ကချင်နယူးဒီမိုကရက်တစ်တပ်) တွေ ထိန်းချုပ်ထားတဲ့နေရာပေါ။ စခွန်တီယန်း ခေါင်းဆောင်တဲ့ အဖွဲ့။ သူက ၂၀၁၀ ကော ၂၀၁၅ မှာပါ အမျိုးသားလွှတ်တော်ကနေ အရွေးခံရတယ်။ ဒီဒေသမှာ ၂၀၁၄ကစပြီး မြေရှားတူးတဲ့ တရုတ်ကုမဏီတွေရောက်လာတယ်။ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က စစ်အာဏာသိမ်းဆန့်ကျင်သူတွေကို စုပေါင်းပြီးနှိပ်ကွပ်တယ်။
ခေါင်ဒိုပြောတာကတော့ ကြံ့ဖွံ့နဲ့ လိုကယ်ပါတီတွေက ဒီမှာကြီးစိုးတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းတော့ အများစုကမကြိုက်ကြဘူး။ ထုတ်လည်း မပြောကြဘူး။ ဒီမှာတော့ လေလောဆယ် တပ်ဘက်ကသိပ်မရှိဘူး။ ပန်းဝါမှာတော့ ရှိတယ်။ ခုတော့ တအိမ်တယောက် လူပေးရမယ်ဆိုပြီးလူသစ်စုဆောင်းနေတယ်။
နန်းမိုးမြင့် (ရှမ်းနီလူငယ် ဝိုင်းမော်)
ရှမ်းနီတွေကို တိုင်းလိုင် တွေလို့လည်း ခေါ်ကြတယ်။ အရင်က ရာစုနဲ့ချီပြီး ဒီဒေသမှာ ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်နေခဲ့ကြပေမယ့် အင်္ဂလိပ်လက်ထက်ပြီးကတည်းက တဖြည်းဖြည်းနည်းပါးလာတဲ့ လူမျိုးစုတခု ဖြစ်တယ်။ ဒီနောက် ကချင်တောင်ပိုင်းနဲ့ စစ်ကိုင်းမြောက်ပိုင်းထဲကို နယ်မြေတွေ ကွဲပြီးပါသွားတယ်လို့ ဆိုတယ်။ သူတို့မှာ ပါတီ၂ခုရှိတယ်။ တလိုင်းအမျိုးသားဖွံ့ဖြိုးရေးပါတီ (TNDP) နဲ့ ရှမ်းနီတည်တံ့ခိုင်မြဲရေး ပါတီ (SSP) တို့ဖြစ်တယ်။ တပ်ကလည်း၂ခုရှိပြန်တယ်။ ရှမ်းနီအမျိုးသားတပ်က ဖက်ဒရယ်ဘောင်ထဲမှာ ရှမ်းတပ်တွေကိုစုစည်းချင်တဲ့သဘောထားရှိပြီး စစ်တပ်နဲ့ပေါင်းပြီး ကေအိုင်အေကို တိုက်တဲ့ ရှမ်းနီတပ်လည်း ရှိပြန်တယ်။
နန်းမိုးမြင့်ပြောတာကတော့ ရှမ်းနီတွေလည်းကွဲနေပြီး တခုတည်းစုစုစည်းစည်းမရှိကြဘူး။ ရှမ်းပြည်ဘက်ကတပ်တွေလောက် သြဇာလည်းမရှိဘူး။ ရှမ်းနီတပ်ကိုစစ်တပ်က လက်နက်ထောက်ပံ့တယ်။ အာဏာသိမ်းပြီးတော့ စစ်တပ်အထောက်အပံ့နဲ့ ပိုပြီးတော့ဆိုးလာတဲ့သဘောရှိတယ်။ ရှမ်းနီအမျိုးသားတပ်ကဒါကို မကြိုက်ဘူး။ ကျမကတော့ ဘယ်ဘက်ကမှ ရှမ်းနီတွေကို ကာကွယ်ပေးမယ်ဆိုတာကို သဘောမကျဘူး။ အာဏာသိမ်းလိုက်တော့ လူငယ်တွေကြားမှာ စစ်တပ်ကို ဆန့်ကျင်လိုတာကပိုများလာတယ်။ ရှမ်းနီအမျိုးသားဖွံ့ဖြိုးရေးပါတီကတော့ အာဏာသိမ်းတာကို အခွင့်အရေးတခုအဖြစ်မြင်တယ်။
စကစ လုပ်ပေးမယ့်ရွေးကောက်ပွဲကို မျှော်လင့်ကြတယ်။ ဒီတော့ ရှမ်းနီလူငယ်တွေနဲ့ လူကြီးပိုင်းကြားမှာ ပြဿနာတွေဖြစ်ကြတယ်။ တနိုင်ငံလုံး ခံစားရ ဒုက္ခရောက်နေချိန်မှာ ငါတို့ ရှမ်းနီတွေအတွက်ပဲကြည့်ရမယ့် အချိန်မဟုတ်ဘူးလို့ မြင်ကြတယ်။
လူကြီးတွေက လူငယ်တွေဆန္ဒပြတာကို မကြိုက်ဘူး။ ဒီပြဿနာကို စစ်တပ်နဲ့ အင်အယ်ဒီကြားကပြဿနာလို့ ပဲမြင်ကြတယ်။ ဒီတော့ ကျမတို့ဘက်ကလည်း ဒါကစစ်တပ်နဲ့ တနိုင်ငံလုံး ဖြစ်တဲ့ပြဿနာလို့ပြန်ရှင်းပြရတယ်။ အရင်က ကေအိုင်အေနဲ့ ရှမ်းနီတွေကြားတိုက်ကြတာ။ အာဏာသိမ်းလိုက်တော့ အခြေအနေတွေက လုံးလုံးလျားလျားပြောင်းလဲသွားတယ်။ ခုတော့ စစ်တပ်နဲ့ ကေအိုင်အေတိုက်ရင် ကျမတို့ ကေအိုင်အေဘက်ကနိုင်ဖို့ဆုတောင်းကြတယ်။ တချို့ ကေအိုင်အေထဲ သွားတယ်။ တချို့ရှမ်းနီအမျိုးသားတပ်ဆီသွားတယ်။ စစ်တပ်ကိုတိုက်ဖို့ပဲ။
ဆရာတော် တေဇနီယ (ရှမ်းနီဘုန်းကြီး ကချင်ပြည်နယ်)
ကချင်မှာရှိတဲ့ ရှမ်းတွေကတော့ လယ်သမားတွေများပါတယ်။ လူကြီးပိုင်းက ကေအိုင်အေကိုမကြိုက်တော့ စစ်တပ်နဲ့ အဆက်အဆံရှိတယ်။ လူငယ်တွေကတော့ ပညာလည်းတတ်ပြီး ပိုပွင့်လင်းလာကြတယ်။ ဒါပေမယ့် လူကြီးပိုင်းကိုလည်း မလွန်ဆန်နိုင်တာတွေရှိတော့ ဒီအာဏာသိမ်းမှုမှာ ဘယ်ဘက်ကို ထောက်ခံရမှန်း မသိဖြစ်နေတာတွေလည်းတွေ့ရတယ်။
ကချင်တွေနဲ့ ရှမ်းနီတွေကွာတာကတော့ ကချင်လူငယ်တွေက နိုင်ငံရေးသိပ္ပံ လေ့လာတယ်။ နိုင်ငံရေးပိုနားလည်တယ်။ ရှမ်းနီလူငယ်တွေဟာ ကချင်တွေကိုရော ရှမ်းလူကြီးတွေကိုရော ကေအိုင်ရော စစ်တပ်ကိုရော လန့်နေကြရတယ်။ ခုတော့သူတို့အခွင့်အရေးတွေကို နားလည်လာကြပြီ။ ကချင်တွေက လူမှုရေး အသင်းအဖွဲ့တွေလည်းပိုအားကောင်းတယ်။ လွှတ်တော်လိုနေရာမှာ ရှမ်းနီတွေဟာ တာဝန်မယူနိုင်သေးတော့ သူတို့အစားကချင်တွေက နေရာရတယ်။ ကေအိုင်အေဟာ ခုတော်လှန်ရေးမှာ ရှမ်းနီလူငယ်တွေအတွက် သူရဲကောင်းဖြစ်လာတယ်။
ဖက်ဒရယ်ရရင် ကချင်တွေက ဗုဒ္ဂဘာသာတွေကို လက်စားချေမယ်ဆိုတဲ့ အမြင်လည်း တချို့ လူကြီးတွေမှာ ရှိနေကြတယ်။ ဒါကိုလက်နက်တခုအနေနဲ့ ရှမ်းတွေကို လူကြီးတွေကအသုံးချထိမ်းချုပ်တယ်။ လူငယ်တွေက အမုန်းတရားကဘယ်ကိုမှခေါ်သွားနိုင်မှာမဟုတ်ဘူးလို့ နားလည်ထားကြတယ်။ တရားမျှတမှုကို ရှာဖို့ ရှမ်းလူငယ်တွေနဲ့ ကချင်လူငယ်တွေ စုစည်းညီညွတ်ကြဖို့ လိုတယ်လို့ မြင်လာကြတယ်။ အစွန်းရောက် အမျိုသားရေးဝါဒနဲ့ ဘာသာရေးယုံကြည်မှုတွေကို ကျော်လွှားကြရမယ်လို့ လူငယ်တွေသဘောပေါက်လာကြတယ်။ ကေအိုင်အေဘက်ကလည်း သူတို့ဟာ ပြည်နယ်တခုလုံးကို အကာအကွယ်ပေးနေတယ် ဆိုတာကို သက်သေပြဖို့လိုတယ်။
အစွဲအလမ်းအဟောင်းများပြိုလဲခြင်း
မျိုးဆက်သစ် လူငယ်တွေဟာ တနိုင်ငံလုံးကိုချိတ်ဆက်နေကြပြီဖြစ်တယ်။ လူမျိုးစုနဲ့ လူမျိုးရေး အမြင်တွေကို ကျော်လွှားနိုင်မှ နိုင်ငံတော်သစ်ကိုရမယ် နိုင်ငံတော်သစ်မှာမှ လွတ်လပ်မှု တရားမျှတမှု ကြွယ်ဝမှု နဲ့ ခေတ်မှီမှုတွေရှိမယ်လို့ လက်ခံလာကြတယ်။
စစ်တပ်ကိုအခြေခံတဲ့ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးအမြင်ဆိုတာခေတ်ကုန်သွားပြီဖြစ်တယ်။ စစ်အာဏာသိမ်းမှုကပဲ စစ်တပ်နိုင်ငံရေးပါဝင်မှုကို လမ်းဆုံးစေခဲ့တာဖြစ်တယ်။ နိုင်ငံကို တကယ်ချစ်မြတ်နိုးသူမှန်သမျှ အရပ်ဘက်ဖြစ်စေ စစ်ဘက်ဖြစ်စေ လူထုကို အခြေခံပြီးတွေးဖို့လိုတယ်။ တရုတ်နိုင်ငံရေး ကျွမ်းကျင်သူရဲ့ နံပါတ် ၁၊ ၂ နဲ့ ၄ ဟာ ဆီသည်မလက်သုတ် အတွေးအခေါ် ဖြစ်နေပြီ။ နံပါတ်၃ ဖြစ်တဲ့ တိုင်းရင်းသားခွဲထွက်ရေးကို တိုင်းရင်းသားလူငယ်တွေရဲ့ ခေတ်မှီအတွေးအခေါ်တွေက နင်းချေခဲ့ပြီ ဖြစ်တယ်။
နွေဦးတော်လှန်ရေးကြောင့် မြန်မာနိုင်ငံရေးဟာ လူမျိုးစုအတွေးအခေါ်နိုင်ငံရေး (Identity Politics) ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်တယ်။
လွတ်လပ်စွာကူးယူနိုင်တယ်။
No comments:
Post a Comment