Latest News

Friday, January 13, 2017

အမေရိကန်သမ္မတသစ်နှင့် ကမ္ဘာ့ကုန်သွယ်မှုအလားအလာ

အမေရိကန်သမ္မတသစ်နှင့် ကမ္ဘာ့ကုန်သွယ်မှုအလားအလာ


တက္ကသိုလ်ဟန်စိုးဦး

၂ဝ၁၆ ခုနှစ်ကုန်ပြီး ၂ဝ၁၇ နှစ်သစ်ကို စတင်ဝင်ရောက်လာချိန်မှာ ကမ္ဘာကြီးဟာ နိုင်ငံရေးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးအရ အပြောင်းအလဲတွေ၊ မသေချာ မရေရာမှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

 အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဒေါ်နယ်ထရန့် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ ရပြီးတဲ့နောက် ဒေါ်နယ်ထရန့်ဟာ သူ့သမ္မတသက်တမ်းမှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကိစ္စရပ်ဆိုင်ရာမူဝါဒတွေကို ပြောင်းလဲမှု တွေပြုလုပ်သွားမယ်လို့ ထုတ်ဖော်ကြေညာခဲ့မှုတွေဟာ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်ဆုံးရှုံးမှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကုမ္ပဏီကြီးတွေ အနေနဲ့ လုပ်အားခဈေးသက်သာတဲ့ နိုင်ငံတွေဆီ စက်ရုံ အလုပ်ရုံတွေ ရွှေ့ပြောင်းနေကြတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းကြဖို့ ပြောကြားခဲ့သလို အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံတွေအကြား ကုန်သွယ်ရေးမှာ မညီမျှမှုတွေ ဖြစ်ပွားနေတာကို ကိုင်တွယ် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရန့် ဟာ သမ္မတရာထူးတာဝန် စတင်မထမ်းဆောင်မီကာလအတွင်းမှာတောင် အမေရိကန်ကုမ္ပဏီအချို့ကို စတင်ဆွဲဆောင်စည်းရုံး သိမ်းသွင်းခဲ့ရာ မှာ လေအေးပေးစက်အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ Carrier ကုမ္ပဏီရဲ့ စက်ရုံ တစ်ရုံ မက္ကဆီကိုနိုင်ငံကို ရွှေ့ပြောင်းမယ့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံသား ၈ဝဝ အလုပ်အကိုင်ဆုံးရှုံးမယ့်အရေးကို ကာကွယ်နိုင်ခဲ့ပါ တယ်။ အလားတူပဲ Ford မော်တော်ကားကုမ္ပဏီဟာ ၁ ဒသမ ၆ ဘီလီယံ ဒေါ်လာကုန်ကျမယ့် မော်တော်ကား တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ တစ်ရုံကို မက္ကဆီကိုနိုင်ငံမှာ ဆောက်လုပ်မယ့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားလက်ထက်က အမေရိကန်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံ ၁၁ နိုင်ငံအကြား ဆယ်နှစ်ကျော်ကြာ အပြင်းအထန် အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးပြီးမှရရှိခဲ့တဲ့ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုမိတ်ဖက်သဘောတူညီချက် (Trans-Pacific Partnership-TPP) ကနေလည်း သူသမ္မတတာဝန်စတင်ထမ်းဆောင်တဲ့နေ့ မှာပဲ နုတ်ထွက်သွားမယ်လို့ သမ္မတလောင်း ဒေါ်နယ်ထရန့်က ကြေညာထား ပါတယ်။TPP ရဲ့ သဘောတူညီချက်တွေအရ အမေရိကန်နိုင်ငံ မပါဝင်ရင် TPP ဟာ အသက် ဝင်လာဖို့ ဖြစ်နိုင်ခြေမရှိတဲ့အတွက် TPP အဖွဲ့ဝင် ကျန်နိုင်ငံတွေဟာ သဘော တူညီချက်ကို မိမိတို့ပြည်တွင်းဥပဒေတွေနဲ့အညီ အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ရပ်ဆိုင်းထားကြပြီဖြစ်ပါတယ်။

TPP သဘောတူညီချက်ရရှိဖို့ စတင်ဆောင်ရွက်စဉ်က တရုတ်နိုင်ငံ မပါဝင်နိုင်အောင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် TPP သဘောတူညီချက်ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်မယ့်သတင်းဟာ တရုတ်နိုင်ငံအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။TPP သဘောတူညီချက် အခြေအနေ မကောင်းတော့တဲ့အတွက် တရုတ်နိုင်ငံဟာ သူဦးဆောင်တဲ့ သီးခြားလွတ်လပ် တဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကိုတောင် ဖော်ထုတ်အဆိုပြုလာဖို့ ရှိလာနိုင်ပါတယ်။ သို့သော်လည်း ဒေါ်နယ်ထရန့်ဟာ တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုမှာ မညီမမျှဖြစ်နေတာတွေကို ကုစားသွားဖို့ တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ့်အကြောင်း၊ ဒါ့အပြင် တရုတ်နိုင်ငံကို ငွေကြေးတန်ဖိုးထိန်းချုပ်ကစားတဲ့နိုင်ငံ (Currency Manipulator) အဖြစ် သတ်မှတ်သွားမယ့်အကြောင်း ထုတ်ဖော်ပြောကြားထား တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးလောကမှာ မျှော်လင့်မထားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကိုလည်း တွေ့မြင်နေရပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံဟာ အာရှဒေသမှာသာမကဘဲ ကမ္ဘာ့ကုန်သွယ်မှု မှာ ဒုတိယအကြီးဆုံး ပို့ကုန်ပစ္စည်းတင်ပို့တဲ့နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က ကုန်ကြမ်းပစ္စည်းတွေကို အမြောက်အမြား တင်သွင်းနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အင်အားကြီးမားလာ နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာ အောက်မှာဖော်ပြထားတဲ့အချက်တွေက သက်သေပြနေပါတယ်။ (၂ဝ၁၁ ခုနှစ် စာရင်းဖြစ်ပါတယ်။)

- တရုတ်နိုင်ငံရဲ့ ဂျီဒီပီဟာ ၅ ဒသမ ၈၇ ထရီလီယံဒေါ်လာရှိပြီး ကမ္ဘာ ပေါ်မှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။

- ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း စီးပွားရေးနှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်း ၁ဝ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ရဲ့ ၄ဝ ရာခိုင်နှုန်းရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

- ကမ္ဘာပေါ်မှာ စွမ်းအင်အများဆုံးသုံးစွဲနေတဲ့နိုင်ငံဖြစ်ပါတယ်။
- ကမ္ဘာပေါ်မှာ လူသုံးကုန်ပစ္စည်းတွေအများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်သလို လူသုံးကုန်ပစ္စည်းတွေ ဒုတိယအများဆုံး ဝယ်ယူတင်သွင်း နေတဲ့နိုင်ငံဖြစ်ပါတယ်။

- ကမ္ဘာပေါ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး လက်ခံရရှိနေ တဲ့နိုင်ငံ (၁ဝ၅ ဒသမ ၇ ဘီလီယံဒေါ်လာ)ဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံမှု (၆ဝ ဒသမ ၅ ဘီလီယံ ဒေါ်လာ) ပဉ္စမ အများဆုံးနိုင်ငံဖြစ်ပါတယ်။
- ငွေကြေးအရင်းအနှီးအရ ကမ္ဘာပေါ်မှာ အကြီးဆုံးဘဏ်ကြီး ၁ဝ ခု အနက် ဘဏ်လေးခုရှိတဲ့နိုင်ငံဖြစ်ပါတယ်။

- ကမ္ဘာပေါ်မှာ နိုင်ငံခြားအရန်ငွေ (၃ ဒသမ ၂ ထရီလီယံဒေါ်လာ) အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

- မီလီယံနာသူဌေး တစ်သန်းကျော်နဲ့ ဘီလီယံနာသူဌေး ၁၁၅ ဦးရှိပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတွေအများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်။

- အမေရိကန်အစိုးရရဲ့ကြွေးမြီတွေ (၁ ဒသမ ၆ ထရီလီယံဒေါ်လာ) အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၆၅၉ ဒသမ ၄ ဘီလီယံဒေါ်လာရှိခဲ့ပါတယ်။ အမေရိကန် နိုင်ငံက တရုတ်နိုင်ငံကို တင်ပို့မှုပမာဏဟာ ၁၆၁ ဒသမ ၆ ဘီလီယံဒေါ်လာရှိပြီး တရုတ်နိုင်ငံက ပြန်လည်ဝယ်ယူတင်သွင်းတဲ့ ပမာဏဟာ ၄၉၇ ဒသမ ၈ ဘီလီယံ ဒေါ်လာရှိခဲ့တဲ့အတွက် အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ လိုငွေ ၃၃၆ ဒသမ ၂ ဘီလီယံဒေါ်လာရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၁၄ ခုနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသား ၂၅ဝဝဝဝ ကျော် အလုပ်အကိုင်တွေရရှိခဲ့ တယ်လို့ သိရှိရပါတယ်။ ဒီအချက်တွေဟာ အမေရိကန်-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍမှာ ထိတွေ့ဆက်ဆံမှုပုံစံတွေ အပြောင်းအလဲရှိလာခဲ့ရင် ကျန်ဒေသတွေနဲ့ နိုင်ငံတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိလာမှာဖြစ်တယ် ဆိုတာ ဖော်ပြနေပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့ ကုန်သွယ်မှုစနစ်ကနေ နိုင်ငံတွေအကြား ဘယ်လိုသက်ရောက်မှုတွေဖြစ်ခဲ့တယ်၊ ဆက်ဆံရေးတွေ ဘယ်လိုဖြစ်ပေါ်ပြောင်းလဲလာတယ်ဆိုတာကို လေ့လာ တင်ပြလိုပါတယ်။

ယေဘုယျအားဖြင့် သမားရိုးကျကုန်သွယ်မှုစနစ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဆီက ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဝယ်ယူတင်သွင်းတဲ့ အခြေခံအပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လုပ်အားခဈေးနှုန်း သက်သာမှုကြောင့် အနောက်နိုင်ငံ တွေမှာရှိတဲ့ စားသုံးသူတွေဟာ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ မိုက်ခရို ဝေ့ဖ်မီးဖို၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်တွေအပါအဝင် လူသုံးကုန်ပစ္စည်း တွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ဝယ်ယူပိုင်ဆိုင်ဖို့ အခြေအနေတွေ ဖန်တီး ဖော်ဆောင်ပေးပါတယ်။ ဒီလိုဈေးနှုန်းသက်သာတဲ့ပစ္စည်းတွေ ဝယ်ယူခြင်းကနေ ထွက်ပေါ်လာတဲ့ ပိုလျှံငွေ (တစ်နည်းအားဖြင့်) စုဆောင်းရမိငွေဟာ အနောက် နိုင်ငံတွေရဲ့ စီးပွားရေးအတွင်း ပြန်လည်လည်ပတ်စီးဝင်ခြင်းဖြင့် ခိုင်မာတောင့်တင်းတဲ့ ပြည်တွင်းစားသုံးသူဈေးကွက်ကို ဖြစ်ပေါ်စေပါတယ်။

ဒီသမားရိုးကျကုန်သွယ်မှုစနစ်ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ စီးပွားရေးအရ ထွန်းသစ်စနိုင်ငံတွေဟာလည်း အကျိုးအမြတ်ကို ခံစားကြရပါတယ်။ ဒီနိုင်ငံ တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်လာပြီး သာမန် လူတန်းစားတွေရဲ့ လူနေမှုဘဝကို ဖွံ့ဖြိုးတိုးတက်လာစေပါတယ်။ ဥပမာအနေနဲ့ အကောင်းဆုံးပြနိုင်တာကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအရ တံခါးဖွင့်ဝါဒပြောင်းလဲကျင့်သုံးခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၄ဝ ကာလအတွင်း နိုင်ငံတွင်းရှိ ပြည်သူသန်းပေါင်း ၅ဝဝ ကို ဆင်းရဲနွမ်းပါးမှုနွံကနေ လွတ်မြောက်စေခဲ့ပြီး ငွေကြေးသုံးစွဲနိုင်တဲ့ လူလတ်တန်းစားတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလူလတ်တန်းစားတွေဟာ အခုဆိုရင် ပြည်ပကနေတင်သွင်းတဲ့ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနေကြ သလို ပြည်ပနိုင်ငံတွေကိုလည်း သွားရောက်လည်ပတ်လျက်ရှိကြရာမှာ တရုတ် ခရီးသွားတွေဟာ ကမ္ဘာလှည့်ခရီးသွားလောကမှာ ကြီးမားတဲ့ဈေးကွက်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

သို့သော်လည်း ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်းဖြစ်ပွား ပြီးနောက်ပိုင်းမှာ စီးပွားရေးအရ ထွန်းသစ်စနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ သမားရိုးကျကုန်သွယ်မှုစနစ်ပုံစံအခြေပြုထားတဲ့ ယူဆချက်တွေအပေါ်မှာ ပြန်လည်မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အဓိကအကျဆုံးမေးခွန်းကတော့ သမားရိုးကျကုန်သွယ်မှုပုံစံဟာ မျှတမှုရှိရဲ့လားဆိုတာပဲဖြစ်ပါတယ်။

ကုန်ပစ္စည်းထုတ်လုပ်မှုအများစုကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို ရွှေ့ပြောင်း ထုတ်လုပ်ကြတယ်ဆိုပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ နိုင်ငံတကာစီးပွားရေး ကုမ္ပဏီကြီးတွေဟာ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို မိမိတို့နိုင်ငံ တွင်းမှာသာထားရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ ရွှေ့ပြောင်းတဲ့ စက်ရုံတွေကိုတော့ အဆင့်နိမ့်တဲ့ နည်းပညာမျိုးကိုသာ လွှဲပြောင်းပေးလေ့ရှိကြပါတယ်။

၂ဝဝ၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ငွေကြေးအကျပ်အတည်းကိုပြောရရင် အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးအရ မရိုးမသားဖြစ်စဉ်တစ်ခုကနေ စတင်ခဲ့တဲ့ ငွေကြေးအကျပ်အတည်းဟာ ကျန်ကမ္ဘာ့နိုင်ငံတွေဆီကို ဘာကြောင့် တောမီးပမာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ရသလဲဆိုတာ စဉ်းစားစရာဖြစ် ပါတယ်။

တကယ်ဆိုရင် အမေရိကန်နိုင်ငံဟာ နိုင်ငံတကာအတွေ့အကြုံရှိ ထိပ်တန်းဘဏ္ဍာရေးအဖွဲ့အစည်းတွေ အများအပြားရှိပြီး တင်းကျပ်တဲ့ ငွေကြေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ငွေကြေးအကျပ်အတည်းကနေ ရုန်းထွက်ဖို့ အမေရိကန်အစိုးရက ချမှတ်ခဲ့တဲ့ ကယ်ဆယ်ရေးစီမံကိန်းဟာ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။

အမေရိကန်ဗဟိုဘဏ်ဟာ ဒေါ်လာငွေတွေကို အမြောက်အမြား ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အတိုးနှုန်းသက်သာလာမှုဟာ အမေရိကန်ရဲ့ စီးပွားရေးကို အသက်ရှူချောင်ခဲ့ပေမယ့်လည်း ကမ္ဘာရဲ့ကျန်ဒေသတွေမှာ တော့ ပြဿနာအသစ်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒေါ်လာငွေတွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာခဲ့ပြီး အမြတ်အစွန်းရရှိစေဖို့ ရင်းနှီးမြှုပ်နှံကြရင်းနဲ့ အိမ်ရာမြေဈေးကွက်တွေ ပြိုကျပျက်စီးခြင်းကို ဖြစ်ပေါ် လာစေခဲ့ပါတယ်။

အကယ်၍များ အမေရိကန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို မြှင့်တင်လိုက် မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို ရောက်ရှိနေပြီဖြစ်တဲ့ ဒေါ်လာငွေတွေဟာ အမေရိကန်နိုင်ငံဆီ ပြန်လည်ဝင်ရောက်လာပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွေမှာ ကမောက်ကမတွေဖြစ်လာနိုင်မလားဆိုတာ စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Sources; ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment