Latest News

Sunday, July 4, 2021

ပြည်ထောင်စုကို ခြေရာကောက်ခြင်း ဥသြ(နိုင်ငံ‌ရေးသိပ္ပံ) အပိုင်း(၃)

 


ပြည်ထောင်စုကို ခြေရာကောက်ခြင်း

ဥသြ(နိုင်ငံ‌ရေးသိပ္ပံ)
အပိုင်း(၃)

ရှေ့အပိုင်း(၁)နှင့် အပိုင်း(၂)မှာ တင်ပြခဲ့ပြီးသော အကြောင်းအရာများအရ နယ်စပ်တောင်တန်းဒေသလူမျိုးစုများဟာ ဗမာလူမျိုးစုရဲ့ လက်အောက်ခံ မဟုတ်ခဲ့ကြောင်းနဲ့ ကိုလိုနီခေတ်မတိုင်မီကာလတွင် “အားကြီးသူသာ နိုင်စတမ်း”အခြေအနေဖြင့်သာ အုပ်စိုးခဲ့ကြပြီး ကိုလိုနီခေတ်တွင်လည်း ဗြိတိသျှတို့က ကုန်းဘောင်မင်းများ အုပ်စိုးခဲ့သော ဗမာပြည်မကိုသာ တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး လူမျိုးစုဒေသများတွင် သူတို့ရဲ့ ဌာနေလူမျိုးစု ခေါင်းဆောင်များကိုသာ အုပ်ချုပ်စေကြောင်း သိရှိခဲ့ရပြီး ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး စတင်ပြီးနောက် ဗြိတိသျှ ရှုံးနိမ့်နိုင်သည့် အရိပ်အယောင်များ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဗမာအမျိုးသားရေးဝါဒီများက “အင်္ဂလိပ်အခက် ဗမာအချက်”မူဖြင့် ဗြိတိသျှကျွန်ဘဝမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၃၉ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်က ဗမာလွတ်မြောက်ရေးတပ်မတော်ကို ဂျပန်အင်ပါယာနဲ့ ချိတ်ဆက်ပြီး ထူထောင်ခဲ့ကြပါတယ်။ ဂျပန်တို့ရဲ့ အကူအညီနဲ့ ဗမာ့ လွတ်မြောက်ရေးတပ်မတော်ဟာ ‌ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့ပြီး ထိုစဉ်က ဗြိတိသျှတို့ကို လိုလားသော တောင်တန်းဒေသလူမျိုးစုများက ဗြိတသျှတို့ဘက်မှ တိုက်ခိုက်ခဲ့ကြပါတယ်။ ထို့ကြောင့် ဗမာလူမျိုးစုများနှင့် လူမျိုးစုဒေသများအကြား တင်းမာမှုများ ထိုစဉ်ကတည်းက စတင်ခဲ့တယ်ဟု အချို့ပညာရှင်များက ဆိုကြပါတယ်။

၁၉၄၃ခုနှစ်မှာ ဗမာနိုင်ငံဟာ ဂျပန်က ရေးဆွဲပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွှေရည်စိမ်လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အဲ့ဒီဖွဲ့စည်ပုံအခြေခံဥပဒေအရ လူမျိုးစုတောင်တန်းဒေသများကို ဗမာပြည်မ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်သို့ တရားဝင် ထည့်သွင်းခဲ့သဖြင့် ပထမဆုံး တပြည်ထောင်မြန်မာနိုင်ငံ ဖြစ်လာခဲ့တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒါဟာ တောင်တန်းလူမျိုးစုဒေသတွေအနေနဲ့ ဗမာပြည်မရဲ့ ထိန်းချုပ်မှုအောက်ကို ဥပဒေအရ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့ အခြေအနေမှာတော့ ဂျပန်နဲ့ ဗမာပြည်မအစိုးရဟာ ဗမာပြည်မ(Ministerial Burma)ကို ကျော်လွန်ပြီး တောင်တန်းဒေသ လူမျိုးစုဒေသများကို အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဗမာပြည်မက အမျိုးသားရေးဝါဒီများဟာ ဂျပန်တို့ရဲ့ ရွှေရည်စိမ် လွတ်လပ်ရေးကို လျင်မြန်စွာ နားလည်လာပြီး ၁၉၄၄ခုနှစ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်-ဖတပလ လှုပ်ရှားမှု တစ်ရပ်ကို စတင်ခဲ့ပါတယ်။ နောင်တွင် အဆိုပါ အဖွဲ့ချုပ်ကို ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်-ဖဆပလအဖြစ် ပြောင်းလဲ အမည်တွင်ခဲ့ပါတယ်။

၁၉၄၅ခုနှစ်၊ မတ်လမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့အမျိုးသားတပ်မတော်ဟာ ဗြိတိသျှနဲ့ ပြောင်းလဲ မဟာမိတ်ပြုခဲ့ကြပါတယ်။ ၁၉၄၅ခုနှစ် နှစ်လည်ပိုင်းမှာ ဗမာ့အမျိုးသားတပ်မတော်နဲ့ မဟာမိတ်များဟာ ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့ပြီး ဗြိတိသျှတို့က ပြန်လည်အုပ်ချုပ်ခဲ့ပါတယ်။ ထိုစဉ်က တောင်တန်းလူမျိုးစုဒေသများနဲ့ ဗမာပြည်မတို့ဟာ ဂျပန်ကို ပူးပေါင်းတိုက်ခိုက် အနိုင်ယူခဲ့ပေမယ့် တိုက်ခိုက်ရခြင်းရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်များ မတူညီကြပါဘူး။ ဂျပန်ကို တိုက်ထုတ်ပြီးနောက် အနာဂတ်နိုင်ငံကို ဘယ်လိုထူထောင်မယ်ဆိုတဲ့ အနေအထားဟာလည်း မရေမရာနဲ့ ဝေဝါးနေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ဗမာနိုင်ငံကို ကုလသမဂ္ဂရဲ့ အထိန်းသိမ်းခံ နယ်မြေတစ်ခုအဖြစ် ထားရှိရန် အကြံပြုခဲ့ပေမယ့် ဗြိတိသျှတို့က လစ်လျူရှုကာ စက္ကူဖြူစာတမ်းကို ‌ရေးဆွဲပြဌာန်းခဲ့ပါတယ်။ ဗမာမဟုတ်တဲ့ အခြားလူမျိုးစုများက အင်္ဂလိပ်အပေါ် ထားရှိခဲ့သော သစ္စာစောင့်သိမှုအတွက် အပြန်အလှန် ကျေးဇူးပြုမှု အနေဖြင့် အပြည့်အဝ လွတ်လပ်ရေး(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိသော နိုင်ငံရေးအစီအမံများကို ရရှိရန် လိုလားခဲ့ကြပါတယ်။ ဒါပေမယ့် အင်္ဂလိပ်တို့ရဲ့ စက္ကဖြူစာတမ်းမှာ တောင်တန်းဒေသများနှင့် ပက်သက်တဲ့ ဆုံးဖြတ်ချက်များကို လူမျိုးစုများရဲ့ သဘောဆန္ဒများ မပါဘဲ မလုပ်ဆောင်ရန်နှင့် တောင်တန်းဒေသများအတွက် လိုအပ်ပါက သီးခြားအုပ်ချုပ်ရေးတစ်ရပ် ထူထောင်ရန် ကတိပြုခဲ့ခြင်းမျိုးကဲ့သို့ မရေရာသော နိုင်ငံရေးအာမခံချက်များတော့ ပါဝင်ပါတယ်။

ဗမာပြည်မက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အမျိုးသားရေး နိုင်ငံရေးသမားများက စက္ကဖြူစာတမ်းကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီး ‌နယ်စပ်တောင်တန်းဒေသအပါအဝင် ဗမာတစ်နိုင်ငံလုံးကို ရန်ကုန်အခြေစိုက် အစိုးရအုပ်ချုပ်မှုဖြင့် လွတ်လပ်ရေး ချက်ချင်းရရှိရေးကို ထောက်ခံရေးကို အလိုရှိခဲ့ပါတယ်။ အဲ့ဒီလိုအင်ဆန္ဒကို ထောက်ခံဖို့ ဗမာပြည်မက မြို့ကြီးများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှတို့ရဲ့ အားနည်းလာမှုများကြောင့် ၁၉၄၆နှစ်လည်ပိုင်းမှစ၍ ဗမာနိုင်ငံသည် မကြာမီ လွတ်လပ်ရေး ရတော့မယ်ဟု နိုင်ငံ‌ရေး လှုပ်ရှားသူအားလုံး သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို လွတ်လပ်ရေးမျိုးလဲ။ လူမျိုးစုတောင်တန်းဒေသများက ဗမာပြည်မနဲ့ အတူတကွ လွတ်လပ်ရေးယူမလား။ အတူတကွ ယူမယ်ဆိုရင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ” စတဲ့ မေးခွန်းများအတွက် မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ထိုအချိန်မှစ၍ ၁၉၄၇ခုနှစ်အထိ ကြားကာလများဟာ အထက်က မေးခွန်းများအတွက် အဓိက ဆွေးနွေးအဖြေရှာခဲ့သော ကာလများ ဖြစ်ပါတယ်။

ပြန်လည် အနှစ်ချုပ်ရလျှင် ဂျပန်အုပ်ချုပ်စဉ်က ဗမာပြည်မ(ministerial Burma)ကိုသာ တိုက်ရိုက်အုပ်ချုပ်နိုင်ခဲ့ပြီး လူမျိုးစုဒေသများကို အုပ်ချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဂျပန်ကို ဗြိတိသျှ၊ဗမာပြည်မနဲ့ လူမျိုးစုဒေသများက မတူညီသော ဘုံရည်မှန်းချက်များနဲ့ အတူတကွ တိုက်ခိုက်ခဲ့ကြပါတယ်။ ထို့နောက်တွင် ဗမာပြည်မနှင့် တောင်တန်းဒေသများအကြား ဘယ်လို လွတ်လပ်ရေးယူကြမလဲ။ ပူးပေါင်းကြမလား။ ပူးပေါင်းမယ်ဆိုလည်း ဘယ်လိုနည်းလမ်းနဲ့ ပူးပေါင်းကြမလဲ စတဲ့ မေးခွန်းတွေကို ၁၉၄၆နောက်ပိုင်းကာလတွင် အဓိက အဖြေရှာခဲ့ကြပါတယ်။

Reference:

“ပြည်ထောင်စုကို ခြေရာကောက်ခြင်း” အခန်းဆက်ဆောင်းပါးရှည်ကို Hanns Seidel Foundationက ၂၀၁၉ခုနှစ်မှာ ထုတ်ဝေပြီး Michael Seignerရေးသားတဲ့ “In Search of The Panglong Spirit: The Role of Federalism in Myanmar’s Peace Discourse” သုတေသနစာတမ်း၊ နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ၁၉၄၇ခုနှစ်က တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၂၀၁၈ခုနှစ်မှာ ထုတ်ဝေတဲ့ “ပင်လုံ လက်စွဲ: ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း” စာအုပ်နဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးနဲ့ သုတေသနအသင်းက ၂၀၁၆ခုနှစ်က ထုတ်ဝေပြီး ဆလိုင်းလျန်မှုန်းနဲ့ စိုင်းမော(န်) ‌ရေးသားတဲ့ “ပြည်ထောင်စုစစ်စစ်မူ: ၁၉၆၂ အာဏာသိမ်းမှုကို ဖြစ်ပေါ်စေသည့် ဖက်ဒရယ်လှုပ်ရှားမှု မှတ်တမ်းများ” စာအုပ်တို့ကို အဓိက ကိုးကားရေးသားပါတယ်။


No comments:

Post a Comment