Latest News

Friday, January 18, 2019

သောမတ်စ်လေးတစ်ယောက် ငါးတန်းတတ်တော့မည်


တောင်တန်းပေါ်မှ ကားလမ်းကြမ်းကြီးကို ကျွန်တော်ငေး၍ ကြည့်နေမိသည်။ လှပသော လွမ်းမောဘွယ်ရှု့မျှော်ခင်းက ကျွန်တော်၏ ခံစားမှုအာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ကျွန်တော်နှင့်အတူ သည်ခရီးကို လိုက်ခဲ့သော မိတ်ဆွေ လူငယ်နှစ်ဦးစလုံးလည်း ကျွန်တော်ခံစားနေသကဲ့သို့ သူတို့သည်လည်း သည်မြင်ကွင်းကြီးကို ကြည့်ပြီး မိန်းမော၍ နေကြ၏။
     ကင်မရာကို လွယ်ထားသည့် ကျွန်တော်တစ်ယောက် သဘာဝ၏ နက်ရှိုင်းလှသော လှပမှုထဲ နှစ်မြောမိနေခြင်းကြောင့်ပဲလားမသိ ဓာတ်ပုံရိုက်ရန်ကိုပင် မေ့သွားခဲ့သည်။ ဆယ်စုနှစ် သုံးစုကျော်ကျော် အတိတ်ကာလ၏ နေ့ရက်များအတွင်း ယမ်းငွေ့နံ့၊ သွေးစိမ်းညှီနံ့၊ အော်ဟစ် ညီးငြူနေကြသည့် ဒါဏ်ရာရနေသောသူတို့၏ နာကျင်မှုဝေဒနာများတို့အား အတွေးအာရုံထဲဝယ် ရစ်သိုင်း၍ မြင်မိသည်။
    အမျိုးသားလွတ်မြောက်ရေးအတွက် ရင်ဆိုင်သော တိုက်ပွဲနှင့် နိုင်ငံတော်၏ အချုပ်အခြာအား ကာကွယ်ရန်အတွက်  တိုက်ခိုက်သော တိုက်ပွဲ၊ ထိုနှစ်မျိုး အဓိပ္ပါယ်ခြင်း မတူညီသော ရင်ဆိုင် တိုက်ခိုက်နေကြသော တိုက်ပွဲများကြောင့် မြန်မာပြည်ကြီးသည်လည်း ကမ္ဘာ့အလယ်တွင် အဖက်ဖက်က ယိုယွင်း ပျက်စီးမှုများနှင့် ထင်ပေါ် ကျော်ကြား လူသိများနေခဲ့သည်မှာ အထူးပြောရန်ပင် မလိုတော့ပါ။
    မည်သူတစ်ဦးတစ်ယောက်၊ အဘယ်မည်သောအဖွဲ့အစည်းတို့အား အမွှန်းတင်၍ ချီးမွှမ်းလိုခြင်း၊ သူတို့သည်သာ အရာရာအားလုံးတို့၏ တရားခံများဖြစ်ကြပါသည် ဟူ၍လည်း မသုံးသပ်ချင်တော့။
ပုထုဇဉ် လူသားများဖြစ်ကြသည့် အားလျှော်စွာ အမှားနှင့် မကင်းနိုင်၊ အောင်မြင်မှုများအတွက်၊ ရုန်းကန်ကြိုးစားကြမည်။ အခြေအနေအတိုင်းအတာ တစ်ခုသို့ ရောက်သောအခါ ဆင်ခြင် ဉာဏ်ရင့်သန်သောသူတို့က လူတို့၏ ကောင်းကျိုး ချမ်းသာအတွက် သယ်ပိုးသောသူများ ဖြစ်သွားကြသလို၊
    အနှိမ့်ခံပြည်သူ လူထု၏ သူရဲကောင်းများဟူ၍ ရင်ထဲနှလုံးသားထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားခြင်း ခံရသူများ၊ အချိုးအကွေ့တစ်ခုတွင် မိမိ၏ ဘဝခံယူချက်များကို စည်းစိမ်း လုပ်ပိုင်ခွင့်များတို့နှင့် အပေးယူလုပ်ကြသောအခါ ထိုလူထုခေါင်းဆောင်ဆိုသူများတို့ ခန္ဓာကိုယ်အားဖြင့် မသေဆုံကြသေးသော်လည်း ပြည်သူ လူထုတို့၏ နှလုံးထဲဝယ် သူတို့တစ်တွေ စောစောစီးစီး ကွယ်လွန်၍ သွားကြပေပြီး။
    မိမိဘဝ၏ လာမည့်ခြေလှမ်းများအတွက် ကျွန်တော်သင်ခန်းစာယူပြီး၊ ထိုချိုမြလွန်းပြီး၊ ပြင်းထန်သော အဆိပ်များကို သတိဖြင့် ရှောင်ရှားရပေမည်။
    လက်နက်နှင့် အကြမ်းဖက်သောနည်းတစ်ခုသည်သာ အဖြေဟူ၍ သတ်မှတ်ထားသော ကာလက သာမန် ပြည်သူတို့၏ ဘဝများတို့သည် နာကျင်၊ ကြေကွဲစရာအဖြစ်ဆိုးများနှင့်သာ ကြုံတွေ့ခံစားခဲ့ရပါသည်။
    သူပုန်တို့ကို ကူညီအားပေးမှုတို့ကြောင့် အစိုးရစစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုများကိုခံရပြီး၊ အသက်ဆုံးရှုံးခဲ့သူတွေလည်းမနည်း၊ ဘဝပျက်မတတ် သက်ဆိုင်သူတို့၏ မိသားစုဝင်များလည်း ရော၍ ထိုဒုက္ခတို့ကို ခံစားကြရသည်။ အကျဉ်းထောင်ထဲတွင် ကြုံတွေ့ရသည့် အနိဋ္ဌာရုံများလည်း သူတို့တစ်တွေ ပြန်၍ပင် မတွေးရဲကြ၊ အသစ်ပြန်၍ ဖြစ်မည်ကို ထိတ်လန့် ကြောက်ရွံ့နေမိကြသည်။
    အမျိုးသားသစ္စာဖောက် အာဏာရှင်၏ လက်ကိုင်ဒုတ်၊ ရန်သူသတင်းပေးသူ ဟူသော ခေါင်းစဉ် အောက်တွင် မိမိလူမျိုး၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ သံသယကြောင့် အသက် ပျောက်ခဲ့သူတွေ့လည်း တစ်ကယ်မနည်း၊ နေရောင်အောက်တွင် ဘဝ၏ အလင်းပျောက်ခဲ့သော တိုင်းရင်းသားတွေ၏ ဘဝငိုကြွေးသံများ။
    အချို့သောတိုင်းရင်သားခေါင်းဆောင်များ သူတို့တစ်တွေ့ ခါးခါးသီးသီး ရွံရှာ၍ မုန်းတီးလှသည်ဆိုပါသော စစ်အစိုးရ ဗိုလ်ချုပ်ကြီးများတို့နှင့် အဆင်ပြေပြီး၊ မြို့ကြီးများတို့တွင် အပြိုင်အဆိုင်၊ ချမ်းသားချင်တိုင်း စည်းစိမ်းများ တိုးပွား ချမ်းသာကြီးပွားကာနေကြသည်။ ဆွေမျိုး၊ သားသ္မီးများတို့လည်း အနေမြင့်ကာ ထင်တိုင်းကြဲကြသည်ကို ပြည်သူလူထုများ စိတ်မချမ်းသာစရာမြင်တွေ့ရသည်။
    အဘယ်မည်သော ခံယူချက်များနှင့် သူတို့တစ်တွေ လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်တိုက်ပွဲဝင်ခဲ့ကြသနည်း၊ ရေဆန်တွင် ကျဆုံးခဲ့ကြသည့် ရဲဘော် ရဲဘက်များတို့အပေါ်ထားခဲ့သော သစ္စာ တရားများတို့၏ အဓိပ္ပါယ်ကား အဘယ်ရာများပေတည်း ဟူ၍ ပြည်သူ ပြည်သား သာမန်အရပ်သားများအတွက် မေးခွန်းများဖြစ်လာခဲ့သည်။
    ခက်ခဲကြမ်းတမ်းမှုများစွာနှင့် တောထဲ တောင်ထဲများတို့၌ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်၊ ရုန်းကန်ခဲ့ကြသော တော်လှန်ရေးခေါင်းဆောင်များတို့သည် သူရဲကောင်းများအဖြစ်မှ ငြိမ်းချမ်းရေးယူပြီး၊ မြို့ပြ ကွန်ကရစ် တော၊ တောင်ကြီးထဲရောက်ကာမှ ဂုဏ်သိက္ခာ သုညဘဝသို့ ကျဆင်းသွားရှာသည်ကိုလည်း သမိုင်းသင်ခန်းစာ ယူသင့်ပါသည်။
    အကြံပက်စက်သူ၊ အာဏာရှင်ကြီးငယ်တို့၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးမှုများ မပြုလုပ်မှုကတည်းက ကြီးမားသော မဟာဗျူဟာတစ်ခုကို ချမှတ်ထားသည် “ဒီလူတွေ့နှင့် အပစ်ရပ်ပြီးပြီးခြင်း၊ တစ်ပြိုင်နက်ထဲ စီးပွားရေးလုပ်ပိုင်ခွင့်သာ များများပေးလိုက်၊ သူတို့တစ်တွေ ကိုင်ထားတဲ့ လက်နက်တွေ အားလုံး၊ တုတ်တွေဖြစ်သွားမယ်” ဟူသော ဗျူဟာကြီးဖြစ်၏။
    အမှန်ပင် အသက်မဲ့သော တုတ်များဖြစ်သွားကြသော သာဓကများပင်ရှိပါသည်၊ ထိုမျှပင်မကသေး၊ အချို့သောအဖွဲ့အစည်းများတို့၏ သေနတ်ပြောင်းများ၊ ပြည်သူလူထုထံသို့ပင် လှည့်၍ သွားခဲ့သည် မဟုတ်ဟေ။
    ကောင်းကင်ပြာပြာ၊ စိမ်းလန်း၍ ရစ်သွယ်နေသော တောင်တန်း၊ မညီမညာဖြစ်နေသော ကားလမ်းမကြီးတို့ကို ကျွန်တော်သည် ငေးမော၍ ကြည့်မိရင်း တွေးမိနေသည့်အကြောင်းများပင်ဖြစ်ပါသည်။ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုသော တပ်မတော်ကြီးနှင့်၊  “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသော လက်နက်ကိုင်အဖွဲ့အစည်းများကြားထဲဝယ်၊ မြန်မာပြည်တွင် လူသားများအဖြစ် မွေးဖွားလာခဲ့ကြသော ပြည်သူတို့၏ ဘဝသည် ဖွတ်ဖွတ်ညက်ညက်ကြေကာ၊ ဒုံရင်းဘဝသို့ ရောက်၍ နေဆဲပင် မဟုတ်ပါလော့။
    ကျွမ်းကျင်လှသော ကားဆရာကြီး၏ မောင်းနင်မှုကြောင့် ကျွန်တော်တို့ စီးလာသော ကားလေး ဟိုလိုချိုး၊ သည်လိုကွေ့ အရှိန်နှင့် တတ်ရသော ကုန်းများတို့ကို စက်သံတဟဲဟဲနှင့် တတ်ရင် အတော်ကို ခရီးပေါက်ခဲ့ပြီးပဲ။ ကျွန်တော်တို့ ဦးတည်နေသော ခရီးဆုံးကား တောင်ငူမြို့ဖြစ်သည်။ နံနက်စောစော လွိုင်ကော်မြို့မှ ထွက်ခဲ့ခြင်းဖြစ်ပါသည်။
လွိုင်ကော်နှင့် တောင်ငူကားလမ်းမကြီးကို မငြိမ်းချမ်းသော ကာလများတွင် ခရီးသွားယာဉ်များတွင် ကျယ်စွာအသုံးမပြုရဲကြပေ။ တပ်မတော် ယာဉ်တန်းများသာ လုံခြုံရေးတင်းတင်း ကြပ်ကြပ်ချထားပြီးမှ ကားများခရီး ပြုရသည်ဟု ဆိုသည်။
    ကျွန်တော်တို့ ခရီးပြုနေသော (၂၀၀၆) ခုနှစ်၊ ဖေဖေါ်ဝါရီလအထိပင် ခရီးသည်များအတွက်၊ ပြေးဆွဲသောကားကို လမ်းခရီးတွင် တစ်စီးသာတွေ့ခဲ့ရသည်။ ထိမ်းသိမ်းပြုပြင်မှုအားနည်းခြင်းကြောင့် ခရီး သိပ်၍ မတွင်သည့် ကားလမ်းမကြီးကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
    ခင်မင်ရပါသော မိတ်ဆွေကြီး၏ ကူညီမှုကြောင် သည်တောင်တန်းဒေသနှင့် ကျွန်တော်ရင်းနှီး ကျွမ်းဝင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူလူထုများတို့၏ ဘဝနှင့် ရုန်းကန်မှုများတို့အား ကျွန်တော်လေ့လာခွင့်ရခဲ့သည်။ ကောင်းကင်ပြာပြာအောက် စိမ်းလန်းသော သစ်တော၏  အနီးပတ်ဝန်ကျင်တွင် နေထိုင်ကြသော သူတို့တစ်တွေ၏ ဘဝများတို့သည် ငြိမ်းချမ်းမှုအပြည့်အဝ မရရှာသေး၊ ဘဝ၏ မျှော်လင့်ချက်များ ပြည့်ဝမှု မရှိကြသေးပေ။
    အဘယ်ကြောင့်ဆိုသော် သေနတ်သံများဆိတ်သုန်းခဲ့သော်လည်း အသစ်သော လောကဓံ၏ စိမ်ခေါ်ချက်ဘဝခရီးများတွင် သူတို့တစ်တွေ၏ ဘဝများသည် ကျန်းမာရေး ပညာရေးနှင့် အသိပညာ ဖွံ့ဖြိုးမှုများတွင် အဘက်ဘက်မှ နောက်ကျ၍ နေဆဲပင် ဖြစ်သည်။
    “ဆရာသမားတို့ရေ အရှေ့ကရွာကို ရောက်ရင် အပေါ့အပါးသွားကြမယ်ဟေ့”
    ကားဆရာကြီး၏ ခရီးသည်များတို့အား သတိပေးလိုက်မှုကြောင့်
 “ကျွန်တော်အတွေးစများ ပြတ်သွား၏”
သည်ခရီးလမ်းနှင့် ထိတွေ့ ရင်းနှီးမှု ကြာမြင့်ခဲ့သော ကားဆရာသည် ကားလမ်းမကြီး ဖြတ်သွားသော ကျေးရွာငယ်များမှ လူအတော်များများနှင့် ရင်းနှီးခင်မင်မှုရှိသည်။
    သည်တောင်တန်း၊ သည်ရာသီဥတု၊ ဤဒေသမှ လူများတို့၏ ဘဝထဲမှ သူနှင့် သူ၏မိသားစုသည်လည်း အတိတ်ကနေ့ရက်များတို့အား အတူတကွဖြတ်သန်းခဲ့ကြသည် မဟုတ်ပါလား။
    “မှတ်မှတ်ရရပေါ့ ညီလေးရေ၊ ငါတောင်ကြီးနှင့် လွိုင်လင်ကို ဟိုနှစ်ပေါင်း နှစ်ဆယ်နီးပါးကလည်း၊ သည်လိုပဲ ကားမောင်းဘူးတယ်”
    သူဘာပြောမည်ဆိုသည်ကို စိတ်ဝင်တစ်စား ကျွန်တော်နားထောင်နေမိ၏။ “အဲဒီအချိန်တုန်းက အခု လွိုင်ကော်၊ ကက်သလစ်သာသနာမှာ ဆရာတော် (Bishop/ ဘီရှော့) ဖြစ်နေတဲ့၊ ဘီရှော့ကြီး ဆိုတေရိုးလည်း ငါကားနှင့် အတူပါလာတယ်၊ အရွယ်ကလည်း ငယ်သေးတယ်၊ ဖာသာ (ခရစ်ယာန် သာသနာပြု ရဟန်းငယ်) ဘဝနဲ့ပဲပေါ့။ ကိုယ်တော် ဆိုတေရိုးက ရယ်စရာတွေလည်း ပြောတတ်တယ်”
    ဖြူစင်လှသော အပြုံးနှင့် တစ်ပါးသူအား လှိုက်လှိုက်လှဲလှဲ ပြုံးတတ်သော အပြုံးပိုင်ရှင်သည် ဘီရှော့ကြီး သို့မဟုတ် ဆရာတော်ကြီး ဆိုတေရိုး ဖြစ်သည်။ အရပ်ပုပြတ်ပြတ်နှင့် ကယားပြည်နယ်မှ ကယောလူမျိုး တစ်ဦးလည်း ဖြစ်၏။
    ပြည်တွင်းစစ်၏ လောင်မြိုက်သော မီးကို ခါးသီးစွာခံရသော ကယားပြည်နယ်၊ ဟိုယာမြို့နယ်ရှိ၊ ကျေးလက် တစ်ခုမှ ဆရာတော်သည် မွေးဖွားကြိးပြင်ခဲ့သည်။ အလွန်ရိုးသားပြီး ပညာသင်ကြားခြင်း မပြုနိုင်ခဲ့သော မိဘနှစ်ပါး၏ သားရတနာ တစ်ဦးဖြစ်သည်။ ယနေတိုင် ရေဆန်နှင့် လေဆန်ကို ရင်ဆိုင်နေရသော ကယားပြည်နယ်၏ နိုင်ငံရေး ခရီးစဉ်၏ မိုင်အတော်များများကို ဆရာတော်သည် ပြည်သူလူထုနှင့်အတူ လျှောက်လှမ်းခဲ့သည်။
“လမ်းမှာ ဓားပြတိုက်ရောကွာ”
ကားဆရာက ဆက်၏။
    “ကားဆရာရော၊ ခရီးသည်တွေပါ၊ အားလုံး ကားပေါ်ကဆင်းထိုင်ပြီ ငါတို့ပါသမျှ ပစ္စည်းတွေရော၊ ငွေတွေ အားလုံး သိမ်းတာပေါ့ကွာ”။
    “ဟုတ်တယ်ဗျ၊ အဲဒီအချိန်တုန်းက တောင်ကြီး လွိုင်လင်၊ ကားလမ်းဟာ မကြာခဏ ဓားပြတိုက်တယ်လို့၊ ကျွန်တော်လည်းကြားဘူးတယ်”
    “ဘာတတ်နိုင်မှာလည်းကွာ ငါတို့ရှိသမျှလည်း ကုန်ရော” ကားဆရာသည် ထိုအဖြစ်အပျက်ကို ပြုံး၍ ယခု အချိန်တွင်၊ ကျွန်တော်ကို ပြန်၍ ပြောပြနိုင်သော်လည်း ထိုအချိန်က စိတ်သောကကြီးစွာ ရောက်၍ နေပေလိမ့်မည်။
    “ဓားပြက ခရီးသည်တွေ ကားပေါ် အားလုံး တက်သွားကြတော့လို့” ငါတို့ကို အမိန့်ပေးတယ်၊ အဲဒီအချိန်မှာ၊ ဖာသာကြီး ဆိုတေးရိုးက၊ ဓားပြရဲ့လက်ထဲက သူရဲ့နာရီကို နှမြောခြင်းများနဲ့ကြည့်ရင်း “ငါနာရီကို ပြန်ပေးလို့ပြောတယ်ကွာ”။
    အသံထွက်အောင် ကားဆရာကြီးက အော်ရယ်လိုက်ပြီး၊ ဆက်၍၊
အဲဒါနဲ့ ဓားပြကြီးက ဖာသာကြီးကို “ ဟေ့လူ ငါတို့က အလှူခံအဖွဲ့မဟုတ်ဘူးကွ၊ ဓားပြဟေ့ ဓားပြလို့“ ပြန်ပြီးအော်တယ်။ အမှတ်ရ စရာတွေပေါ့ကွာ၊ အခုဆို ဖာသာလည်း ဆရာတော် ဆိုတေရိုး ဖြစ်နေပြီးလေ” “ကယားပြည်နယ်က ကြည့်လိုက်ရင်သာ မြေပုံထဲမှာ သေးသေးလေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စ ပြဿနာတွေအများကြီး ဒီကိစ္စတွေကို နိုင်သလောက်၊ ဝိုင်းဝန်းလုပ်ကြတဲ့ လူတွေအဘို့ တစ်ခါတစ်လေ ရူးလောက်တယ်ကွာ”
    ဆရာတော်ဆိုတေးရိုးနှင့် ကျွန်တော့ စကားပြောကြရင်း မိမိ၏ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံဟောင်းများကို ပြန်ပြောင်း သတိရရင်း သူ၏ မှတ်ချက်လေးဖြစ်သည်။
    ပြည်တွင်းစစ်၏ အမျိုးမျိုးသော ဒုက္ခအစုံကို ကယားပြည်နယ်အတွင်းရှိ ပြညသူလူထုများ၊ ခါးသီး၊ နာကျင်စွာ ခံစားရသည်။ အပစ်အခတ်၊ ရပ်စဲသော အနေအထားသို့ ရောက်ရှိနေသည့်တိုင် ငြိမ်းချမ်းရေးအတွက် စိတ်ချနိုင်လောက်သော၊ အခြေအနေသို့ရောက်အောင်၊ ခရီးရှည်ကြီးကို လျှောက်လှမ်းရပေအုံးမည်။
    ဥယျဉ်ကြီးတစ်ခုကဲ့သို့ ကယားပြည်နယ်အတွင်း နေထိုင်ကြသော လူမျိုး၊ နွယ်စုများကလည်း အတော်စုံ
၏။ လူဦးရေး၏ ရာခိုင်နှုန်းအတော်များများက ကက်သလစ်ဘာသာဝင်များဖြစ်ကြသည်။ လွိုင်ကော်မြို့နှင့် မြို့နယ်အသီးသီးတို့၏ မြို့ကြီးများ၊ လွင်ပြင်နှင့် တောင်တန်းဒေသများပေါ်တွင် ကက်သလစ်ဘာသာဝင်များတို့၏ ဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းများကို သင်မြင်တွေ့နိုင်ပါသည်။
    ဘာသာရေး ခေါင်းဆောင်များဖြစ်သည့် ဘီရှော့ကြီးနှင့် ဖာသာတို့သည် ဘာသာရေး ဝတ်ပြု ကိုးကွယ်မှုများ အပြင် မိမိတို့ စွမ်းဆောင်နိုင်သမျှ၊ အသင်းသူ၊ အသင်းသားတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စရပ်များတွင် ပါဝင်၍ အစေခံကြသည်။
    ကက်သလစ် သာသနာမှ စနစ်တကျ ပြုစုပျိုးထောင်ထားသော သာသနာခေါင်းဆောင်ကြီးငယ်တို့သည် အဘယ်မည်သော သွားလာရန် ခက်ခဲ ကြမ်းတမ်းသော နေရာဒေသတို့သို့ ရောက်ရှိစေကမူ အစဉ် သပ်ရပ် သန့်ရှင်းစွာ နေထိုင်ကြသည်။
    အစိုးရနှင့် ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပဋိပက္ခ ရေချိန် မြင့်နေသောအချိန်တွင်လည်း နှစ်ဘက်သော အဖွဲ့အစည်းတို့၏ အလယ်တွင် ပါးနပ် လိမ္မာစွာနှင့် သူတို့တစ်တွေ နေ့စဉ် ရှင်သန်ခဲ့ရသည်။ ကက်သလစ် ဘုရားဝတ်ပြုရာကျောင်း၊ သီလရှင်တို့၏ ကျောင်းများနှင့် တွဲကာ ခက်ခဲကြမ်းတမ်းသော ဘဝများကို ပိုင်ဆိုင်ထားသည့် ကလေးသူငယ်များတို့အတွက် ခိုလှုံရာ ရိပ်သာများကိုလည်း အစဉ်တွဲ၍ မြင်တွေ့ရပေသည်။ လူသားများပင် ဖြစ်ကြသော သာသနာ့ဝန်ထမ်း၊ ခရစ်တော်၏ သားသမီးများတို့အထဲတွင်လည်း အားနည်းချက်များ၊ စုန်းပြူများများလည်းရှိမည်မှာ ဓမ္မတာပင် မဟုတ်ပါလား။
    အပေါ့အပါးသွားရန် ကားခေတ္တရပ်နားစဉ်
    သည်တော၊ သည်တောင်တန်း၏ ရေ၊ မြေ သဘာဝတရားကြီး၏ အလှအပကို ခံစားရင် ကျွန်တော် အတွေးစက်ဝန်းထဲတွင် ကျင်လည်နေမိခြင်း ဖြစ်ပါသည်။
     “ကားဆရာကြီး ကျွန်မတို့နှစ်ယောက် လိပ်သို အထိ လိုက်လို့ရမလား”
    အသံကြားရာဘက်သို့ ကျွန်တော်ကြည့်လိုက်သေအခါ အသက်သုံးဆယ်အရွယ်ခန့် ကက်သလစ် သီလရှင်ကြီးတစ်ပါးနှင့် သူမ၏ နံဘေးဝယ် ဆယ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး။
    “စစ္စတာကြီး အဲဆရာကို မေးကြည့်လိုက်  သူသဘောတူရင် ကျွန်တော်တင်မယ်”
    ဆိုသည် ကားဆရာကြီး၏ တုန့်ပြန်သံကို ကြားလိုက်ရသည်။
    မိတ်ဆွေတစ်ဦးက လွိုင်ကော်မှ တောင်ငူခရီးစဉ်အဖြစ် ယခု ကျွန်တော်စီးလာသောကားကို စီစဉ်ပေးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်နှင့် အတူ ရန်ကုန်မှ လူငယ်နှစ်ဦးလည်း သည်ငွေတောင်တန်း ခရီးစဉ်ကို လေ့လာရေးသဘောဖြင့် လိုက်ပါလာကြခြင်းဖြစ်သည်။
    ဒဲပလ်ကက် (Double Cab) ဟုခေါ်သော ကားငယ်လေး၏ ရှေ့ခန်းတွင် ကားမောင်းသူအပါအဝင် ကျွန်တော်တို့သုံးဦးက နေရာ အပြည့်ယူထား၏။
    အမိုးမပါသော ကား၏ နောက်ခန်းတွင် ဆီဘိုးရရန်အတွက် ကားဆရာကြီးက ခရီးသည် တချို့ကို တင်ထား၏။
    “စစ္စတာကြီးတို့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ၊ ကဲညီလေးတို့ရေ၊ ကျေးဇူးပြုပြီး၊ မင်းတို့နှစ်ယောက်၊ အနောက်မှာ သွားစီးကြနော်”။
    လွတ်သွားသော ကျွန်တော်မိတ်ဆွေ နှစ်ဦး၏ နေရာတွင် ကလေးငယ်နှင့် စစ္စတာကြီးတို့ နေရာရသွားပါသည်။
    “ကျေးဇူးအရမ်းတင်ပါတယ်၊ ဆရာတို့ရယ်၊ နောက် မဟုတ်ရင် ကျွန်မနဲ့ သောမတ်စ်လေးတို့ နှစ်ယောက်သား မိုင်နှစ်ဆယ်လောက်ကို လမ်းလျှောက်ရအုံးမှာ”။
    “ဟာ…..ဒီရွာကနေ လိပ်သိုအထိ မိုင်နှစ်ဆယ်တောင် ဝေးလားဗျာ”
    ဟု ကျွန်တော် ကားဆရာကြီကို မေးမိလိုက်သည်။
“ဝေးတာပေါ့ ဆရာသမားရယ် ကျွန်တော်တို့သာ မတင်ရင် သူတို့နှစ်ယောက် လမ်းများ လျှောက်ရင် ဘယ်အချိန်ရောက်မလဲဆိုတာ မသိတော့ဘူး” ဟူ၍ ကားဆရာကြီးက ပြော၏။
စစ္စတာကြီးက “ကားတွေ မတင်ရင်လည်း ဒီလိုပဲ ကျွန်မတို့ လမ်းလျှောက်နေကြပါ၊ လျှောက်ရင်လည်း ဒီလိုပဲ သွားခဲ့ရင် ကြုံတယ်၊ ရွာမှာ ခွင့်တောင်းပြီး ညအိပ်လိုက်တာပါပဲ”
    သည်ခရီးလမ်းတစ်လျှောက်ရှိ ကျေးရွာငယ်များတို့သည် ကက်သလစ်ဘာသာဝင် တိုင်းရင်းသားတို့ နေထိုင်ကြသော ရွာငယ်များဖြစ်ကြသည်။
    ကားလေးကလည်း သည်တောင်ပေါ်လမ်းလေးပေါ်တွင် ဟိုကွေး၊ သည်ချိုးနှင့် ပုံမှန် ခရီးပြု၍ နေ၏။ ကားလမ်းကြမ်းကြီးဖြစ်သော်လည်း ကျွမ်းကျင်သော ကားဆရာကြီးကို ကျွန်တော်တို့ ကျေးဇူးတင်ရပေမည်။
    “စစ္စတာကြီး ဒီလောက်ဝေးတယ် ခရီးကို ဘာသွားလုပ်ကြမှာလဲ” ဟု ကျွန်တော်မေးမိလိုက်သည်။
    “သောမက်စ်လေး ဒီနှစ် ငါးတန်းတတ်ပြီးဆရာ၊ ရွာမှာက မူလတန်း အထဲပဲရှိတော့ ဒီနှစ်တော့ သူကို လိပ်သိုက အထက်တန်းကျောင်းကို ပို့ရတော့မယ်လေ၊ အဲဒီမှာလည်း သာသနာကဖွင့်ထားတဲ့၊ ဘော်ဒါရှိတော့ သူ့အတွက် အဆင်ပြေတာပေါ့”၊
    ရွှင်လန်း၊ တတ်ကြွစွာနှင် စစ္စတာကြီး ပြောသော စကားကို ကျွန်တော် ဆက်၍ နားထောင်နေမိသည်။
        “ကျွန်မ ဒီကလေးကို သုံးနှစ်သားအရွယ်ကတည်းက ကြည့်လာခဲ့တာပါ ဆရာ၊ သူအဖေရော အမေပါ နှစ်ယောက်လုံးဆုံးတော့ ဆွေမျိုးတွေကလည်း တာဝန်မယူနိုင်လို့ ကျွန်မတို့ မိဘမဲ့ ရိပ်သာကို ရောက်လာခဲ့တာလေ”
    စစ္စတာကြီးနှင့် ကျွန်တော် အပြန်အလှန် ပြောဆိုနေကကြသော စကားများကို သောမတ်စ်လေး တစ်ယောက် နားထောင်ရင် သူ၏ ဘဝကို ပြန်၍ မှတ်မိသမျှတွေးနေမိလိမ့်ပေမည်။
    ယခု အသက်ဆယ်နှစ် ပြည့်၍ ငါးတန်းကျောင်းသားကြီး ဖြစ်သော အချိန်အထိ တစ်ခါ တစ်ရံ နာကျင်စွာနှင့် ကွယ်လွန်သွားပြီးဖြစ်သော မိဘနှစ်ပါးကို တမ်းတ၍ နေပေလိမ့်မည်။
    သာသနာရိပ်သာဟုဆိုသော်ငြားလည်း မိဘနှစ်ပါး၏ နွေးထွေးသော အရိပ်ဖြစ်သည့် သူတို့တစ်တွေ ပိုင်၍ ဆိုင်သော မေတ္တာရိပ်မြုံတွင် ကြီးပြင်းခဲ့ခြင်းမရှိသောကြောင့် သူတွင် နက်နက်ရှိုင်းရှိုင်း နှလုံးသားတွင် လစ်ဟာမှုကြီးတစ်ခုကို သောမတ်စ်လေးတစ်ယောက် ခံစားရပေလိမ့်မ်ည ဟု ကျွန်တော် တွေးနေမိသည်။
    ရွေးချယ်စရာ မရှိသော ကျွန်တော်တို့လူသားများသည် ဘဝက ပြဋ္ဌာန်းသော အရှိတရားအတိုင်း မိမိ၏ နေ့စဉ်ဘဝကို ရှင်သန်ရသည်။ ရုန်းကန်ရသည် ငိုကြွေးကြသည်၊ ကြည်နူးကြသည်၊ လွမ်းရသည်၊ ဥပေက္ခာပြုခြင်းခံရသည်။ နွေးထွေးစွာ ကြိုဆို၊ နှိမ့်သိမ့်ခြင်းခံရသည်။ ဤအကြောင်းတရားတို့သည် လောကကြီးတွင် အသက်ရှင်၍၊ လူသားများအဖြစ် မွေးဖွားလာသူတို့ မလွဲမသွေ ကြုံတွေ့ရသော လောကဓံတရားပင် မဟုတ်ပါလော့။
    ခရစ်ယာန်တို့ ယုံကြည်မှုအရ “ ဘုရားရှင်၏ အလိုတော်ပင်”
    မိမိကိုယ်တိုင် ကျော်လွှား ဖြတ်သန်းခဲ့ရသော ဘဝ၏ တစ်စိတ်တစ်ဒေသ၊ အတိတ်ကို ကျွန်တော် နံဘေးဝယ် ကားမောင်းနေသည့် ကားဆရာကြီးက ပို၍ နက်နက်ရှိုင်းရှိုင်းကြီး သိ၍ နေပေလိမ့်မည်။
    သူသည်လည်း စစ္စတာကြီးပြောသော စကားကို နားထောင်နေရင် “ဟင်း” ဟုအသံထွက်အောင်ပင် သက်ပြင်းရှည်ချသော အသံကို ကျွန်တော်ကြားလိုက်မိသည်။
“အစိုးရက ပြောရင်လည်း၊ သူတို့က အမှန်၊ တစ်ခါသူပုန်ဘက်ကပြောရင်လည်း၊ သူတို့ကလည်း အမှန်၊ တစ်ခါတစ်လေ၊ ကြားထဲက၊ ကျွန်မတို့၊ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဆရာရယ်”
    ကျွဲနှစ်ကောင်၊ ခတ်သည့်ကြားမှ၊ မြေစာပင်တို့၏ အသံများဖြစ်သည်။
    “ကျွန်မတို့ သာသနာကလည်း တတ်နိုင်သလောက် ဒီဒုက္ခတွေကြားထဲက မိဘမဲ့ကလေးတွေ မုဆိုးမတွေကိုတော့ နိုင်သလောက် ကြည့်ရတာပေါ့ အားလုံးတော့ ဘယ်တတ်နိုင်ပါမလဲ ဆရာရေ”
    စကားပြောနေသည့် စစ္စတာကြီးကို ကား၏ နောက်မှန်မှ တဆင့် ကျွန်တော်ကြည့် လိုက်မိသည်။ သူမ၏ နံဘေးဝယ် သောမတ်စ်လေးတစ်ယောက် တောင်တန်းတွေကို ကြည့်လိုက်၊ ပြာလဲ့နေသော ကောင်းကင်ကြီးကို တစ်လှဲ့ကြည့်လိုက်၊ နှင့် စိတ်မျက်စိ ကစား၍ နေသည်။ သူ၏ မျက်လုံးနှစ်စုံဝယ် ကြည်လဲ့၍ တောက်ပနေသော မျော်လင့်ချက်အလင်းကို ကျွန်တော် မြင်လိုက်သည်။
    ယနေ့အချိန်ထိ ကျွန်တော် မြန်မာနိုင်ငံ၏ ပထဝီဝင်မြေပုံကို ကြည့်လိုက်တိုင်း၊ မတူညီကြသော ရုန်းကန်မှုများသောကများ၊ စစ်မက်ကပ်ဘေး၊ မူးယစ်ဆေးဝါး၏ ဒုက္ခ၊ သဘာဝကပ်ဆိုး၊ ဆင်းရဲခြင်းများ၊ တို့နှင့် တစ်လှည့်စီး မည်သို့မျှ မရိုးနိုင်အောင် ပြည်သူလူထုတို့၊ ဒုက္ခတရားများတို့အား နာနာကျင်ကျင်ခံစားရသည်။
    ကမ္ဘာ့ပေါ်ရှိ တိုင်းနိုင်ငံ အသီးသီးတို့တွင်လည်း သုခဘုံများနှင့် အတိပြီးသော ဌာနအရပ်များ မဟုတ်ကြပါ။ သူတို့တစ်တွေလည်း သူတို့၏ အခက်အခဲ ရင်ဆိုင်ရသော လောကဓံတရားများ အသီးသီးရှိ ကြပါသည်။
    လူသမိုင်းတစ်လျှောက်ကို ပြန်ပြောင်း၍ လေ့လာမိသောအခါ မိမိတို့၏ တိုင်းပြည်နှင့် အနာဂါတ် မျိုးဆက်တို့ ပြည့်စုံ၊ တိုးတတ်မှုတို့အား ရည်မှန်း၍ အုပ်ချုပ်သူ၊ မင်းတို့၏ နေရာကို ရယူထားသော သူတို့၏ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှု၊ ရာခိုင်နှုန်း၊ အားကြီးသော အရပ်များတွင်၊ တိုင်းပြည်လူရွာတို့ ငြိမ်းချမ်း၊ စည်ပင် ဖွံ့ဖြိုးခြင်းများတို့အား ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ကြသည်။
    “ကျွန်မတို့ကို အခုလို ကူညီတဲ့အတွက် ဆရာတို့ကိုလည်း ဘုရားရှင် ကောင်းချီးပေးပါစေ၊ ဒီထက်ပိုပြီး၊ လူတွေအတွက် ကူညီနိုင်ကြပါစေ”
    လမ်းခရီးဆုံးသို့ပင် မရောက်သေး စစ္စတာကြီးက၊ ကားဆရာကြီးနှင့် ကျွန်တော်အတွက် ဆုတောင်း မေတ္တာပို့၍ နေပါပြီး။ ကားကလည်း အဆင်သင့်၊ မောင်းပေးသောကားဆရာကြီးကလည်း စေတနာနှင့်၊ သည်ခရီးစဉ်မှာ မိတ်ဆွေနှစ်ဦး၊ ရှေ့ခန်းမှ ကား၏ အနောက်ဘက်သို့ နေရာရွှေ့ပေးရသည်မှာ လွဲ၍ ကျွန်တော်တို့အတွက် အခြားဘာမျှ ထူးထူးထွေထွေ ပင်ပန်းမှုများ မရှိခဲ့တာအမှန်ပါ။
    မိစုံ၊ ဖစုံမရှိရှာသော သောမတ်စ်လေးကို သုံးနှစ်သားအရွယ်မှ ယခုကဲ့သို့ ငါးတန်းကျောင်းသားဘဝ အရွယ်ထိ မျက်နှာမွဲ လူမမယ်လေးငယ်ကို ပြုစု ပျိုးထောင်ပေးခဲ့သော စစ္စတာကြီးနှင့် သူ၏ မေတ္တာ ရိပ်မြုံ သာသနာ့ရိပ်သာမှ သီလရှင်ကြီးများတို့၏ မေတ္တာလှိုင်း ဂယက်အရှိန်သည် ကျွန်တော်၏ နှလုံးသားကိုပင် တုန်ခါ ရိုက်ခတ်နိုင်စွမ်း ရှိခဲ့သည်။
    ငါးနာရီကျော်ကျော် အတူကားပေါ်တွင် ခရီးသွားအဖော်အနေနှင့် စကားပြောသောအခါ စစ္စတာကြီးထံမှ ကမ္ဘာ့အရေး၊ မြန်မာအရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကိစ္စတွေ၊ ကြီးကြီးကျယ်ဘာမျှ၊ထုတ်ဖော်၍၊ မပြော၊ လူအခွင့်အရေးများ၊ လူမျိုးစုတန်းတူ အခွင့်အရေးများအကြောင်း၊ မမြွတ်ဆိုခဲ့။
သို့သော် သူနေထိုင်ကျင်လည်ရာ ပတ်ဝန်းကျင်ရှိ လူသားများတို့၏ ဘဝများကို မိမိ၏ ဘဝနှင့် ထပ်တူရင်း၍ ကြင်နာ၊ သနား၊ မေတ္တာကို ပေးသည်။ ကြီးမားသော စေတနာနှင့် ရှိသမျှအင်းအားများကိုရင်း၍ အကောင်းဆုံး ကူညီ၊ စောင့်ရှောက်သော လုပ်ငန်းများကို ဆောက်ရွက်သည်။
    ဘဝတစ်သက်တာ တစ်လျှောက်လုံး ဘုရားရှင်၏ သ္မီး စစ္စတာ (သီလရှင်) ဘဝကိုပဲ ခံယူထားပေလို့လားတော့မသိ၊ ရွှေအကြောင်း၊ ငွေအကြောင်း၊ တိုက်တွေ၊ ကားတွေအကြောင်း၊ သူမပါးစပ်ဖျားမှ ထွက်၍ မလာခဲ့။
    ”ဒီအစေခံနိုင်တဲ့  မေတ္တာ၊ စေတနာ၊ သည်းခံမှုတွေကိုတော့ ဆုတောင်းပြီး ဘုရားဆီက၊ ခွန်အားတောင်းရတယ်၊ မဟုတ်ရင် ကျွန်မတို့လည်း လူသားတွေဆိုတော့ ကိုယ်ရဲ့ခွန်အား တည်ဆောက်မှုတွေနဲ့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါကြောင့် မနက်စောစော လေးနာရီဆိုရင် ကျွန်တို့ အားလုံးနိုးပြီး၊ ဝတ်ပြုဆုတောင်းရာ အခန်းထဲမှာ ဒူးထောက်ပြီး ဆုတောင်းရတာပဲ”
    လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်ကာလမှ၊ စစ္စတာကြီး တစ်ပါးနှင့် ကျွန်တော်ရန်ကုန်မြို့ရှိ ကက်သလစ် သီလရှင် ကျောင်းသို့ ရောက်စဉ် သူမနှင့် စကားပြောဆိုရင် သူမဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကို စစ္စတာကြီးမှ ကျွန်တော်အား ပြောပြနေခြင်းဖြစ်ပါသည်။
    သူမတာဝန်ကျသော တောင်ကြီးမြို့၊ ဘုရားဖြူအရပ်ရှိ မိဘမဲ့ဂေဟာ၏ အရှေ့တွင် တစ်ရက် နံနက်စောစော ရက်သားအရွယ် ကလေးငယ်တစ်ဦးအား အနှီးနှင့် ရစ်ပတ်လျှက်သား လာရောက် စွန့်ပစ်ထားသည်။
    အချိန်တိုင်းလိုလို ပြင်းပြင်းထန် ငိုကြွေးနေသော ထိုရက်သားကလေးကို သီလရှင်များ ဆရာဝန်နှင့် အမြန်ဆုံးပြသသောအခါ ပြင်းထန်သော ခေါင်ကိုက်ဝေဒနာခံစားနေရသည်ဟု ကျွမ်းကျင်သော ဆရာဝန်ကြီးကဆို၏။
    ထိုကလေးငယ်အား အချိန်ပြည့် ကြည့်ရှု့ပြုစုရန် ကျွန်တော်၏ မိတ်ဆွေ စစ္စတာကြီးမှ တာဝန်ယူရသည် စစ္စတာကြီးသည် ကြီးမားသော မေတ္တာ၊ ဂရုဏာတရားတို့နှင့် ထိုကလေးငယ်အား ပြုစုစောင့်ရှောက်သည်။ ကျွန်တော်နှင့် တွေ့ဆုံစဉ်က ထိုကလေးငယ်အား ပထမအကြိမ် ဦးခေါင်းခွဲစိတ်ထားပြီးဖြစ်သည်။
မျက်လုံအစုံကို မှိတ်၍  ပြင်းပြင်းထန် ငိုကြွေးနေသော ကလေးငယ်ကို မြင်ရသောအခါ ကျွန်တော် ကြေကွဲမိသည်။ ခံစားရသော ဝေဒနာသည် သူ၏ အသက်ရှင်ရသော နေ့ရက်များနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ပြင်းထန်လှသည်။
    သို့သော် ကျွန်တော်တို့ ဘာမျှမတတ်နိုင်ပါ၊ ကျွန်တော်သည်လည်း ကြေကွဲသော နှလုံးသားနှင့် ခံစားသော်လည်း ကူညီရန် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပေ။
    ”ကျွန်မကတော့ သူအသက်ရှင်နေသရွေ့၊ အကောင်းဆုံးပြုစုရမှာပဲ၊ ဒါဘုရားပေးတဲ့တာဝန်ပါပဲ”
    ထိုနေ့က စစ္စတာကြီးပြောခဲ့သော စကားကို ယနေ့ ကျွန်တော် ပြန်၍ ကြားယောင်မိသည်။ သူမ၏ ခမ်းနားကြီးကျယ်လှသော ချစ်ခြင်း မေတ္တာတရားသည် ကျွန်တော်၏ အတ္တနှလုံးသားကို အေးမြ၊ ကြည်လင် သန့်ရှင်းစေနိုင်ခဲ့သည်။
    အတ္တနှင့် အပေးအယူကင်းသော ချစ်ခြင်း မေတ္တာတရား၏ တန်ခိုးနှင့် ခမ်းနားကြီးကျယ်မှုပေတည်း။
    ရေဆန်ကို လှော်ခတ်ရသော လူမှန်းစ၍ မိမိကိုယ်ကို စ၍သိသောအချိန်မှ စ၍ နေ့စဉ်အသက်ရှင်ခြင်း၌ လောကဓံတရားသည် အရိပ်ပမာ၊ ကျွန်တော်တို့နှင့် ကပ်၍ ပါခဲ့သည်။ ပျော်ရွှင်၊ ကြည်နူးချိန်၊ ဝမ်းနည်းကြေကွဲမှုအထီးကျန်ဆန်မှု၊ သစ္စာတရားမဲ့မှုများ တစ်မျိုးစီ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြသည်။
    တစ်ခါတစ်ရံ အသက်ဆက်၍ မရှင်သန်ချင်လောက်အောင် လောကဓံတရားအား၊ ဒူးထောက်အရှုံးပေးပြီး အလွယ်ဆုံးသော နည်းများဖြင့် လူဘဝမှ ထွက်ခွာသွားချင်လောက်အောင် ဖြစ်ခဲ့ကြသည်။ အချို့သော သူတို့၊ လူလောကမှ ထွက်ခွာသွားခဲ့ကြသည်။ ထိုကဲ့သို့သော အချိန်များတွင် ကျွန်တော်သည် မိမိကိုယ်ကို လေးနက်သော မေးခွန်းတစ်ခုကို မေးမိသည်။
”ငါ ဘာကြောင့် လူလောကကြီးထဲမှာ၊ ရှင်သန်နေရတာလဲ၊ ဘဝရဲ့အဓိပ္ပါယ်ဟာ ဘာလဲ” ဟူ၍။
    ဝရုန်းသုန်းကားဖြစ်နေသော ဘဝ၊ အစည်းပြေသွားသော ထင်းများကဲ့သို့၊ မျှော်လင့်ချက်များ၊ တစစီလွင့်စင်သွားသောအချိန်တွင် ကျွန်တော်တို့ ဆောက်တည်ရာ မရဖြစ်ခဲ့ကြသည်။ ကြေကွဲသော နှလုံးသားနှင့် ဆုတောင်းခြင်း၊ တစ်စုံ တစ်ယောက်၏ နူးညံ့ သိမ်မွေ့၍ မေတ္တာလွှမ်းသော အားပေးစကားများတို့သည် ကျွန်တော်အတွက် မျှော်လင့်ချက်သစ် ဘဝ၏ ခွန်အားနှင့်  နာကျည်းမှုတို့အား သက်သာစေခဲ့သည်။ လာအုံးမည့် မနက်ဖြန်များ အားသစ်၊ အင်သစ်ဖြင့် ရင်ဆိုင်ရဲလာသည်။
    သောမက်စ်လေး၏ ဘဝ အားအင်သည် စစ္စတာကြီး၏ အပြုံးဖြစ်ပေလိမ့်မည်၊ ဘယ်ဆီကိုမှန်းကာ တမ်းတ၍ မရသော မိဘနှစ်ပါး၏ မေတ္တာနှင့် နွေးထွေးမှုတို့သည် စစ္စတာကြီး၏ အားပေး နှစ်သိမ့်သော စကားများဖြစ်ပေလိမ့်မည်။
    ခရီးစဉ်တစ်ယောက်လုံး ကျွန်တော် စစ္စတာကြီးအား မမေးမိသော မေးခွန်း တစ်ခုရှိခဲ့သည်။ ထိုမေးခွန်းက ”စစ္စတာကြီးဘာကြောင့် လောကီရေးကို စွန့်ပြီး၊ ကက်သလစ် သီလရှင်ဘဝကို ခံယူလိုက်တာလဲ” ဟူသော မေးခွန်းဖြစ်သည်။
    ငယ်စဉ်ကာလမှ ယနေ့ သီလရှင်တစ်ပါးအဖြစ် အစေခံနေသောအချိန်ထိ ဘဝကို အဘယ်ကဲ့သို့ လျှောက်လှမ်းခဲ့ရသည်ကို စစ္စတာကြီးနှင့် သူယုံကြည်ကိုးကွယ်သော ဘုရားရှင်သာ သိပေလိမ့်မည်။ တာဝန်အရ သောမတ်စ်လေးကို ပြုစုပျိုးထောင်ရန် တာဝန်ယူရသော်လည်း စစ္စတာကြီး၏ မျက်ဝန်းနှင့် အပြုါံ်များ၌ ဆယ်နှစ်သားအရွယ် သောမက်စ်လေးကို သူမ အဘယ်မျှလောက် တန်ဘိုးထားကြောင်း ကျွန်တော် မှန်းဆ၍ ရသည်။
    သောမတ်စ်လေး၏ နာကျင်မှုသည် သူမ၏ နာကျင်မှုဖြစ်သည်။ ကြေကွဲနေသော သောမတ်စ်လေး၏ နှလုံးသား ရင်ခုံသံသည် စစ္စတာကြီး၏ ရင်ခုံသံ ဖြစ်သည်။ တောက်ပလာမည့် သောမတ်စ်လေး၏ အနာဂါတ်နေ့ရက်များကို သူမသည်ကြည်နူး၍၊ ကြိုတင်ကာ ခံစားမိကောင်း ခံစား၍ နေပေလိမ့်မည်။
    သူမတာဝန်ကျခဲ့သော မိဘမဲ့ဂေဟာများတွင် သောမတ်လေးများ အရေအတွက်အရ ဘယ်လောက်ကိုများ၊ စစ္စတာကြီး ပြုစုစောင့်ရှောက်ခဲ့သနည်းဆိုသည်ကို စစ္စတာကြီးသာ သိပေးလိမ့်မည်။ ပြန်လည်၍ သူတို့တစ်တွေထံမှ တုန့်ပြန်မှုများကို စစ္စတာကြီးကို မျှော်လင့်ထားချက် ရာခိုင်နှုန်း အလွန်တရာနည်းပါးပေးလိမ့်မည်။
    သို့သော် ကြီးမားသော ကိုယ်ကျိုးစွန့်၊ အနစ်နာခံသည့် မေတ္တာ၏ တန်ခိုးနှင့် စွမ်းအင်ကို စစ္စတာကြီး အကြွင်းမဲ့ ယုံကြည်သည်ဟု ကျွန်တော်ထပ်တူခံစားမိသည်။ ကြည်လင်သန့်စင်သော မေတ္တာ၏ အားအင်နှင့် အရှိန်သည် မိမိ၏ ပတ်ဝန်းကျင်ရှိ လူသားများကို အလင်းနှင့် နွေးထွေးမှုကို အကန့်အသတ် မရှိပေးနိုင်သည်ကိုလည်း ကျွန်တော်အပြည့်အဝယုံကြည်သည်။
    နံနက်စောစောကတည်းက စတင်ခဲ့သော ခရီးစဉ်သည် နေညိုချိန်ကိုလွန်မြောက်ပြီး၊ အမှောင်ထု ပါးပါးလျလျက ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံထားနှင့်ပေပြီး။
    ”မကြာခင် လိပ်သိုကို ရောက်တော့မယ် ညီလေးရေ” ဟု ကားဆရာကြီးက သတိပေး၏။
    ကမ္ဘာသည် သူ၏ ရာသီစက်ဝန်း၏ ခရီးစဉ်အတိုင်း ပုံမှန်လည်ပတ်၍ နေ၏၊ နေ့နှင့်ည အပူနှင့်အအေး ချစ်ခြင်းနှင့်၊ အမုန်းတရားများ၊ ကြည်နူးခြင်းနှင့်၊ ကြေကွဲ၊ နာကြည်းမှုများလည်း လူဘုံလောကတွင် တစ်လှည့်စီး။
    တည်ရှိသောအရာများတို့သည်လည်း အနိစ္စသဘော၏ နိယာမအရ ပျောက်ဆုံးပြီး၊ မမြဲခြင်း ဖြစ်သွားကြသည်။ တော်လှန်ရေးများ ဆင်နွှဲကြသည်။ အင်ပါယာကြီးများတည်ဆောက်ခဲ့ကြသည် သမိုင်း၏ တစ်စုံ တစ်ခုသော အချိန်ကာလကို ဖြတ်သန်းပြီး တစ်ဖန်ပျောက်ကွယ် သွားပြန်သည်။
    ထိုနေ့ရက်များတို့တွင် ကိုယ်ကျိုးစွန့်၊ အတ္တကို ချိုးနှိမ်၍ မေတ္တာကြီးမားခဲ့သူတို့၏ လုပ်ဆောင်ခဲ့သည့် အကြောင်းအရာများ၊ သူတို့တစ်တွေ၏ ရုန်းကန်မှုများ ပေးဆပ်မှုများတို့က ယနေ့တိုင် သမိုင်း စာမျက်နှာများတွင် အသက်ရှင်နေကြသေးသည်။ စကားပြော၍ နေသေးသည်။
    ထိုပုဂ္ဂိုလ်များတို့အား နှောင်းလူတို့ ဂုဏ်ယူ၊ တမ်းတကြသည်၊ အတုယူကြသည်၊ သူတို့တစ်တွေအား လွမ်းဆွတ်ကြသည်။
    ရေဆန်လောကဓံခရီးကို ရင်ဆိုင်နေကြရသူများ သူတို့တစ်တွေ၏ ရုန်းကန်ခဲ့မှု၊ ဘဝအပေါ်တွင်၊ ဆင်ခြင်သုံးသပ်မှုများက၊ ခွန်းအားသစ်များဖြစ်ခဲ့ကြသည်။
မေတ္တာနှစ် အနစ်နာခံမှုများတို့၏ စွမ်းအင်ကို လက်ဆင့်ကမ်းပြီး၊ အမှောင်ထုထဲ အလင်းများဖြစ်စေခဲ့သည်။
    မေတ္တာတရားသည် လူမျိုး၊ ဘာသာ၊ မိဘ၊ ညီ၊ အစ်ကို၊ ရန်သူ၊ မိတ်ဆွေ၊ အဖြူအမဲ၊ ခွဲခြားခြင်းမရှိပါ၊ အားလုံးကို ကြည်လင်သော နှလုံးသားနှင့် တစ်သားတည်းထား၏။
ထိုအတူ အတ္တ၊ လောဘနှင့်၊ အမုန်းတရားများတို့တွင်လည်း လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ မိဘ၊ ညီအစ်ကို၊ မိတ်ဆွေများ၊ မရှိလောက်အောင်ပင် မိုက်မဲ၊ အမှောင်လွှမ်းမှုများဖြစ်စေခဲ့သည်။ လူသမိုင်းကို ထိုအတ္တ၊ လောဘနှင့် အမုန်းတရားများက အကျဉ်းတန်စေခဲ့သည်၊ သွေးစွန်းစေခဲ့သည်၊ မဟုတ်ပါလား။
    မိုင်ရာ၊ ထောင်ချီ၊ ခရီးပြု၍ ကျွန်တော်တို့ လူသားအကျိုးပြုလုပ်ငန်းများ၊ မလုပ်နိုင်စေကာမူ၊ မိသားစုအတွင်း၊ မိမိပတ်ဝန်းကျင်တွင် နေ့စဉ် ထိတွေ့ ဆက်ဆံနေရသူများအပေါ်၊ ကျွန်တော်ကို မေတ္တာတရား လွှမ်းခြုံကာ၊ တရားမျှတစွာ ပြုမူဆက်ဆံရန် လိုအပ်ပါသည်။
    ကြေကွဲနာကျင်နေသူတို့နှင့် မိမိ၏ အချိန်ကို မျှဝေပေးကာ၊ သူတို့တစ်တွေ၏ ရင်ထဲမှ စကားကို နားထောင်ပေးခြင်းသည်လည်း၊ မေတ္တာနှင့် စွမ်းဆောင်ခြင်းတစ်ခုပေတည်း။
    မိဘ၊ ဆွေမျိုးသားချင်း၊ သားသ္မီးတို့၏ စွန့်ပယ်ခြင်းကို ခံနေရသူတို့အား၊ အသိအမှတ်ပြု၍၊ သူတို့တစ်တွေနှင့် မကြာခဏထိတွေ့၊ အချိန်ပေးခြင်းသည်လည်း မေတ္တာ၏ အလင်းနှင့်နွေးဓာတ်ကို ပေးခြင်းပေတည်း။
    အတ္တ၊ လောဘနှင့် သီးခြားစွာ နေထိုင်လာတတ်သော ကျွန်တော်တို့၏ ယနေ့ ယဉ်ကျေးမှု၊ လူရေစီးကြောင်းတွင်မတော့၊ ထိုမေတ္တာနှင့် လုပ်ဆောင်မှုများတို့အား လက်တွေ့ လုပ်ဆောင်ရန် အလွန်ခက်ခဲ၍ လာပေပြီး။ သို့သော် ထိုမေတ္တာ၏ အလင်းရောင်များတို့သည် အမှောင်ထု လွှမ်းနေသည့် လူသားတို့၏ နေ့စဉ်ရှင်သန်နေသော ကမ္ဘာ့ကြီးတွင် လင်းလက်၍ ရှိနေသေးသည်။ ခွန်အားး၊ အနွေးဓာတ်၊ အလင်းကို ဆက်၍ ပေးနေသေးသည်။
    ဓမ္မသီချင်းသံများ ပျံ့လွင့်၍နေသော ”ဘုရားကျောင်းဝင်းထဲသို့၊ ကျွန်တော်တို့ စီး၍လာသောကား တစ်ဖြေးဖြေးချင်း မောင်း၍ ဝင်ခဲ့ကြသည်။
    မီးစက် မောင်း၍ လျှပ်စစ်မီးများကို ဘုရားကျောင်းဝင်းအတွင်း ထွန်းညှိ၍ထားသည်။ မလှမ်းမကမ်း ကားပေါ်မှ၊ ကျွန်တော် ကြည့်လိုက်သောအခါ ကလေးငယ်များနှင့် ဆယ်ကျော်သက်ရွယ် အလယ်တန်း၊ အထက်တန်း၊ ကျောင်းသူ၊ ကျောင်းသားတို့ သံပြိုင်၊ အားပါးတရ ဓမ္မသီချင်းကို သီဆိုနေသည်ကို မြင်ရသည်။
    စစ္စတာကြီးတို့ ဆင်းရမည့် ခရီးဆုံးကို ရောက်၍ နေပြီပဲ။ ကက်သလစ်ဘုရားကျောင်းဝင်းထဲ မြူများကလည်း ဆိုင်း၍ နေ၏။ သောမတ်စ်လေး၏ မျက်နှာသွင်ပြင်တွင်၊ ဝမ်းမြောက်ရွှင်မြူးခြင်းနှင့် တောက်ပသော မျှော်လင့်ချက်အလင်းကို ကျွန်တော် မြင်လိုက်မိသည်။
    ”ဆရာကြီးတို့ အားလုံးကို ကျေးဇူးတင်တယ်နော်” ဝမ်းသာ ကြည်နူးခြင်းများစွာနှင့် စစ္စတာကြီးတစ်ယောက် ကားဆရာနှင့် ကျွန်တို့နှစ်ဦးအား ကားပေါ်မှဆင်းဆင်းချင်း ကျေးဇူးတင်စကားပြော၏။
    ဘုရားကျောင်းထဲသို့ သောမက်စ်လေးတစ်ယောက်၊ စိတ်လှူပ်ရှားခြင်းများစွာနှင့် ပြေး၍ ဝင်သွားသည်ကို ကျွန်တော် လှမ်းမြင်လိုက်သည်။
    အားအင်အပြည့်နှင့် စစ္စတာကြီး၏ မျက်ဝန်းထဲတွင် အပြုံးနှင့် ကျေနပ်မှုများ အပြည့်။
    မနက်ဖြန်ဆိုလျှင် သောမတ်စ်လေးတစ်ယောက် ငါးတန်းတတ်ပေတော့မည်။
မေတ္တာဖြင့်
လောအယ်စိုး
10.01.2018


No comments:

Post a Comment