Latest News

Friday, January 18, 2019

လက်ဝဲနိုင်ငံ


“ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကြည့်တာနဲ့ နိုင်ငံတနိုင်ငံဟာ ဘယ်ဘက်ကိုယိမ်းနေလား၊ ညာဘက်ကို ယိမ်းနေလား၊ ဗဟိုမှာ နေသလား၊ နောက်ဘက်ကို ပြန်ဆုတ်နေသလား ဆိုတာကို ကောင်းကောင်းကြီး ကျနော်တို့အကဲဖြတ်နိုင်ပါတယ်။ … အခု အခြေခံအုတ်မြစ်ကြီးအပေါ်မှာ တည်ဆောက်မယ့် ဗမာနိုင်ငံတော်ကြီးဟာ အမှန်အတိုင်းပြောရရင် ဘယ်ဘက်ကို (ဝါ) လက်ဝဲဘက်ကို ယိမ်းနေတာ တွေ့ကြရပါလိမ့်မယ်။ ….

လက်ဝဲနိုင်ငံဆိုတာ ခပ်တိုတိုပြောမယ်ဆိုရင် တခြားဟာ မဟုတ်ပါဘူး။ မြေပေါ်မြေအောက်မှာ ရှိတဲ့ပစ္စည်းတွေကို လူ့အသုံး အဆောင်ပစ္စည်း ဖြစ်လာအောင်၊ နိုင်ငံသူ နိုင်ငံသား အားလုံးက အစွမ်းရှိသမျှ ဝိုင်းဝန်းလုပ်ပေးကြပြီး၊ အဲဒီလို လုပ်ပေးလို့ရတဲ့ ပစ္စည်းတွေကို နိုင်ငံသူ နိုင်ငံသားတွေ လိုသလောက်ခံယူသုံးစွဲနိုင်တဲ့စနစ် တီထွင်နေတဲ့ နိုင်ငံပါပဲ။ ဒီလို စနစ်မျိုးရှိတဲ့ နိုင်ငံဟာ လက်ဝဲနိုင်ငံပဲ။ ဒီလိုနိုင်ငံမျိုးမှာ လက်တဆုပ်စာလောက် ရှိတဲ့လူတွေက မကုန်နိုင်မခမ်းနိုင်တဲ့ မြေပေါ်မြေအောက်ပစ္စည်းတွေကို လက်ဝါးကြီး အုပ်ထားပြီး၊ ဆင်းရဲငတ်ပြတ်နေတဲ့လူတွေကတော့ ဒုနဲ့ဒေး ဆိုတဲ့ အဖြစ် အပျက်မျိုး မရှိရဘူး။ ဒီလိုနိုင်ငံမျိုးမှာ ကုန်ပစ္စည်းတွေ လုပ်ကြတယ် ဆိုတာဟာ အမြတ်ရဖို့အတွက် မဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားတွေ လူတန်းစေ့နေနိုင်အောင် အသုံးပြုနိုင်ဖို့သာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုနိုင်ငံမျိုးမှာ ခိုင်းတဲ့လူတန်းစား၊ အခိုင်းခံရတဲ့ လူတန်းစား၊ ဒါထက်လွယ်လွယ် ခေါ်ရရင် သခင်လူတန်းစား၊ ကျွန်လူတန်းစား၊ အုပ်စိုးတဲ့လူတန်းစား၊ အုပ်စိုး ခံရတဲ့ လူတန်းစား အစရှိသဖြင့် လူတန်းစားတွေ ကွဲပြားခြားနားခြင်း မရှိဘူး။ အကျဉ်းချုပ် ပြောရရင် အခုပြောခဲ့တဲ့ နိုင်ငံမျိုးဟာ လက်ဝဲနိုင်ငံပါပဲ။ "

ဦးနု
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ တိုင်းပြည်ပြုလွှတ်တော် တတိယညီလာခံအစည်းအဝေး အခြေခံဥပဒေ အဆိုသွင်း မိန့်ခွန်း

No comments:

Post a Comment