Latest News

Thursday, December 6, 2018

သမ္မတသက်တမ်း ဒုတိယနှစ်ဝက် ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်များ

သမ္မတသက်တမ်း ဒုတိယနှစ်ဝက် ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်များ

ပြီးခဲ့တဲ့   နှစ်နှစ်ကို    ပြန်ကြည့်လိုက်ရင် ကမ္ဘာလုံးဆိုင်ရာ  နိုင်ငံရေးမြင်ကွင်းကို ပုဂ္ဂိုလ်တစ်ဦးတည်းကပဲ   လွှမ်းမိုးထားပါတယ်။    သမ္မတဒေါ်နယ်ထရန့်ဟာ အမေရိကန်ပြည်သူတွေကြား ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေဆိုပြီး နှစ်ပိုင်းကွဲပြားစေခဲ့သလို မျက်မှောက်နိုင်ငံရေးသမိုင်းမှာ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာကို ဒေါ်နယ်ထရန့်လောက် လွှမ်းမိုးနိုင်ခဲ့တဲ့ အမေရိကန်သမ္မတဆိုတာ မရှိခဲ့ပါဘူး။ ပြောရရင်  ဒါက တစ်စိတ်တစ်ပိုင်းအားဖြင့် ဒေါ်နယ်ထရန့်ရဲ့ ကိုယ်ပိုင်စတိုင်နဲ့  သက်ဆိုင်နေပါတယ်။

တွစ်တာမှာ သူ့ပရိသတ် ၅၅ သန်းကို စာတို လေးတွေ ပို့တာက သမ္မတဒေါ်နယ်ထရန့်ရဲ့ သံတမန်ရေးလှုပ်ရှားမှုပါ။ ဒါက အမေရိကန် သမ္မတတွေရဲ့  ထုံးတမ်းစဉ်လာ  လှုပ်ရှားပုံ လှုပ်ရှားနည်းတွေအပေါ်   အထင်သေးရာ ကနေ ဖြစ်ပေါ်လာတာပါ။ အောင်မြင်ကျော် ကြားတဲ့  ပကတိဘဝ   ရုပ်မြင်သံကြား တင်ဆက်သူတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရန့်ရဲ့ ဖမ်းစားနိုင်စွမ်းလို့လည်း  ပြောနိုင်ပါတယ်။  ဒါပေမယ့် အဓိကအချက်ကို ပြောပါဆိုရင် ဒါဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ကမ္ဘာ့အမြင် ကြောင့်ပါ။  သူ့အရှုံးက  ကိုယ့်အနိုင်၊ နာကြည်းချက်တွေရဲ့     ပွင့်အန်ပေါက်ကွဲမှု၊ အမျိုးသားကိုယ်ကျိုးစီးပွား  ကာကွယ်ရေး ဝါဒီ  (ကိုယ့်နိုင်ငံက   ပြင်ပနိုင်ငံတွေကို ရောင်းချတာက  တခြားနိုင်ငံတွေဆီက ကိုယ့်နိုင်ငံက  ဝယ်တာထက်   ပိုများရမယ် ဆိုတဲ့ သဘောပါ)၊ လူမျိုးခွဲခြားရေး သဘော  သက်ရောက်နေတဲ့    အမျိုးသားရေးဝါဒ ဆုပ်ကိုင်သူ    စတဲ့စတဲ့အချက်တွေဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ကမ္ဘာ့အမြင်တွေကို ထင်ဟပ်နေတဲ့ အချက်ပါ။ သမ္မတဒေါ်နယ် ထရန့်ရဲ့ ဒီကမ္ဘာ့အမြင်တွေဟာ အမေရိကန် နိုင်ငံရဲ့  ဒုတိယကမ္ဘာစစ်လွန်   အခန်းကဏ္ဍ ကရော အရင့်အရင် အမေရိကန်သမ္မတ တွေရဲ့ ရပ်တည်ချက်တွေကပါ ရုတ်တရက် ဆွဲဆောင်ပြောင်းလဲလိုက်သလို  ဖြစ်စေတဲ့ အမြင်အယူအဆတွေပါ။  လွတ်လပ်တဲ့ ကမ္ဘာရဲ့ခေါင်းဆော
င်ဖြစ်တဲ့     သမ္မတ ဒေါ်နယ်ထရန့်ဟာ ထုံးတမ်းစဉ်လာနိုင်ငံရေး အပေါ်  ဒေါသတကြီး၊   ခါးခါးသီးသီး တုံ့ပြန်မှုရဲ့     သရုပ်သဏ္ဌာန်ဖြစ်လာ ပါတယ်။

မဆံ့ရင်ကန်  အမြင်သဘောထားတွေဟာ မတန်တဆ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ ဝေဖန်ဆန့်ကျင်သူတွေရဲ့ အမြင် မှာတော့   ပြဿနာအမျိုးမျိုးဖန်တီးနေတဲ့ ဒေါ်နယ်ထရန့်ဟာ   မိုးပေါ်က  ဝုန်းခနဲ ကျလာတဲ့ ကပ်ဘေးပါပဲ။  ''အာဏာကို အလွဲသုံးစားလုပ်၊    ပြည်သူအချင်းချင်းကို ခွဲခြားနှိမ့်ချဆက်ဆံ''လုပ်နေတဲ့ ဒေါ်နယ်ထရန့် ဟာ  အမေရိကန်ဒီမိုကရေစီရဲ့  အခြေခံ အုတ်မြစ်ကို ခြိမ်းခြောက်နေတဲ့ ပုဂ္ဂိုလ်ပါ။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာခေါင်းဆောင် မူကို   ထူထောင်ရာမှာ ဒေါ်နယ်ထရန့်ရဲ့ အကျပ်ကိုင်   ဈေးဆစ်အရောင်းအဝယ် သဘော ရှုမြင်မှုဟာ စီးပွားရေးသဘောကို နားမလည်၊     သဘောမပေါက်တာပါပဲ။ ကျင့်ဝတ်သိက္ခာအရ ပြောရင်လည်း အဆင့် မရှိ သုညပါပဲ။  ပထဝီနိုင်ငံခြားရေးမူဝါဒ သဘောအရ ကြည့်ရင်လည်း ဒေါ်နယ်ထရန့် ဟာ မျက်ခုံးမွေးတစ်ဆုံးပဲ ကြည့်တတ်တဲ့ အမြင်ကျဉ်းပုဂ္ဂိုလ်ပါ။ ထောက်ခံသူတွေရဲ့ အမြင်မှာ ဒေါ်နယ်ထရန့်ဟာ ခိုင်မာပြတ်သား တဲ့ ပုဂ္ဂိုလ်ပါ။ အတ္တကြီးရိုင်းစိုင်းပြီး စိတ်အနှောင့် အယှက်ဖြစ်စရာ ကောင်းပေမယ့်  ဒေါ်နယ် ထရန့်ဟာ ရှင်သန်သက်ဝင်တဲ့ စီးပွားရေးကို ဖန်တီးပေးနိုင်သလို ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကမ္ဘာလုံး ဆိုင်ရာစနစ်ကို ဖျက်သိမ်းချိန်တန်ပြီ လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  ဒေါ်နယ်ထရန့် ဟာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့  ပထဝီ နိုင်ငံရေးအနေအထားတွေကို ကိုင်လှုပ်နိုင်ခဲ့ ပါတယ်။ (မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီး ယားကိစ္စနဲ့  ပတ်သက်ပြီး လိပ်ခဲတည်းလည်း ဖြစ်ခဲ့တာက  နမူနာကိစ္စပါ) နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့  ပြဿနာ တွေကို မဖြစ်မနေ ပြန်သုံးသပ်လာအောင်   ဖိအားပေးနိုင်ခဲ့ပါတယ်။  ဒီလိုပြဿနာတွေ ထဲမှာ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်း  စည်းကမ်းတွေကို အမြတ်ထုတ် အသာစီးရယူနေသလား ဆိုတာမျိုးပါသလို   ဥရောပမဟာမိတ်နိုင်ငံတွေက    ကာကွယ်ရေး အသုံးစရိတ် မဆိုသလောက်သုံးတဲ့  ကိစ္စမျိုး လည်း  ပါပါတယ်။  အဆိုးမြင်သူတွေကရော  အကောင်းမြင်သူတွေကပါ  ဒေါ်နယ်ထရန့်ဟာ  အခိုင်အခံ့တည်ရှိပြီးသားတွေကို   ဖျက်ဆီးနိုင် စွမ်းရှိတဲ့ ပုဂ္ဂိုလ်လို့ ရှုမြင်ကြပါတယ်။ ပြဿနာ က ဒီလိုဖျက်ဆီးလိုက်တာဟာ အသစ်အသစ် တွေ ဖန်တီးဖို့လား၊  ဖျက်ဆီးရုံသက်သက်ပဲ လားဆိုတာကို ဆုံးဖြတ်ဖို့ပါ။

လက်ရှိရထားတဲ့  အထောက်အထားတွေ အရ ပြောရရင် အဖြေဟာ  ဒီလားရာနှစ်ရပ် ကြား တစ်နေရာမှာ ရှိနေပါတယ်။  ဒေါ်နယ် ထရန့်က  အမေရိကန်နိုင်ငံရေးယဉ်ကျေးမှု အပေါ်မှာတော့ အတော်ကြီးကို ဆိုးဆိုးရွားရွား  ထိခိုက်နစ်နာအောင် ဆောင်ရွက်ခဲ့ပြီးသွား ပါပြီ။   သမ္မတရဲ့အထုံဝါသနာလို့  ပြောရ လောက်တဲ့ လိမ်လည်မှု၊ သတင်းမီဒီယာတွေ အပေါ်  တိုက်ခိုက်မှု၊ သူ့အပေါ်  ထောက်ခံ သူတွေအကြား  နာကြည်းခံပြင်းမှုတွေကို ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှု စတာ စတာတွေဟာ ဒေါ်နယ်ထရန့်ရဲ့ အကျင့်စရိုက် တွေပါ။ သမ္မတဒေါ်နယ်ထရန့်ရဲ့ ဒီအကျင့် စရိုက်တွေဟာ  အမေရိကန်လူ့အဖွဲ့အစည်း အတွင်း ၁၉၆ဝ ပြည့်လွန်နှောင်းပိုင်းကစပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ကွဲပြားမှု၊  ဂနာ မငြိမ် အရူးအမူး စိတ်လှုပ်ရှားမှုနဲ့ ဒေါသတကြီး  တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကြားကာလရွေးကောက်ပွဲကျင်းပခါနီးဖြစ်စဉ်တွေကိုကြည့်ရင်  ဒီအချက်က  ပိုပြီးပေါ်လွင်ပါ တယ်။ တရားရုံးချုပ်မှာ Brett Kavanaughကို ခန့်အပ်လိုက်တဲ့အပေါ်  ပြည်သူလူထုရဲ့ ဒေါသတကြီးတုံ့ပြန်မှုကနေစပြီး  မစ္စဘာ့ဂ်
ရဟူဒီ ဘုရားရှိခိုးကျောင်း သတ်ဖြတ်မှုအဆုံး ဒီသဘောက ပေါ်လွင်ပါတယ်။ ဒေါ်နယ်ထရန့်  ရဲ့ စီးပွားရေးဦးဆောင်မှုဆိုတာကလည်း သူ့ကို ထောက်ခံသူတွေ အမွှမ်းတင်သလောက်တော့ လည်းမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ စီးပွားရေး အရှိန်ရ   ဖွံ့ဖြိုးလာတာကတော့အမှန်ပါ။ ဒါပေမယ့်  ဒါကလည်း ပြောရရင် အနှိုင်းအဆ မရှိ အခွန်အကောက်တွေဖြတ်တောက်လိုက်လို့ စီးပွားရေးလုပ်ငန်းတွေ  သွက်လက်မြန်ဆန် လာတာက အဓိကအချက်ပါ။

နိုင်ငံခြားရေးမူဝါဒမှာ ဖျက်ဆီးရေးသမားဒေါ်နယ်ထရန့်လုပ်ရပ်တွေရဲ့  ဆိုးကျိုးရလဒ် တွေက  ပိုပေါ်လွင်ပြီး   ပိုသိသာပါတယ်။ အကျိုးမရှိတဲ့   သဘောတူညီချက်တွေကို ဖျက်သိမ်းရမယ်ဆိုတဲ့   ဒေါ်နယ်ထရန့်ရဲ့ စိတ်စောမှုက အမေရိကန်နိုင်ငံကို အရေးကြီး တဲ့  နိုင်ငံတကာသဘောတူညီချက်တွေကနေ နုတ်ထွက်စေခဲ့ပါတယ်။ (ဒါမှမဟုတ်) နုတ်ထွက် မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ  ဖြစ်စေခဲ့ပါ တယ်။ ကမ္ဘာ့ပြည်သူတွေရဲ့ အာရုံစိုက်မှု အပြည့်ရတဲ့ ပါရီရာသီဥတုဆိုင်ရာ သဘော တူညီချက်နဲ့ အီရန်နျူကလီးယား သဘောတူညီ ချက်တွေကနေ  အဲဒီလောက်လူမသိကြတဲ့ ကမ္ဘာလုံးဆိုင်ရာ  စာတိုက်သမဂ္ဂလိုကိစ္စမျိုး အထိ ပါပါတယ်။ ဒီဖြစ်ရပ်တွေက  ဒေါ်နယ် ထရန့် ကြိုအကွက်မြင်ဖော်ဆောင်နိုင်တဲ့  ကိစ္စ တွေ(ဒါမှမဟုတ်)    တကယ်အခွင့်အလမ်း ကောင်း ဖန်တီးနိုင်ခဲ့တဲ့ ကိစ္စတွေကို  ဝေဝါး မှေးမှိန်စေပါတယ်။

ဖျက်ဆီးရေးသမားသရုပ်သဏ္ဌာန်အလွန်

မြောက်ကိုရီးယားကိစ္စကိုကြည့်ရင် ဒေါ်နယ် ထရန့်နဲ့  ကင်ဂျုံအန်အကြား  အပြန်အလှန် ပုတ်ခတ်ပြောဆိုရာကနေ  တစ်ယောက်အပေါ် တစ်ယောက်  ချစ်ခင်သွားကြပုံက  မျက်စိ လည်စရာပါ။  ကင်ဂျုံအန်ရဲ့ အနေအထားဟာ ရုတ်တရက်ဆိုသလို ချဉ်းကပ်လို့ရတဲ့အနေ အထားပြောင်းလဲလာတဲ့အတွက် နျူကလီးယား လက်နက်ပိုင်ရှင်  လူဆိုးစာရင်းဝင်အစိုးရနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ မြောက်ကိုရီးယားကိစ္စ ဟာ အခုအချိန်အထိ သိသာထင်ရှားတဲ့ရလဒ် ဖန်တီးပေးနိုင်စွမ်းမရှိသေးသလို ၂ဝ၁၉ ခုနှစ် အတွင်းမှာ အမြင်သဘောထား မတူကွဲလွဲမှု တွေက  ပိုထင်ရှားနက်ရှိုင်းလာနိုင်ပါတယ်။ ဆီးရီးယားနိုင်ငံနဲ့ အာဖဂန်နစ္စတန်ကိစ္စတွေမှာ သမ္မတဒေါ်နယ်ထရန့် အစိုးရရဲ့ ကိုင်တွယ်မှု က တိုးတက်လာပါတယ်။   အနိမ့်ဆုံးကတော့ သမ္မတအိုဘားမားလက်ထက်  အနေအထား နဲ့ နှိုင်းယှဉ်လိုက်ရင် ပိုဆိုးမသွားပါဘူး။ အရေးအကြီးဆုံးကိစ္စကတော့  သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က  တရုတ်နိုင်ငံ ကို မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုလို့ ရှုမြင်လာတာပါ။ တရုတ်နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး  ရည်မှန်းချက်တွေကို လိမ်လိမ် မာမာ ပါးပါးနပ်နပ် ဟန့်တားသလို  တစ်ပြိုင် တည်းမှာပဲ  တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ  စိတ်တိုင်းကျ ဆောင်ရွက်မှုတွေကို    တုံ့ပြန် ကျော်လွှားရမယ်ဆိုတဲ့သဘောပါ။ သမ္မတ ဒေါ်နယ်ထရန့်ရဲ့  ဒီအမြင်  ဒီသဘောထား ကို နိုင်ငံရေးပါတီတွေက သဘောတူလက်ခံ သလို နိုင်ငံခြားရေးမူဝါဒချမှတ်တဲ့ အသိုင်း အဝိုင်းကလည်း တစ်သဘောတည်း သဘော ထားကြပါတယ်။

ဒေါ်နယ်ထရန့်      ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေအပေါ် အကောင်း၊ အဆိုး  ဆုံးဖြတ်ချက်ချဖို့ကတော့ မဖြစ်နိုင်သေးပါ ဘူး။  အထူးသဖြင့်  အခွန်အကောက်    လက်နက်ကျင့်ထုံးကို  ကျင့်သုံးမှဖြစ်မယ် ဆိုတဲ့   ဒေါ်နယ်ထရန့်ရဲ့ နည်းဗျူဟာအပေါ်  သုံးသပ်ချက်ထုတ်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း မနှစ်က ရခဲ့တဲ့ အထောက် အထားတွေအပေါ်   အခြေခံပြောရရင် ဒေါ်နယ်ထရန့်အစိုးရရဲ့ ကုန်သွယ်ရေးကိစ္စ ရပ်တွေအပေါ် အကျပ်ကိုင် ဖြေရှင်းမှုဟာ အတိုင်းအတာတစ်ရပ်အထိ တန်ဖိုးပေးဆပ် ရပေမယ့်  ရလဒ်တချို့ကိုတော့ ဖန်တီးနိုင်ခဲ့ ပါတယ်။ ဟုတ်ပါတယ်။ သမ္မတဒေါ်နယ် ထရန့်ဟာ    ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို    အားနည်းစေခဲ့တာကတော့    အမှန်ပါ။ အထူးသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ရဲ့ ခေါင်းဆောင်မူကို ထိပါးစေခဲ့ ပါတယ်။ ဒါပေမဲ့  သမ္မတဒေါ်နယ်ထရန့်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကနေဒါနိုင်ငံ  အပါအဝင် မက္ကဆီကိုနိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်ရာမှာရော ဥရောပသမဂ္ဂနဲ့ ထိပ်တိုက် ရင်ဆိုင်ရာမှာပါ အင်အားကြီးတဲ့ ဒီကုန်သွယ် ဖက်နိုင်ငံတွေကို အတိုင်းအတာတစ်ခုအထိ   အပြောင်းအလဲတွေ   လက်ခံလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ဒီအပြောင်းအလဲ တွေဟာ  အမေရိကန်  ကိုယ်ကျိုးစီးပွား အတွက် ကုန်သွယ်ရာမှာ အမေရိကန်နိုင်ငံ ကပဲ  အသာစီးရရမယ်ဆိုတဲ့ ရှုထောင့်က ကြည့်ရင် အတန်အသင့် အောင်မြင်မှုတွေလို့ ပြောနိုင်ပါတယ်။   ။

REF; The  Trump show, Season Two By Zanny  Minton Beddoesyg/

(ဆက်လက်ဖော်ပြပါမည်)

ရဲရင့်လင်းလက်(မြန်မာ့အလင်း)

No comments:

Post a Comment