Latest News

Thursday, December 6, 2018

မန်ယူအသင်း ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖြစ်ပါက အံ့အားသင့်စရာဖြစ်ရပ်ဖြစ်လာမည်ဟု မန်ယူမန်နေဂျာ မော်ရင်ညို ပြောဆို

မန်ယူအသင်း ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖြစ်ပါက
အံ့အားသင့်စရာဖြစ်ရပ်ဖြစ်လာမည်ဟု မန်ယူမန်နေဂျာ မော်ရင်ညို ပြောဆို

ပရီမီယာလိဂ်ကလပ် မန်ယူအသင်း မန်နေဂျာ မော်ရင်ညို က ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင် မန်ယူ အသင်းအနေဖြင့်   ထိပ်ဆုံးလေးသင်းစာရင်းဝင် ဖြစ်လာခဲ့မည်ဆိုပါက  အံ့အားသင့်ဖွယ်ကိစ္စ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း   ဝန်ခံပြောဆို လိုက်သည်။

မန်ယူအသင်းသည်   ပရီမီယာလိဂ်ပွဲစဉ် ၁၄ ကစားပြီးချိန်တွင် ရမှတ် ၂၂ မှတ်ဖြင့် အမှတ် ပေးဇယား၏ အဆင့် ၇ နေရာတွင်သာ ရပ်တည် နေပြီး စတုတ္ထနေရာမှ အာဆင်နယ်အသင်းထက် ရှစ်မှတ်လျော့နည်းနေသည်။ အာဆင်နယ်အသင်းနှင့် ပွဲမတိုင်မီ  မန်ယူအသင်းသည်  နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ သော အမှတ်ပေးပွဲသုံးပွဲတွင်  နိုင်ပွဲရရှိခဲ့ခြင်းမရှိဘဲ တစ်ပွဲရှုံးနိမ့်ကာ နှစ်ပွဲသရေကျခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယား၏ အဆင့် ၂ နေရာ၌ ရပ်တည်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

မန်နေဂျာ မော်ရင်ညိုက ရုပ်သံအစီအစဉ်တစ်ခုနှင့် တွေ့ဆုံရာတွင် ''ပြီးခဲ့တဲ့ ပရီမီယာလိဂ် ရာသီတုန်းက ကျွန်တော်တို့အသင်းရဲ့ အရည်အချင်းနဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖြစ်ဖို့ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေရဲ့  အရည်အချင်းတွေကြောင့်  မန်ယူအသင်း  ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာက အလွန်ကောင်းမွန်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ပြောဆိုခဲ့ကြပါတယ်။ ဒီရာသီမှာတော့ လက်ကျန်ပွဲတွေမှာ ရမှတ်တွေ ရနိုင်သလောက်ရယူပြီး အံ့အားသင့်ဖွယ်ကောင်းအောင် ထိပ်ဆုံး လေးသင်းစာရင်းဝင်ဖြစ်လာဖို့ ကြိုးစားသွားမှာပါ''ဟု ပြောဆိုခဲ့သည်။

မန်နေဂျာ မော်ရင်ညိုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မန်ယူအသင်း ကွင်းလယ်ကစား သမား   ပေါ့ဂ်ဘာကို   အခြားမန်ယူကစားသမားများရှေ့တွင်   ပြစ်တင်ဝေဖန်ပြောဆိုခဲ့ ခြင်းကြောင့် ပေါ့ဂ်ဘာအနေဖြင့် မန်ယူအသင်းကို  စွန့်ခွာဖွယ်ရှိနေသည်ဟု ထင်ကြေးပေးမှုများ  ထွက်ပေါ်လာခဲ့ သည်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ခရစ်ဆက်တန်က လက်ရှိအချိန်တွင် မန်နေဂျာ မော်ရင်ညို လုပ်ဆာင်နေမှုများသည် မော်ရင်ညိုအနေဖြင့် မန်ယူအသင်းမန်နေဂျာရာထူးမှ ထုတ်ပယ် ခံရရန်အတွက် ရည်ရွယ်လုပ်ဆောင်သကဲ့သို့ဖြစ်နေကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။
ပေါ်တူဂီလူမျိုး မန်နေဂျာ မော်ရင်ညိုနှင့် မန်ယူအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း မှာ ၂ဝ၂ဝ ပြည့်နှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။           
                                           
ထက်အောင်(မြန်မာ့အလင်း)

No comments:

Post a Comment