Latest News

Monday, November 5, 2018

အိုးစည်သံညံမစဲ တောင်ကြီးတန်ဆောင်တိုင်ပွဲ


အိုးစည်သံညံမစဲ တောင်ကြီးတန်ဆောင်တိုင်ပွဲ



နှင်းမှုန်ရစ်ဝိုင်း  က္ဘောဇတိုင်းဌာနေ  သာယာအေးချမ်း မြို့တော်ရှမ်း(တောင်ကြီးမြို့)၌ တောင်ပေါ်ဒေသ ဆောင်းည များနှင့်အတူ   ၁၃၈ဝ ခုနှစ်   တန်ဆောင်တိုင်ပွဲတော်ကြီးကို အိုးစည်ဗုံမောင်းသံ တညံညံဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြတော့ မည်ဖြစ်သည်။
တောင်ကြီးမြို့ နှင့် ပွဲတော်များ
တောင်ကြီးမြို့သည်   ရှမ်းပြည်နယ်၏   မြို့တော်ဖြစ်သလို ရှမ်းပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊   စီးပွားရေး၊  လမ်းပန်းဆက်သွယ်ရေး  စသည့် အဖက်ဖက်တွင် ဖွံ့ဖြိုးတိုးတက်စည်ပင်နေသောမြို့ဖြစ်သည်။ အလားတူ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အများဆုံး လာရောက်လည်ပတ်ကြသည့်မြို့လည်းဖြစ်သည်။ အကြောင်း မှာ  တောင်ကြီးမြို့နှင့်  အနီးတစ်ဝိုက်ရှိမြို့များတွင်  လည်ပတ် စရာ လေ့လာစရာ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ် များ၊ သာသနိကအဆောက်အအုံများ၊ သဘာဝ ထုံးကျောက် လိုဏ်ဂူများ၊ စေတီပုထိုးများရှိ၍ တောင်ကြီးမြို့တွင်အခြေချပြီး ထိုနေရာများသို့ နေ့ချင်းပြန်ခရီးများ အလွယ်တကူ သွားနိုင် ခြင်းကြောင့်ဖြစ်သည်။
နှစ်စဉ်  သီတင်းကျွတ်လဆန်း  ၁ ရက်နေ့မှ  လပြည့်ကျော် ၃ ရက်နေ့အထိသည်   ညောင်ရွှေမြို့နယ်   အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ပွားတော်များအား အင်းလေး ဒေသ  ၂၁  ဌာနသို့   လှည့်လည်ပင့်ဆောင်   အပူဇော်ခံသည့် ပွဲရက်များဖြစ်သည်။   ထိုအချိန်မှစ၍   ရှမ်းအိုးစည်သံများကို အသံမစဲ  စတင်ကြားလာရပြီဖြစ်သည်။  လက်ရှိအချိန်မှာမူ သီတင်းကျွတ်ပွဲတော်ပြီး၍   တန်ဆောင်တိုင်ပွဲတော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။    သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်   ဘုံကထိန်ပွဲတော်   အချိန်ကာလများတွင် ရှမ်းပြည်နယ်၌သာမက မြန်မာတစ်နိုင်ငံလုံးတွင်လည်း ဒေသ အလိုက်   ရိုးရာ   အိုးစည်ဒိုးပတ်သံများက  ဘဝဂ်တိုင်အောင် သောသောညံစီနေမည် ဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သော တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် နိုဝင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း   သိရသည်။    တောင်ကြီးတန်ဆောင်တိုင် ပွဲတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ပွဲတော်ဖွင့်ပွဲ ၊ ပိတ်ပွဲ၊ နေ့လွှတ် အရုပ်မီးပုံးပျံပြိုင်ပွဲ၊  ညလွှတ်   စိန်နားပန်မီးပုံးပျံပွဲ၊ ညလွှတ် မီးကြီး(ယမ်းခွေပါ)မီးပုံးပျံပြိုင်ပွဲစသည့် နာမည်ကျော်  မီးပုံးပျံပြိုင်ပွဲများနှင့်အတူ မြို့လုံးကျွတ် ဘုံကထိန်လှည့်လည်ပွဲ၊  မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊    မီးပဒေသာလှည့်လည်ပြိုင်ပွဲ၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲပိတ်ပွဲအတွက် တေးသီချင်းပြိုင်ပွဲ၊  ပွဲတော်  မှတ်တမ်းဓာတ်ပုံပြိုင်ပွဲများကို ကျင်းပမည်ဖြစ်သည်။ ထို့အပြင် ယခု ၂ဝ၁၈ ခုနှစ်မှစတင်၍ တန်ဆောင်တိုင်ပွဲတော်နှင့် ပတ်သက်သည့် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း ပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် မီးပုံးပျံပြိုင်ပွဲများ ကြောင့် ပြည်တွင်းသာမက ပြည်ပအထိ ထင်ပေါ်ကျော်ကြား သည့်  ပွဲတော်ဖြစ်ရာ  တန်ဆောင်တိုင်ကာလတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များနှင့်   ပြည်တွင်းမှ  ခရီးသွားဧည့်သည် များဖြင့် အထူးစည်ကားလေ့ရှိသည်။ ပွဲတော်သို့ရောက်လာ ကြသည့်  ဧည့်သည်များသည်  အထက်တွင်ဖော်ပြခဲ့သည့် မြို့အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ လေ့လာစရာနေရာများ သို့လည်း   သွားရောက်လည်ပတ်ခြင်းဖြင့်  ရှမ်းပြည်နယ်၏ ရှုမဆုံးနိုင်သည့် အလှအပများကို မြင်တွေ့ရပြီး တောင်ပေါ်မြေ ဆောင်းည၏ အရသာကို ခံစားကြရကာ အမှတ်တရများစွာ ရရှိသွားကြမည်လည်း ဖြစ်သည်။
ဧည့်သည်များအတွက် အကြံပြုချက်များ
စာရေးသူသည် ပြည်နယ်၏လိုအပ်ချက်၊ တာဝန်ပေးမှုဖြင့် နှစ်စဉ်နှစ်တိုင်း  တန်ဆောင်တိုင်ပွဲတော်တွင်  မှတ်တမ်းတင် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးရေးတာဝန်ကို ထမ်းဆောင်ရသည်။  သို့ဖြစ်ရာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက် ကြသည့် ပြည်တွင်း(ရပ်ဝေး)မှ ဧည်သည်များအား အကြံပြုလို သည်များကို အနည်းငယ် တင်ပြလိုပါသည်။
တောင်ကြီး    တန်ဆောင်တိုင်ပွဲတော်သို့    အနယ်နယ် အရပ်ရပ်မှလာရောက်ကြသည့်ဧည့်သည်များ    အင်မတန်မှ စည်ကားများပြားလှသဖြင့် မီးပုံးပျံပြိုင်ပွဲကျင်းပရာ  အဝေရာ ကွင်းအတွင်းသို့ ညပိုင်းလာရောက်မည်ဆိုပါက ရှေးဦးစွာ မိမိတို့တည်းခိုသည့်နေရာ၊  လိပ်စာကတ်၊  ဖုန်းနံပါတ်များကို စုဆောင်းထားရှိရန်၊ မော်တော်ကားရပ်နားထားသည့် နေရာ များကို မှတ်သားထားရန် လိုအပ်သည်။
မိမိတို့ အတူလာရောက်ကြသည့်သူများ အဖွဲ့မကွဲစေရန် တစ်ဦးနှင့်တစ်ဦး   လက်တွဲထားပြီး   တစ်စုတစ်စည်းတည်း အတူကြည့်ရှုအားပေးကြရန်၊ အထူးသဖြင့် ကလေးငယ်များ အား  ဂရုတစိုက်လက်တွဲထားရန်  လိုအပ်သည်။  အကယ်၍ အဖွဲ့ကွဲသွားပါက မီးပုံးပျံပြိုင်ပွဲကျင်းပသည့် ကွင်းအတွင်း VIPပွဲကြည့်စင်အနီး၌ ပြန်ကြားရေးဌာန ဖွင့်လှစ်ထားသဖြင့် ထိုနေရာတွင် အကူအညီတောင်းခံနိုင်သည်။ ထို့အတူ မိမိတို့ အဖွဲ့သားများ ပြန်ဆုံရမည့်အချိန်၊ စုရပ်များကို စနစ်တကျစီမံ ထားရန် လိုအပ်သည်။
မီးပုံးပျံပြိုင်ပွဲများကို ကြည့်မည်ဆိုပါက လေတိုက်ရာအရပ် ကိုလေ့လာပြီး   လေအထက်မှကြည့်ရှုကြရန်   လိုအပ်သည်။ မီးပုံးပျံများကိုကြည့်ရာတွင်   နေ့လွှတ်အရုပ်နှင့်  စိန်နားပန် မီးပုံးပျံများကို အနီးကပ် ကြည့်ရှုလေ့လာနိုင်ကြသော်လည်း ညမီးကြီး(ယမ်းခွေပါ)မီးပုံးပျံမှာမူ   ယမ်းခွေများပါရှိသည့် အတွက် အ္တရာယ်များသဖြင့် အဝေးမှသာ ကြည့်ရှုအားပေး သင့်သည်။  ဤကဲ့သို့  အခြေအနေများသည် နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြဖြစ်၍ အထူးသတိထားကြရန်လိုအပ်ကြောင်း အကြံပြုလိုပါသည်။
တောင်ကြီးတန်ဆောင်တိုင်သို့  အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်မည့် ဧည့်သည်များအနေဖြင့် အိုးစည်သံ ညံမစဲသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲနှင့် မီးပုံးပျံပြိုင်ပွဲကို ဆောင်းနှင်းအေးအေးကြားတွင်    ကြည့်ရှုအားပေးကြရင်း ရှုမဆုံးနိုင်သည့်  ရှမ်းရိုးမ၏   သဘာဝအလှအပများကိုလည်း မြင်တွေ့ကြရပြီး   စိတ်ချမ်းသာ  ကိုယ်ကျန်းမာစွာဖြင့်  ဘဝ အမောများ  ပြေပျောက်နိုင်ကြပါစေကြောင်း  ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။         ။

ဆောင်းပါးနှင့် ဓာတ်ပုံ-မိုးလွင်ဦး(လွိုင်လင်)

No comments:

Post a Comment