Latest News

Monday, November 5, 2018

ပြည်ပသို့ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တင်ပို့နိုင်ပါက ရေလုပ်ငန်း ပို၍တိုးတက်လာမည်

ပြည်ပသို့ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တင်ပို့နိုင်ပါက ရေလုပ်ငန်း ပို၍တိုးတက်လာမည်

ဖျာပုံ   နိုဝင်ဘာ   ၅

မြန်မာနိုင်ငံတွင်     လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် ပထမဦးစားပေးလုပ်ငန်းဖြစ်ပြီး   ဒုတိယ    ဦးစားပေးမှာ ငါး၊ ပုစွန် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ ရေချို ရေငန် ငါး၊ ပုစွန်လုပ်ငန်းနှင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များတွင် လူဦးရေ ၃ ဒသမ ၅ သန်းကျော် လုပ်ကိုင်နေ ကြကြောင်းသိရသည်။

ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ  ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိ အဏ္ဏဝါခန်းမ၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပ ခဲ့သည့် 'ရွှေခေတ်သို့လွှမ်းမည့် မြန်မာ့ငါး၊ ပုစွန် မွေးမြူ ရေးလုပ်ငန်း' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်    ဒုတိယဥက္ကဋ္ဌ    ဦးထွန်းအေးက မြန်မာနိုင်ငံမှထွက်ရှိသည့် မွေးမြူရေးထွက်ကုန်များကို လာမည့် ဒီဇင်ဘာ ၁ ရက်မှစတင်ပြီး ဥရောပသမဂ္ဂ(EU))နိုင်ငံများသို့ တင်ပို့ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း မြန်မာ့ ရေထွက်ပစ္စည်းများ တင်ပို့မှုကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်မှစ၍ ပိတ်သိမ်းထားခဲ့ရာ မြန်မာနိုင်ငံမှ တာဝန်ရှိသူ များနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ တာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိပြီး    အဆင်ပြေတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ  မွေးမြူရေးငါးမြစ်ချင်းများကို  ယခင်က ဆော်ဒီအာရေးဗီးယားနိုင်ငံသို့   အများဆုံးတင်ပို့ခဲ့ပြီး တင်ပို့မှုပိတ်သိမ်းခဲ့သဖြင့် လက်ရှိအချိန်အထိ အမေရိကန် ဒေါ်လာ သန်း ၃ဝ ကျော် နစ်နာခဲ့ကြောင်းလည်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၅၆ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်   ရရှိခဲ့ကြောင်းနှင့်  လက်ရှိအချိန်တွင်  ယခင်က ဆုံးရှုံးခဲ့သည့်အခွင့်အရေးများ ပြန်လည်ရရှိလာခြင်းနှင့် အတူ  မြန်မာ့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်လာရေးအတွက် နိုင်ငံတော်မှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များနှင့်  ရေလုပ်သားများအနေဖြင့် နိုင်ငံ တကာ  စံချိန်စံညွှန်းများနှင့်အညီ  မွေးမြူထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်အရောက်  ရောင်းချသွားနိုင်ရန် လည်း လိုအပ်ကြောင်း သိရသည်။

အောင်ဝင်း(ဖျာပုံ)မြန်မာ့အလင်း

No comments:

Post a Comment