Latest News

Thursday, October 11, 2018

ဒေါ်အောင်ဆန်းစုကြည် နှင့် NHK အင်တာဗျုး အပြည့်အစုံ (ဒုတိယပိုင်း)



(၄) ရိုဟင်ဂျာ ပြဿနာ အပေါ် ဂျပန်၏ ရပ်တည်ချက်
(၅) ရိုက်တာ သတင်းထောက်များ အဖမ်းခံရမှု
(၆) နိုင်ငံတကာမှ ဝေဖန် ပြစ်တင်မှုများ

(၄) ရိုဟင်ဂျာ ပြဿနာ အပေါ် ဂျပန်၏ ရပ်တည်ချက်

**ဂျပန်-မြန်မာ ဆက်ဆံရေး အကြောင်း ဆက်ပါရစေ၊ နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုတွေ များပြားလာပေမယ့်လည်း ဂျပန်က မြန်မာ အမျိုးသားများ ကိုယ်ပိုင် ကြိုးပမ်းဆောင်ရွက်နေမှုကို မဆုပ်မနစ် ထောက်ခံနေပါတယ်။ ဒီ မူဝါဒ အပေါ် ဘယ်လို သုံးသပ်ပါသလဲ။

အလွန်ကို သင့်တင့်လျောက်ပါတ်တဲ့ ရပ်တည်မှု အနေအထားပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တကမ္ဘာလုံးက ဘယ်လောက်ပဲ ဝေဖန် ပြစ်တင်နေပါစေ အဆုံးကျ ကျမတို့ အလုပ်ကို ကျမ တို့ လုပ်နေကြရမှာမို့ပါ။ ကျမတို့ လုပ်ရမယ်ဆိုတာက ခက်ခဲတဲ့ ပြဿနာတွေ ခက်ခဲတဲ့ အစီအမံတွေ ကို အကောင်အထည် ဖေါ်ဖို့ ဖြစ်လာတဲ့ အခါ မျိုး ကို ဆိုလိုတာပါ။ ကျမ အရင်က ပြောခဲ့တဲ့ အတိုင်း မရှိမဖြစ် လိုအပ်တဲ့ ရပ်တည်ချက် နှစ်ခုကို ထိမ်းညှိနိုင်ဖို့ လိုလိုလားလား လုပ်နိုင်စွမ်း ရှိလာအောင် ဂျပန်က အကူအညီပေးတာမျိုး ကြောင့်ပါ။

**ဂျပန်က အခုလို မူဝါဒ ကျင့်သုံးလာကတည်း ကစပြီး ဂျပန်လည်း “မှားတဲ့ဖက်က ရပ်ပေးနေပြီ၊ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေကို ရေငုံနှိုတ်ပိတ်နေပြီ” လို့ ဝေဖန်တာတွေ ခံနေရချိန်မှာ ဘာဖြစ်လို့ ဂျပန်က ဒီမူဝါဒကို ဆက်ကျင့်သုံးခဲ့တာနဲ့ ပါတ်သက်ပြီး ရှင့်ရဲ့ ထင်မြင်ချက်ကို သိချင်ပါတယ်။

ပထမဦးစွာ ပြောရမယ်ဆိုရင် ကျမတို့ အနေနဲ့ ဘယ်ဖက်က မှားတယ်၊ မှန်တယ် ဆိုတာ ကြည့်မနေသင့်ပါဖူး၊ ဘာတွေ ကွဲပြားနေလဲဆိုတာသာ ကြည့်ပြီး ပြေလည်အောင် ညှိနှိုင်းကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကလည်း ကမ္ဘာကြီးမှာ သဟဇာတ ဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ချင်တဲ့ လူတွေ အဓိက ထားရမယ့် ရည်ရွယ်ချက်ပဲ ဖြစ်သင့်ပါတယ်။ ဂျပန်အနေနဲ့ဒီနေ့ ကမ္ဘာကြီးမှာ သဟဇာတ ဖြစ်ရေး နဲ့ တည်ငြိမ်ရေး အတွက် အာမခံနိုင်မယ့် အကောင်းဆုံး နည်ူလမ်းအဖြစ် ကွဲလွဲမှုတွေ ကို ပြေလည်အောင် ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ ကျမ မြင်ပါတယ်။

**ရခိုင် ပြသာနာ ကြောင့် ပြည်တွင်းပြည်ပမှာ တင်းမာမှုတွေ ကို ပြေလည်အောင် ဘယ်လို ထောက်ခံမှုမျိုးတွေကို ဂျပန်ဆီ က ထပ်ရဖို့ မျှော်လင့်နေပါသလဲ။

ဂျပန်က အရမ်းကို အကူအညီ ရပါတယ်။ ကျမတို့ဖက်ကလည်း လောဘကြီးတဲ့ ပုံစံမျိုး လည်း မဖြစ်စေရပဲ ပိုပြီး လိုချင်တယ် ပိုပြီးတော့ လိုချင်တယ်လို့ ပြောရမှာပါပဲ၊ ကျမတို့ ကို ရှေးမဆွကတည်းက ပေးခဲ့တဲ့ နားလည်မှုတွေအတွက်လည်း ကျမ အလွန်ပဲ ကျေးဇူး ဥပကာရ တင်ပါတယ်။ အခြေအနေကို အမှန်အတိုင်း နားလည်ပြီး ပေးတဲ့ အကူအညီမျိုးသာ အဓိပ္ပါယ် ရှိပါတယ်။

(၄) ရိုက်တာ သတင်းထောက်များ အဖမ်းခံရမှု

**ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ထောင် ခုနှစ် နှစ် အပြစ်ပေးခံရပြီးတဲ့ နောက် မြန်မာပြည်ရဲ့ လွတ်လပ်စွာ ဖေါ်ပြနိုင်ခွင့် အပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေ ကြီးထွားလာနေပါတယ်။ နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေကလည်း ကိုလိုနီခေတ်က ဆိုတော့ ဒီမိုကရေစီ နိုင်ငံတခုနဲ့ သင့်တော်တဲ့ ဥပဒေ စနစ်မျိုး ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုနေကြတာလည်း ရှိပါတယ်။ ရှင့်အနေနဲ့ အဲ့တာကို သဘောတူပါသလား၊ ဥပဒေ ကို ပြုပြင်ပြောင်းလဲရေး ကို လိုလိုလားလား ဆက်လုပ်သွားဖို့ ရှိနေပါသလား။

အင်း.. ရှင်ပြောတဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲရေး ဆိုတာ ဘာကို ရည်ရွယ်လည်း ဆိုတာတော့ ကျမ အသေအချာ နားမလည်ဖူး၊ တရားမျှတမှု ဖြစ်ပေါ်ရေး သွားရာလမ်းကြောင်းမှာ တရားဥပဒေ အတိုင်း သွားရမယ့် လုပ်ငန်းစဉ်ဆိုတာ ရှိပါတယ်။ ပြီးတော့ တရားဥပဒေ ကို အမှားမှား အယွင်းယွင်း စီရင်မှာကိုသာ ကျမတို့ အနေနဲ့ စိုးရိမ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီလိုမျိုး အလွဲလွဲအမှားမှား စီရင်ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိလာရင်တော့ ကျမ တို့ အနေနဲ့ လိုလိုလားလားကို စုံစမ်းစစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားဥပဒေ ကို မှားယွင်းစီရင်တာနဲ့ (ရှိပြီးသား) ဥပဒေကို အချို့သော လူတွေအတွက် လက်ခံနိုင်တယ် လက်မခံနိုင် ဖြစ်နေတာမျိုးက မတူပါဖူး။ တရားဥပဒေကို မှားယွင်း စီရင်တာမျိုးက တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ တရားမျှတစွာ ကျင့်သုံးခဲ့ခြင်း မရှိတာကို ဆိုလိုတာပါ။ လွတ်လပ်စွာ ဖေါ်ပြခွင့်နဲ့ တရားဥပဒေ နဲ့ အညီ ဆောင်ရွက်တာမျိုးကို သတ်သတ်ဆီ ခွဲထားသင့်တယ်လို့ ကျမတော့ ထင်ပါတယ်။

လွတ်လပ်စွာ ဖေါ်ပြခွင့်နဲ့ ပါတ်သက်ပြီး ပြောရမယ်ဆိုရင် ဗမာပြည်ရဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်နေကြတဲ့ လူတွေကို ကျမ အကြံပေးချင်တာကတော့ ၂၄ နာရီလောက်ပဲ အချိန်ယူပြီး ပြည်တွင်း ဆိုရှယ်မီဒီယာတွေ နဲ့ သမာယိုးကျ မီဒီယာတွေမှာ ရေးသားနေကြတာတွေကို လေ့လာကြည့်ကြပါလို့၊ အဲ့ဒီအခါကျ သူတို့ တွေ့လာခဲ့ရတာတွေ ကြည့်ပြီး အတော်ကို အံ့အားတသင့် ဖြစ်ကြမှာ အမှန်ပါပဲ၊ အစိုးရ အကြောင်းက စလို့ လမ်းထဲက ဟိုဖက်အိမ်မှာ ဘာတွေ ဖြစ်နေတာတွေ အထိ လွတ်လွတ်လပ်လပ် ကြီး ကျယ်ကျယ်ပြန့်ပြန့်ကို ကိုယ်တိုင် ကိုယ်ကျ ရေးသား ဖေါ်ပြနေကြပါတယ်။

**မြန်မာ ပြည်သူတွေ အနေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ကို ရနေပြီလို့ ထင်ပါသလား။

ကျမပြောတာကလည်း အဲ့တာပါပဲ၊ ကျမအနေနဲ့ NHK ကို မြန်မာပြည်ရဲ့ မီဒီယာတွေမှာ ဆိုရှယ်မီဒီယာ ရော သမယိုးကျ မီဒီယာ တွေမှာ ရေးနေကြတာတွေ ကို ကျေးဇူးပြုပြီး ၂၄ နာရီလောက် ပဲ အချိန်ပေးပြီး လေ့လာပါလို့ ပြောလို့မဖြစ်ပါဖူး၊ ဒါပေမယ့် လေ့လာမယ်ဆိုရင်တော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမှု ရှိမရှိ ကောင်းကောင်း သိလာပါလိမ့်မယ်။

**ရိုက်တာ သတင်းထောက်တွေရဲ့ အမှုနဲ့ ပါတ်သက်ပြီး ကမ္ဘာက တော့ လွတ်လပ်စွာ ဖေါ်ပြခွင့် နဲ့ သက်ဆိုင်နေတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ရှင့်အနေနဲ့က လွတ်လပ်စွာ ပြောကြားခွင့် နဲ့ မဆိုင်ပဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောတာကို သတိထားမိပါတယ်။ ဒီလို နားလည်မှု ကွာဟနေတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ရှင့်အနေနဲ့ မီဒီယာ လောက ကဆိုတော့ ဒီအဖြေကို ကျမထက်ပိုပြီး ကောင်းကောင်း သိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက တကယ်တမ်း လွတ်လပ်စွာ ပြောကြားခွင့် နဲ့ ဆိုင် လား၊ တရားဥပဒေ နဲ့ အညီ လုပ်ခဲ့တာလား သိရဖို့ အခြေအနေကို ကျမတို့ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ လုပ်ထုံးလုပ်နည်းများအရ သူတို့အနေနဲ့ တရားရုံးရဲ့ စီရင်ချက်ကို စောဒက တက်ခွင့် ရှိပါတယ်။ သူတို့ အယူခံလည်း တင်နိုင်ပါတယ်၊ ဒီနေရာမှာ အယူခံက တကြိမ်တည်း မဟုတ်ပဲ တိုင်းပြည်ရဲ့ အမြင့်ဆုံး တရားရုံးချုပ်အထိ ဆို အဆင့် သုံးဆင့်တောင် တင်နိုင်ခွင့် ရှိနေပါတယ်။ သူတို့အနေနဲ့ မတရား အလုပ်ခံရတယ် ယူဆရင်ပေါ့လေ။

**တရား ဥပဒေ လမ်းကြောင်း အတိုင်း ဆိုတာက မြန်မာ ဥပဒေနော်၊ အဲ့တာကလည်း နိုင်ငံတော် လျို့ဝှက်ချက် များ ဥပဒေ ဖြစ်နေတယ်။

မဟုတ်ဖူး၊ ဥပဒေ လမ်းကြောင်း အတိုင်း ဆိုတာက ဥပဒေ ဆိုတာနဲ့ နဲနဲ ကွဲလွဲနေတယ်။ နိုင်ငံတော် လျို့ဝှက်ချက်များ အက်ဥပဒေ ဆိုတာက ဥပဒေတွေထဲက တခု၊ တရားဥပဒေနဲ့ အညီ ဆိုတာက ဒီအမှုကို တရားရုံးမှာ ဘယ်လို စစ်ဆေး ဆုံးဖြတ်လဲဆိုတာ ပြောတာ၊ ကျမနားလည်သလောက်ဆို ဒီအမှုကို နိုင်ငံတကာက သံတမန်တွေ၊ မီဒီယာ သမားတွေကော ရုံးချိန်းတိုင်း မပျက်မကွက် တက်ရောက်ခဲ့ကြတယ်။ ဒီရုံးချိန်းတိုင်းမှာ တခုခုများ တရားဥပဒေ လမ်းကြောင်းက လွဲဖယ်သွားခဲ့တာရှိခဲ့ရင် ကျမတို့ ပျော်ပျော်ကြီး ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ဆီကိုတော့ တင်ပြရတာတော့ ရှိမှာပေါ့လေ။

**ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတခုမှာ ဥပဒေနဲ့ အညီ အုပ်ချုပ်သင့်ပါတယ်။ တခါတရံ ဥပဒေ တခုက ဒီမိုကရေစီ နိုင်ငံတခုအတွက် သင့်လျှော်ပါ့မလား ဆိုတာ စဉ်းစားရတာမျိုး ရှိပါတယ်။ အခုကိစ္စမှာ နိုင်ငံတော် လျို့ဝှက်ချက်များ အက်ဥပဒေ ဆိုတာက ကိုလိုနီခေတ်က ဆင်းသက်လာခဲ့တာဖြစ်တော့၊ ဒီ ဥပဒေက မြန်မာပြည်ရဲ့ လတ်တလော အခြေအနေတွေနဲ့ သင့်လျှော်မှု ရှိမရှိ ဆိုတာအပေါ် ဘယ်လို သဘောရပါသလဲ။

ယခုအချိန်အထိ မသင့်လျှော်မယ့် အကြောင်းအရာမျိုး ထည့်သွင်း ထားတာမျိုး မတွေ့ခဲ့ရသေးပါဖူး၊ ရှင့်အနေနဲ့ ဒါက ပြဿနာ ဆိုပြီး နိုင်ငံတော် လျို့ဝှက်ချက်များ အက်ဥပဒေကို လေ့လာနေခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီ နိုင်ငံတွေ အပါအ၀င် နိုင်ငံ အတော်များများမှာ လျို့ဝှက်ချက် အက်ဥပဒေ ဆိုတာ ရှိနေတာ တွေ့မှာပါ။ ဒီတော့ မြန်မာမှာ ရှိတဲ့ ဥပဒေ နဲ့ အခြားနိုင်ငံတွေမှာ ရှိတဲ့ လျို့ဝှက်ချက် ဥပဒေဆိုတာတွေကို နှိုင်းယှဉ် ပြီး ဘာတွေ ကွဲလွဲနေလဲဆိုတာ စိတ်ဝင်စားတဲ့ လူတွေ အဖို့ ပိုပြီး အသုံးတည့်နိုင်ပါတယ်။ ကျမတို့ကလည်း လေ့လာရပါတယ်။ အချို့ကိစ္စတွေက အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားရတာလောက်နဲ့ ဥပဒေကို ပြောင်းလဲပြစ်ဖို့ ဆုံးဖြတ်လို့ မဖြစ်ပါဖူး၊ ဥပဒေတခုက ကျမတို့ ခေတ်နဲ့ ဆီလျှော်မှု ရှိမရှိ ကြည့်ရတဲ့ အပြင် အခြားနိုင်ငံတွေမှာ ရှိတဲ့ အလားတူ ဥပဒေမျိုးတွေကိုပါ လေ့လာရပါတယ်။ ဥပဒေကို ဘယ်အချိန်က ပြဌာန်းခဲ့လည်း ဆိုတာထက် အဲ့ဒီဥပဒေက ဆီလျှော်မှု ရှိနေဆဲလား ဆိုတာကိုပဲ ဆုံးဖြတ်ရမှာပါ။ ဖွံ့ဖြိုးပြီး နိုင်ငံ အတော်များများမှာ ရှိတဲ့ အချို့ ဥပဒေ တွေဆိုရင် ၁၈ ရာစု ၊ ၁၉ ရာစု ရှေ့ပိုင်းလောက်က ဆိုတာ တွေ့ရမှာ ဖြစ်ပြီး အဲ့ဒီအချိန်က ကိုလိုနီ ဥပဒေတွေ ပြဌာန်းလာခဲ့တဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။

**နောက်မေးခွန်းတခု မမေးမီ မြန်မာပြည်ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်နိုင်ခွင့် အခြေအနေအပေါ် အမြင်လေး သိပါရစေ။

ကောင်းပြီ၊ ကျမအနေနဲ့ မြန်မာပြည်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အများကြီး ရရှိနေပြီ လို့ ထင်ပါတယ်။ ကျမ ပြောခဲ့တာကိုပဲ ပြန်ပြောရမယ်ဆိုရင် ကျမကို မမေးပါနဲ့၊ တိုင်းပြည်ထဲ နေတဒူဝ ဖြစ်ပျက်နေတာတွေအပေါ် စာနယ်ဇင်းတွေ ဘာတွေ လုပ်နေလဲဆိုတာ လေ့လာကြပါ။ နိုင်ငံတကာ စာနယ်ဇင်းတွေဆိုတာက သိတဲ့ အတိုင်း ကျမတို့ ဥပဒေနဲ့ ထိမ်းချုပ်လို့ ရတာမျိုး မဟုတ်ဖူး၊ သူတို့ ဥပဒေ တွေ၊ သူတို့နိုင်ငံတွေမှာ ရှိတဲ့ ဥပဒေ တွေနဲ့ အညီ တော့ ကျင့်သုံးရတာပါပဲ၊ ကျမတို့ နိုင်ငံက ဆိုရှယ် မီဒီယာ တွေ၊ သမာယိုးကျ မီဒီယာတွေကို လေ့လာခိုင်းနေရတာကလည်း အဲ့ဒီကဏ္ဍတွေမှာ အတော်ကို တက်တက်ကြွကြွ ရှိနေတာကြောင့်ပါ။ အဲ့ကျ ကျမတို့မှာ သတင်း လွတ်လပ်ခွင့် ရှိမရှိ ဆိုတာ တွေ့နိုင်မှာကိုး။ ဆိုရှယ် မီဒီယာ တခုတည်း ကြည့်ပြီးတော့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတဲ့ အကြောင်းတော့ ပြောလို့မရနိုင်ဖူးလေ။

(၅) နိုင်ငံတကာမှ ဝေဖန် ပြစ်တင်မှုများ

*မြန်မာပြည်တွင်းက ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ စပ်လျင်းပြီး နိုင်ငံတကာ ရဲ့ ဝေဖန်မှုတွေက တဖြေးဖြေး နဲ့ စစ်တပ်ကိုတင် မဟုတ်တော့ပဲ ရှင့်အပေါ်လည်း များသထက် များလာနေပါတယ်။ ရှင့်ကို ကျတော့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကို ရပ်အောင် ရှင့်မှာ ရှိတဲ့ အာဏာ တွေ၊ သြဇာသက်ရောက်နိုင်မှုတွေ၊ ကျင့်ဝတ္တရား ပိုင်းတွေရော အသုံးမချခဲ့ဖူးလို့ ပြောနေကြပါတယ်။ ပြီးခဲ့တဲ့ နှစ် သုံးဆယ်လောက်က ပေးခဲ့တဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုကိုတောင် ပြန်ရုတ်သိမ်းဖို့ တောင်းဆိုလာတာတွေတောင် ရှိနေပြီး ကနေဒါကတောင် ဂုဏ်ထူးဆောင် နိုင်ငံသား ဘွဲ့ကို ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအနေအထားတွေကို ရှင်ရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲ။

ကျမရဲ့ ကျင့်ဝတ္တရားကို သုံးပြီး အကြမ်းဖက်မှုတွေကို ရပ်အောင် မလုပ်ခဲ့ဖူးဆိုတာ ဘာကို ရည်ရွယ်ပြောနေကြမှန်း ကျမ အတိအကျ တော့ မသိပါဖူး၊ ကျမတို့ အနေနဲ့က ဘယ်တော့မှာ အဓမ္မ၀ါဒ ကို ပြန့်ပွားအောင်တော့ ဘယ်လိုနည်းမျိုးနဲ့မှ မလုပ်ခဲ့ဖူးပါဖူး၊ ဒီလိုပဲ တရားဥပဒေမဲ့ လုပ်ရပ်တွေ၊ အကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန်းကရပ်အောင် လုပ်ဖို့လည်း ဘယ်တုန်းကမှ ခေါင်းမရှောင်ခဲ့ပါဖူး။ သူတို့ ဘာတွေ ပြောနေကြလဲ ဆိုတာ ကျမ အသေအချာ မသိပါဖူး၊ ကျမတို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နေ့ချင်းညချင်း ပြောင်းအောင် လုပ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ အဖြစ် အသွင်မပြောင်းနိုင်ခဲ့တာကို ပြောနေတယ် ဆိုရင်တော့ ကျမတို့အနေနဲ့ နေ့ချင်းညချင်းကို ပြောင်းပြစ်မယ်လို့ တခါမှ မပြောခဲ့ဖူးပါဖူး၊ ကျမတို့ ပြောင်းအောင် လုပ်မှာပါ၊ ဒါကလည်း တဆင့်ပြီး တဆင့် ဖြစ်လာအောင် လုပ်မှာ ဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေးကို မထိခိုက်စေတဲ့ နည်းမျိးနဲ့ လုပ်ရမှာလည်း ဖြစ်ပါတယ်။ ဂုဏ်ထူး ဘွဲ့ထူးတွေ အကြောင်း ပြောရမယ်ဆိုရင် ဒီဆုတွေနဲ့ ပါတ်သက်ပြီး ဘာလုပ်ရမယ် ဆိုတာ ဆုံးဖြတ်ဖို့ ဒီဆုတွေကို ပေးတဲ့ လူတွေ အပေါ်ကိုပဲ လုံးလုံးလျားလျား မူတည်နေပါတယ်။ ကျမတို့ အနေနဲ့ ဒါဖြစ်ချင်တယ်၊ ဒါမဖြစ်ချင်ဖူး ပြောလို့မရပါဖူး။

*ရှင့်ကို ဝေဖန်ပြစ်တင်နေတဲ့ လူတွေ၊ ရှင့်အပေါ် ဒီလိုမျိုးတွေ လုပ်လာတဲ့ လူတွေက မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေ အမှန်ကို နားမလည်ကြဖူးလို့ ယုံကြည်နေပါသလား။

နားလည်တဲ့ လူ အတော် နည်းတယ်လို့ ထင်ပါတယ်။ မြန်မာပြည်တခုလုံးအကြောင်း နားလည်ဖို့ အသာ ထားလိုက်ဦ၊ ရခိုင်ပြည်နယ် တခုတည်းက အခြေအနေတွေကို တောင် သဘောမပေါက်တဲ့ လူတွေ အများကြီး ရှိနေပါတယ်။ အခုခေတ်က ပြဿနာတခုကို အမြန်ဖြေရှင်း နိုင်မှ ချက်ခြင်းလို ကျေနပ်မယ့် အနေအထားမျိုး ရှိနေပါတယ်။ အားလုံးကို ချက်ခြင်းဆိုသလို ပဲ အမြန် ဖြေရှင်းရမယ့် သဘောမျိုးပါ၊ ကျမတို့ အနေနဲ့ အဲ့ဒီလို လုပ်ဖို့ အခြေအနေ မပေးပါဖူး။ ရေရှည်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဖြေရှင်းရဖို့ ရှိနေပါတယ်။ ဒါမှမဟုတ်ပဲ ကျမတို့က အမြန် ဖြေရှင်းနိုင်မယ့် နည်းမျိုး ကို ရေရှည်ကို မကြည့်ပဲ လုပ်လိုက်မယ်ဆိုရင် ကျမတို့ ဆက်ရင်ဆိုင်ရမယ့် အကျိုးဆက်တွေ တပုံတပင်ကြီး ပြည့်လျံ လာပြီး နောက် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ယိုစီး ကျလာနေတဲ့ အခြေအနေမျိုး အထိ ဦးတည်သွားကောင်း သွားနိုင်ပါတယ်။

**မြန်မာ နဲ့ နိုင်ငံတကာ အသိုက်အ၀န်းအကြား နားလည်မှုတွေ နက်ရှိုင်းလာဖို့ အရေးကြီးတယ်လို့ ယုံကြည်ထားပါသလား။

ကျမတို့ တတ်နိုင်သလောက်တော့ အခြေအနေတွေကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေအနေနဲ့ ဒါတွေကို နားထောင်ဖို့ ကြိုတင် ပြင်ဆင်ထားဖို့ကလည်း ရှိနေပြန်သေးတာကိုး။
**ဒီလို အပြန်အလှန် နားလည်မှုတွေ နက်ရှိုင်းလာအောင် ရှင်အနေနဲ့  လုပ်ပေးနိုင်တာမျိုး ရှိပါသလား။

ကျမတို့ ဖြစ်နိုင်သမျှ အကောင်းဆုံး လုပ်နေကြပါတယ်။ နိုင်ငံတကာ အသိုက်အ၀န်းကိုလည်း ကျမတို့ အခြေအနေကို ထပ်တလဲလဲ ရှင်းပြခဲ့ပြီးပါပြီ၊ စိတ်ဝင်စားတဲ့ လူတွေ၊ ရခိုင်ပြည်နယ်အတွင်း သဟဇာတ ရှိရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ဖို့ အမှန်တကယ် စိတ်ဝင်စားတဲ့ လူတွေကို အခြေအနေတွေကို လာကြည့်ပြီး အကြံပေးကြဖို့ အမြဲလို ဖိတ်ခေါ်ခဲ့ပြီးပါပြီ။ တကယ်တမ်းလည်း စုံစမ်းရေး ကော်မရှင်ကို နိုင်ငံသားတွေ နဲ့ မဟုတ်ပဲ နိုင်ငံတကာက လူတွေ ဦးဆောင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ဖွဲ့စည်း ခန့်အပ်လိုက်တာနဲ့ပဲ ဘာဖြစ်လာလဲ ဆိုတော့ မြန်မာအစိုးရ က ခန့်တာ ဖြစ်လို့ ဒီကော်မရှင်ကို လက်မခံနိုင်ဖူးလို့ ယူဆလာကြပြန်ရော၊ အဲ့လို ပြောမယ့်အစား လုပ်သင့်တာက ဘယ်သူက ခန့်တယ် ဆိုတာထက် ခန့်အပ်ခံထားရတဲ့ လူတွေမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်လေ။

** မြန်မာပြည်အတွက် စိုးရိမ်မကင်း ဖြစ်ခဲ့တဲ့ အချိန် တကယ်တမ်း ဖြစ်ပျက်နေတာတွေကို မြင်နေရတဲ့ အချိန်မျိုး တုန်းက ပေးခဲ့တဲ့ ဆု တွေ၊ ရခဲ့တဲ့ နာမည် ဂုဏ်သတင်းတွေ ပြန်လျော့ချ ပြစ်နေတာတွေ အပေါ် ဘယ်လို ခံစားရပါသလဲ။

ကျမ အခုထိလည်း မြန်မာပြည်ရဲ့ အခြေအနေ အမှန်တွေကို မြင်နေဆဲပါပဲ၊ အဖွဲ့အစည်း တခုအနေနဲ့ ကျမတို့ လုပ်ခဲ့တာတွေတိုင်းက မြန်မာပြည်ရဲ့ အခြေအနေအမှန်တွေအပေါ် မူတည်ခဲ့တာချည်းပါပဲ၊ ကျမတို့ ပြည်သူတွေ ဒါကို နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်၊ ဒီအတွက်လည်း ကျမတို့ အခိုင်အမာ ရပ်တည်ပေးခဲ့တာပါ။

**ဆုတွေ ဂုဏ်ထူးဆောင် နိုင်ငံသား ဘွဲ့တွေ အပေါ် ရှင် အလေးထားပါသလား။

အဲ့ဒီလိုမျိုးကြီးလည်း ဆုတွေ၊ ဂုဏ်ထူးဆောင်တွေ အပေါ် ကျမ အလေးမထားခဲ့ပါဖူး၊ ကျမ ၀မ်းနည်းမိတာကတော့ မိတ်ဆွေ တွေမှာ ရှိသင့်တဲ့ ခိုင်မြဲတည်တံတဲ့ (ဆက်ဆံရေး) မျိုး မရှိခဲ့တာကိုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေ ဆိုတာ နားလည်မှု ပေးနိုင်ခြင်းကို ခေါ်တာလို့ ကျမ ယူဆထားတာကြောင့်ပါ။ အခြေခံအားဖြင့် ကိုယ့်ရဲ့ ထင်မြင်ယူဆတာမျိုး မလုပ်ပဲ နားလည်နိုင်အောင် ကြိုးစားတာမျိုးလို့ ထင်ပါတယ်။ ပြီးတော့ ဆုတွေဆိုတာကလည်း ပေးလို့ ရတာမျိုး၊ ပြန်ယူလို့လည်း ရတာမျိုးကိုး။

** မြန်မာ အနေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဦးမယ်လို့ မျှော်လင့်နေဆဲပဲလား။

ကျမတို့က နိုင်ငံတကာ အသိုက်အ၀န်း နဲ့ ပူးပေါင်းဆောင်ရွက်နေဆဲပါပဲ၊ မပူးပေါင်း ဖူးဆိုတာ မရှိခဲ့ပါဖူး သူတို့ ဖြစ်စေချင်သလို ကျမတို့ လိုက်မလုပ်ဖူးနိုင်ဖူး ဆိုတာနဲ့ တော့ ပူးပေါင်းဆောင်ရွက်မှု မရှိဖူးလို့ ပြောလို့မရပါဖူး။

** နိုင်ငံတကာ အသိုင်းအ၀ိုင်း နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အရေးပါမှု အပေါ် ဘယ်လို သုံးသပ်ထားပါသလဲ။

ပူးပေါင်း ဆောင်ရွက်တယ် ဆိုတဲ့ နေရာမှာ အသွား အပြန် ရှိပါတယ်၊ ကျမတို့ကချည်းပဲ တဖက်သတ် လုပ်လို့ မရပါဖူး။ ပူးပေါင်း ဆောင်ရွက်ဖို့ အတော်ကို အရေးကြီးတယ်ဆိုတာ ကျမတို့ အလေးအနက် ယူဆထားပေမယ့် တဖက်တည်းချည်း လုပ်လို့မရပါဖူး။

**ကျမ မှတ်မိပြီ အရင်တုန်း က ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ အပြန်အလှန်ရှိရမယ်လို့ ရှင် ပြောခဲ့ဖူးတာကိုလေ။

ပူးပေါင်း ဆောင်ရွက်မှု ဆိုတာ ဘယ်လိုများ တဖက်သတ် လုပ်လို့ ရနိုင်ပါ့မလဲ။

**မြန်မာရဲ့ ပူးပေါင်း ဆောင်ရွက်မှု အနေအထား တိုးမြှင့်လာဖို့ မြန်မာရဲ့ ဦးဆောင်ဦးရွက်ပြုမှုနဲ့ ရှင့် ကိုယ်တိုင် ဦးစီး ဦးဆောင် လုပ်ခဲ့တာမျိုး အကြောင်း မေးပါရစေ။

ကျမတို့ လုပ်နေကြတာတွေ အများအပြား ရှိပါတယ်။ လောလောဆယ်လည်း လုပ်နေတယ်၊ နို်င်ငံတကာ မိသားစု ၀င်တယောက် အနေနဲ့လည်း ထမ်းဆောင်ရမယ့် တာဝန်တွေကို ဆက်လုပ်သွားမှာလည်း ဖြစ်ပါတယ်။
လှစိုးဝေ

(တတိယ ပိုင်းကို ဆက်လက် တင်ပြပါမယ်။)

No comments:

Post a Comment