မြဝတီမြို့တွင် ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၃၂ မျိုးနှင့် မြန်မာငွေရောရာ ကျပ်ဆယ့်တစ်သိန်း စုစုပေါင်း တန်ဖိုးကျပ် ၃၈၈ သိန်း ခိုးယူခံရမှု ၂၃ နာရီအတွင်း စုံစမ်းဖော်ထုတ်
မြဝတီ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရွှေထည် လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၃၂ မျိုးနှင့် မြန်မာငွေရောရာ ကျပ်ဆယ့်တစ်သိန်း စုစုပေါင်း တန်ဖိုး ကျပ် ၃၈၈ သိန်း ခိုးယူခံရသဖြင့်မြဝတီမြို့မရဲစခန်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်တိုင်တန်းခဲ့မှုအား ရဲတပ်ဖွဲ့ဝင်များက ၂၃ နာရီအတွင်းပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံပစ္စည်းများကို လိုက်လံ သိမ်းဆည်းလျှက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဒေါ်မလေးသည် အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ခရီးထွက်သွားစဉ် သားဖြစ်သူ စိုးမိုးနိုင်(ခ) မင်းမင်း၊ ၃၉နှစ်ကို အိမ်စောင့်ထားခဲ့ကြောင်း၊ထိုသို့စိုးမိုးနိုင်(ခ) မင်းမင်းမှာ နေအိမ်အား စောင့်ကြပ်လျှက်ရှိစဉ် သြဂုတ်လ ၂၈ ရက်နေ့ မနက် ၈နာရီ ၁၀ မိနစ်အချိန် အလုပ်ကိစ္စဖြင့် အပြင်သို့သွားရောက်ပြီး ပြန်လည်ရောက်ရှိစဉ် နေအိမ်ခေါင်းရင်းတံခါးနှစ်ချပ်ပွင့်နေ၍ စစ်ဆေးရာ နေအိမ်တအခန်းအတွင်းထားသည့် သံသေတ္တာမှာ အံဆွဲနှစ်ထပ် ရှိသည့်အနက် အပေါ်အံဆွဲမှာ အိပ်ခန်းကုတင်ပေါ်သို့ရောက်ရှိကာ ကျန်ပစ္စည်းများအား မွှေနောက်ထားခြင်းမရှိကြောင်းတွေ့ရှိ၍ မိခင်ထံအကြောင်းကြားခဲ့ရာ စက်တင်ဘာလ ၂ ရက်နေ့ ည ၈နာရီခွဲအချိန် မိခင်ဖြစ်သူ ဒေါ်မလေးပြန်လည်ရောက်ရှိလာသဖြင့် ပစ္စည်းများ စစ်ဆေးရာ အဆိုပါ သံသေတ္တာအံဆွဲ အတွင်း သော့ခတ်သိမ်းဆည်းထားခဲ့သည့် ရွှေထည်နှင့် လက်ဝတ် ရတနာပစ္စည်းမျိုးစုံ ၃၂ မျိုးနှင့် မြန်မာငွေရောရာ ဆယ့်တစ်သိန်းကျပ် စုစုပေါင်းတန်ဘိုး ၃၈၈ သိန်းကျပ်ခန့် ပျောက်ဆုံးနေသည်ကို သိရ၍ မိသားစုဝင် သုံးဦးကို အကြောင်းကြားခေါ်ယူမေးမြန်းခဲ့ရာ မည်သူမျှ ယူဆောင်သိမ်းဆည်းထားခြင်းမရှိသဖြင့်စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန် မြဝတီမြို့မရဲစခန်းသို့လာရောက်တိုင်တန်းကာ စိုးမိုးနိုင်(ခ) မင်းမင်းက တရားလိုပြုလုပ်၍ မြဝတီမြို့မရဲစခန်းတွင်(ပ)၇၃၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုဖြစ်စဉ်အား အထက်အဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ တင်ပြခဲ့ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြည်သူ့ဘဝလုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုဖြစ်၍ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းကွပ်ကဲသည့် မှုခင်းနှိမ်နင်းရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် အမှုစစ်အဖွဲ့၊ စခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ချမ်းမွန်တို့ဦးစီးသည့်အဖွဲ့တို့အား စနစ်တကျ ကြပ်မတ်ကွပ်ကဲ ၍ စုံစမ်းဖော်ထုတ်နိုင်ရေး ညွှန်ကြားခဲ့ရာ ပူးပေါင်းအဖွဲ့များမှ အဖွဲ့ခွဲ၍ နေရာအနှံ လိုက်လံစုံစမ်းခဲ့ရာမှ စက်တင်ဘာ ၅ ရက်နေ့ နေလည်ပိုင်းတွင် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက် ကျွန်းတောရပ်ရှိ အပေါင်ဆိုင်တစ်ဆိုင်သို့ ပျောက်ဆုံးသွားသော ရွှေထည်လက်တ်ရတ နာ ပစ္စည်းများအနက် အင်းပုံရွှေလော့ကဒ် ငါးမူးသားကို လာရောက်ပေါင်နှံသွားကြောင်း သတင်းရရှိ၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန်ဦးစီးအဖွဲ့မှ တရားလိုအားခေါ်ဆောင်ကာ သက်သေများဖြင့်သွားရောက် စစ်ဆေးခဲ့ရာ ပျောက်ဆုံးခဲ့သည့် ပစ္စည်းဖြစ်ကြောင်း အတည်ပြုသိရှိရ၍ အပေါင်ဆိုင်တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းမှ တစ်ဆင့်လာရောက်ပေါင်နှံသွားသူကိုမြင်တွေ့ခဲ့ရပြီး ပူးပေါင်း အဖွဲ့များဖြင့် ပိုက်စိပ်တိုက် ရှာဖွေစုံစမ်းခဲ့ရာမှ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ပစ္စည်းပေါင်နှံသွားသူ ကျော်မောင်မောင်လွင် ၂၃နှစ်ကို မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြဝတီ-မယ်ထော်သလေးကားလမ်းမပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့ ၎င်း၏ခန္ဓာကိုယ် အား စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီခါးကြားအတွင်းမှ လက်ကိုင် အိတ်အသေးတစ်လုံးဖြင့်ထည့်ထားသော ရွှေထည်ပစ္စည်း ၂၃ မျိုးကို ရှာဖွေတွေ့ရှိရသဖြင့် ရဲအုပ် အောင်ချမ်း မွန်က သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကာ ကျန်ရှိပစ္စများသိမ်းဆည်းရမိရေးနှင့် ယခင်ပြစ်မှုကျူးလွန်ဘူးခြင်း ရှိ/မရှိ မြဝတီမြို့မရဲစခန်းက ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း ဝြတီမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းကိုထံမှ မေးမြန်းသိရှိရသည်။
မင်းသူ(ဘားအံ)
Wednesday, September 5, 2018
မြဝတီမြို့တွင် ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၃၂ မျိုးနှင့် မြန်မာငွေရောရာ ကျပ်ဆယ့်တစ်သိန်း စုစုပေါင်း တန်ဖိုးကျပ် ၃၈၈ သိန်း ခိုးယူခံရမှု ၂၃ နာရီအတွင်း စုံစမ်းဖော်ထုတ်
မြဝတီမြို့တွင် ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ ၃၂ မျိုးနှင့် မြန်မာငွေရောရာ ကျပ်ဆယ့်တစ်သိန်း စုစုပေါင်း တန်ဖိုးကျပ် ၃၈၈ သိန်း ခိုးယူခံရမှု ၂၃ နာရီအတွင်း စုံစမ်းဖော်ထုတ်
Reviewed by Ar Ti
on
6:40 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment