Latest News

Wednesday, September 5, 2018

ရန်ကုန်မြို့ပြ၏ ကျက်သရေဆောင် ဆင်ဖြူတော်ဥယျာဉ်

ရန်ကုန်မြို့ပြ၏ ကျက်သရေဆောင် ဆင်ဖြူတော်ဥယျာဉ်



 ရန်ကုန်မြို့ ၏ ရတနာဆင်ဖြူတော်ဥယျာဉ်သို့ နိုင်ငံခြားသား ဧည့်သည်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်လေ့လာလျက်ရှိသည်။နိုင်ငံတော်၏ ဆင်ဖြူရတနာဖြစ်၍ ဝင်ကြေးကောက်ခံမှုမရှိသည့် အတွက် ပြည်တွင်း ပြည်ပမှ ဆင်ဖြူတော်သုံးစီးကို လာရောက် ကြည့်ရှုသူတို့ဖြင့် တနင်္ဂနွေနေ့ရုံးပိတ်ရက်တွင် စည်ကားလျက် ရှိသည်။   မိဘများက  သားသမီးများကို  ကျောက်တော်ကြီး ဘုရားဖူးပြီးပါက ဆင်ဖြူတော်ဥယျာဉ်သို့ ပို့ဆောင်ပြသလျက်ရှိရာ ဆင်ကတာကို တွေ့မြင်သည်နှင့် ကလေးများမှာ ပျော်ရွှင်လျက် ရှိနေကြသည်။ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းရှိကျောက်တော်ကြီး ဘုရားကို ဖူးပြီးပါက နိုင်ငံခြားသားဧည့်သည်အချို့မှာ အနီးတွင် ရှိသော ဆင်ဖြူတော်ဥယျာဉ်သို့ လာရောက်လေ့လာ ကြည့်ရှု ကြမြဲ ဖြစ်သည်။ အချို့ဧည့်သည်များမှာ ဧည့်လမ်းòန်နှင့်အတူ ကားများဖြင့်    တိုက်ရိုက်လာရောက်လေ့လာသူများလည်း ရှိသည်။ မြန်မာတို့ အမြတ်တနိုးတန်ဖိုးထားသော ဆင်ဖြူတော် ကို    ထိုင်းနိုင်ငံမှ   ဧည့်သည်များလည်း    စိတ်ဝင်တစား လာရောက်ကြည့်ရှုကာ အစားအစာများကျွေး၍ ဆုတောင်း ကြလေ့ရှိသည်။ ရှေးမင်းများလက်ထက်က ဆင်ဖြူတော်သည် တိုင်းပြည်၏ လက်ရုံးနှင့် ဘုန်းတန်ခိုးကို ပြသခြင်းဖြစ်၍ အရှေ့ တောင်အာရှတွင် ဆင်ကို  အမြတ်တနိုးတန်ဖိုးထားခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။  အထူးသဖြင့်  မြန်မာမင်းများသည် ဆင်ဖြူတော်ကို အမြတ်တနိုး တန်ဖိုးထားလေ့ရှိသည်။

ရတနာဆင်ဖြူတော်ဥယျာဉ်ဝင်ပေါက်မှ ကျောက်တော်ကြီး ဘုရားကို လှမ်းမြင်ရပြီး မင်းဓမ္မလမ်းပေါ်တွင် YBS ယာဉ်လိုင်း ပြေးဆွဲသည့်အတွက် ဆင်ဖြူတော်ဥယျာဉ်သို့ လာရောက်ကြည့်ရှု လေ့လာကြသည့် ပြည်သူတို့အတွက် အဆင်ပြေလျက်ရှိသည်။ ၁ဝ  ပေခန့် အကျယ်ရှိသော  အုတ်လမ်းအတိုင်း    နှစ်မိနစ်ခန့် ဝင်ရောက်ပါက ဆင်ဖြူတော်ကြည့်ရှုရာအဆောင်ကို ရောက်ရှိပြီး ဆင်ဖြူတော်သုံးစီး၏သမိုင်းကြောင်းနှင့် ဆင်ဖြူတော်ကြန်အင် လက္ခဏာကို  ဖော်ပြထားသည်ကို  တွေ့မြင်ရမည်ဖြစ်သည်။ ဆင်ဖြူတော်ကြည့်ရှုရာအဆောင်နှင့် ဆင်ဖြူတော်သုံးစီးထားရှိ ရာ အဆောင်ကြားတွင် ပေ ၈ဝx၁၅ဝ အကျယ်ရှိသော မြက်ခင်း ပြင်ကို ထားရှိပြီး ဆင်ဖြူတော်ကို ကြံနှင့်အသီးအနှံများ ကျွေးလို ပါက ဆင်ဦးစီးများကိုယ်တိုင် ယူဆောင်၍ ကျွေးမွေးလေ့ရှိသည် ကို တွေ့ရသည်။ ဆင်ဖြူတော်ဟူသော စကားနှင့်အညီ ကြန်အင် လက္ခဏာပြည့်စုံမှုကြောင့် နိုင်ငံခြားသားများ လာရောက်လေ့လာ ခြင်းဖြစ်မည်။ ထိုင်းနိုင်ငံသားများ အများဆုံးလာရောက်လေ့လာ လျက်ရှိပြီး ဝိုင်းဝန်းဆုတောင်းပြီး အစာကျွေးလေ့ရှိသည်ကို တွေ့ရသည်။
ဆင်ဖြူတော်သုံးစီးတွင် ပထမဆုံးစတင်ဖွင့်လှစ်ပြသခဲ့ သော ဆင်ဖြူတော်မှာ စွယ်စုံအထီးဖြစ်သော ရာဇဂဟသီရိပစ္စယ ဂဇရာဇာဆင်တော်ဖြစ်သည်။ ရှစ်နှစ်သားအရွယ်တွင် ရောက်ရှိ ခဲ့ပြီး ထိုဆင်ဖြူတော်အထီးဖြင့် ဆင်ဖြူတော်ဥယျာဉ်ကို ၂ဝဝ၁ ခုနှစ် နိုဝင်ဘာ  ၁၅  ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ်တွင် ဆင်ဖြူတော်အဆောင်ကြီး တည်ဆောက်မှု ပြီးစီးခဲ့၍ ဆက်လက်ရောက်ရှိလာသော ဆင်ဖြူတော်နှစ်စီးဖြင့် ဆင်ဖြူတော်သုံးစီးကို ၂ဝဝ၂ ခုနှစ်တွင် တင့်တယ်လှပစွာဖြင့် ထားရှိကာ အခမ်းအနားဖြင့် ဆင်ဖြူတော်အပ်နှင်းပွဲကို ကျင်းပ ခဲ့ခြင်းဖြစ်သည်။    ဆင်ဖြူတော်ကို   သစ်တောဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ဆင်ဖြူတော်သုံးစီး၏ ကျန်းမာရေးကို အနီးကပ်စောင့် ရှောက်လျက်ရှိသော တိရစ္ဆာန်ဆရာဝန် ဒေါက်တာခင်မောင်ဝင်း က ''ဆင်ဖြူတော်ဆိုတာ မြင့်မြတ်မင်္ဂလာရှိတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေါ်ဖို့ အတိတ်နိမိတ်ပေးတယ်လို့ သက်သေထားတာပါ။မြတ်စွာဘုရား ပဋိသန္ဓေတည်တဲ့အခါမှာ မိခင်ရဲ့ ဝမ်းကြာတိုက်မှာ ဆင်ဖြူတော်ကိန်းဝပ်တယ်လို့         အိပ်မက်မက်တာကြောင့် ကောင်းကျိုးမင်္ဂလာဖြစ်တဲ့အတွက် ဆင်ဖြူတော်ကို မြန်မာဘုရင် တွေ မြတ်နိုးတန်ဖိုးထားခဲ့ကြတာပါ။ ဆင်ဖြူတော်ပေါ်ခြင်းဟာ နောင်တစ်ချိန်မှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပေါ်လိမ့်မယ်ဆိုတဲ့ အတိတ် နိမိတ်လို့    ရှေးမင်းတွေက  ယူဆကြပါတယ်။ ဆင်ဖြူတော်နဲ့ သာမန်ဆင်ဟာ လုံးဝမတူကွဲပြားပါတယ်။ မျက်လုံး၊ ခြေသည်း၊ လက်သည်း၊ အသားအရောင်ကအစ ကွဲပြားပါတယ်။ ဆင်ဖြူ တော်လက္ခဏာ ကြန်အင်ရှစ်ချက်ရှိပါတယ်။ အခုဆင်ဖြူတော် ကိုတွေ့လို့ ရှေးကအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဆင်ဖြူတော်ရောက်ရှိပြီးနောက်ပိုင်းမှာ      ကောင်းတဲ့အဆင့် မရောက်သေးပေမယ့် ပြောင်းလဲမှုတွေဖြစ်လာတဲ့ သဘောကို တွေ့ရပါတယ်။  မြန်မာဘုရင်တွေယုံကြည်ခဲ့သလို   ကောင်းတဲ့ အတိတ်နိမိတ်တွေ ဖော်ဆောင်မှာပါ''ဟု ပြောကြားသည်။
ရာဇဂဟသိရီပစ္စယ ဂဇရာဇာဆင်ဖြူတော်-အထီး
ရန်ကုန်မြို့သို့ ပထမဆုံးစတင်ရောက်ရှိသော ဆင်ဖြူတော် ဖြစ်ပြီး   ၂ဝဝ၁ ခုနှစ်  နိုဝင်ဘာ ၁၅ ရက်တွင် ရောက်ရှိသော စွယ်စုံအထီးဖြစ်သည်။ ရှစ်နှစ်သားတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။အသက်(၂၅)နှစ်ရှိပြီဖြစ်ပြီး အရပ်အမြင့်မှာ ကိုးပေနှင့် လုံးပတ် မှာ ၁၃ ပေ ၇ လက်မဖြစ်သည်။ ကျောပြင်သည် ဆင်ဖြူတော်တို့ လက္ခဏာအတိုင်း   ငှက်ပျောကိုင်းပုံသ္ဌာန်ဖြစ်သည်။ စွယ်စုံ ဖြစ်သောကြောင့် ဘယ်ဘက်/ညာဘက်လုံးပတ်မှာ ၁၂ လက်မ၊ အလျားမှာ ၂ ပေ ၁၁ လက်မစီရှိပြီး တစ်နှစ်လျှင် အစွယ် လေး လက်မရှည်ထွက်သောကြောင့် ထိပ်ပိုင်းကို ဖြတ်ထားရသည်။နားရွက်ကြီးပြီး မျက်လုံးမှာ ပုလဲရောင်ဖြစ်သည်။ အမြီးအရှည် ၅ ပေ ၉   လက်မရှိပြီး  ဖြောင့်စင်းသွယ်တန်း၍ တံခါးပိတ် အမျိုးအစားဖြစ်သည်။ ရှေ့ခြေသည်းငါးခုစီနှင့် နောက်ခြေသည်း မှာ လေးခုစီဖြစ်သည်။ အသားအရေမှာ မိုးရာသီတွင် ပန်းရောင် သန်းသည့် အဖြူရောင်၊ ဆောင်းရာသီတွင် အုန်းခွံရောင်သန်း သည့် အဖြူရောင်ဖြစ်သည်။ အမွေးအမှင်မှာ အဖြူရောင်ဖြစ်ပြီး ဆင်ဖြူတော်အထီးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်     အထက်နန်းရာအုပ်စုမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သိင်္ဂီမာလာဆင်ဖြူတော်-အမ
ရန်ကုန်မြို့သို့   ဒုတိယရောက်ရှိသော ဆင်ဖြူတော်ဖြစ်ပြီး ၂ဝဝ၂ ခုနှစ် ဧပြီ ၅ ရက်  တွင်ရောက်ရှိ၍   ခြေထောက်တွင် ဒဏ်ရာပါရှိသောကြောင့်  လှော်ကားဥယျာဉ်တွင် တစ်လကုသ ပျောက်ကင်းခဲ့ရာ ဆင်ဖြူတော်ဥယျာဉ်သို့ မေလတွင် ရောက်ရှိ ခဲ့သည်။ဆင်ဖြူတော်၏အသက်မှာ (၄၁)နှစ်ဖြစ်ပြီး အရပ်မှာ ၇ ပေ ၉ လက်မခွဲရှိ၍ လုံးပတ်မှာ ၁၂ ပေရှိသည်။ ကျောပြင်မှာ ငှက်ပျောကိုင်းပုံသဏ္ဌာန်ဖြစ်ပြီး အစွယ်မှာသစ်ခွံထိုးအရွယ်   စွယ်စုံဖြစ်သည်။  နားရွက်မှာ   ကြီးမားကျယ်ပြန့်၍   ကြေးစည် ပုံသ္ဌာန်ရှိသည်။  ပုလဲရောင်တောက်ပသော  မျက်လုံးရှိကာ အမြီးအရှည်မှာ အလျား ၃ ပေ ၇ လက်မရှိသည်။ ခြေသည်းမှာ ရှေ့နောက် လေးခုစီပါရှိပြီး ခွာအိုးမှာပန်းနုရောင်ရှိသည်။ အသား အရေမှာ ပန်းနုရောင်ဖြစ်၍ ရေနှင့်ထိပါက ပို၍တောက်ပြောင် သော ပန်းနုရောင်သို့ ပြောင်းလဲသွားသည်။ အမွေးအမှင်မှာ အဖြူရောင်ရှိပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး   ချောင်းဖျားမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရတီမာလာဆင်ဖြူတော်-အမ
ရန်ကုန်မြို့သို့နောက်ဆုံးရောက်ရှိသော ဆင်ဖြူတော် ဖြစ်ပြီး  ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာ  ၆ ရက်တွင် ရောက်ရှိခဲ့သည်။အသက်မှာ(၂ဝ)ရှိ၍ အရပ်မှာ ၇ ပေ ၅ လက်မ အမြင့်ရှိကာ လုံးပတ်မှာ ၁ဝ ပေ ၈လက်မဖြစ်သည်။ ငှက်ပျောကိုင်းကျောကုန်း ပုံသ္ဌာန်ရှိပြီးအစွယ်မှာ     သစ်ခွံထိုးအရွယ်စွယ်စုံဖြစ်သည်။ ကြေးစည်ပုံနားရွက်ရှိ၍ မျက်လုံးမှာပုလဲရောင်တောက်ပလျက် အမြီးအရှည်မှာ အလျား ၄ ပေ ၄ လက်မရှိသည်။ ရှေ့ခြေသည်း ငါးစုံနှင့်   နောက်ခြေသည်းမှာ  လေးစုံရှိပြီး  အသားအရေမှာ ပန်းနုရောင်ဖြစ်သည်။ အမွေးအမှင်မှာ အဖြူရောင်ဖြစ်ကာ ရခိုင် ပြည်နယ် မောင်တောမြို့နယ် ကင်းချောင်းဖျားမှ တွေ့ရှိခဲ့ခြင်း  ဖြစ်သည်။
 ယခုအခါ   အင်းစိန်မြို့   ကျောက်တော်ကြီးဘုရားအနီး မင်းဓမ္မလမ်းမကြီးဘေးရှိ ရတနာဆင်ဖြူတော်ဥယျာဉ်တော်တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ပြသလျက်ရှိသည်။၂ဝ၁၁ ခုနှစ်တွင် တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ ကမ္ဘာအေး လှိုင်ဂူသို့ ပင့်ဆောင်ရာ၌ သိင်္ဂီမာလာဆင်ဖြူတော်မှာ မုခ်ဦးဝမှ ဦးခိုက်ကြိုဆိုကာ ပန်းရထားနောက်မှ လိုက်ပါပို့ဆောင်ကုသိုလ်ရ ယူခဲ့သော ဆင်ဖြူတော်ဖြစ်၍ မြန်မာပြည်အတွက် ဂုဏ်တင့်စေ  ခဲ့ပေသည်။

ဆင်ဖြူတော်ဟူသည်   ရှေးအစဉ်အဆက်ပညာရှိများက မျက်လုံးပုလဲရောင်၊ ခွာအဖြူရောင်၊ ငှက်ပျောကိုင်းသ္ဌာန် ကျောကုန်းနှင့် ကျွဲဖြူကဲ့သို့ အမွေးရောင်ရှိပြီး အမြှီးမှာ တံခါး ပိတ်ပုံဖြစ်သည်။ စွယ်စုံပါရှိရမည်ဖြစ်ပြီး သာမန်ဆင်များထက်နားရွက်ကြီးလေ့ရှိကြောင်း မိန့်ဆိုထားသည်။ ရှေးမြန်မာမင်း များ လက်ထက်တွင် မင်းကျင့်တရား(၁ဝ)ပါးနှင့်ညီညွတ် ပြည့်စုံ သောကာလများ၌ ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိပြီး ဆန် စပါး၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား ပေါကြွယ်ဝပြီး ဘေးဥပဒ် အန္တရာယ်ကင်းစင်ပပျောက်ကာ  နိုင်ငံအေးချမ်းသာယာလေ့   ရှိသည်ဟု ရှေးပညာရှိများ မိန့်ဆိုခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရှိရမည်ဖြစ်သည်။ ယခုလို မြန်မာပြည်တွင် ဆင်ဖြူတော် ပေါ်ထွန်းလာခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး တည်ငြိမ်အေးချမ်းသာယာပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်ပပျောက်မည့် အတိတ်ကောင်း၊ နိမိတ်ကောင်းများ သာဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး

No comments:

Post a Comment