Latest News

Monday, September 17, 2018

ယခုနှစ် ကျောက်ဆည်ရိုးရာဆင်ပြိုင်ပွဲကို ပြင်ပပညာရှင်များဖြင့် အကဲဖြတ်အမှတ်ပေးဆုံးဖြတ်သွားမည်

ယခုနှစ် ကျောက်ဆည်ရိုးရာဆင်ပြိုင်ပွဲကို ပြင်ပပညာရှင်များဖြင့် အကဲဖြတ်အမှတ်ပေးဆုံးဖြတ်သွားမည်

မန္တလေး  စက်တင်ဘာ  ၁၆

ယခုနှစ် ကျောက်ဆည်ရိုးရာဆင်ပြိုင်ပွဲ ကို ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေး မှူးကဦးစီး၍  သက်ဆိုင်ရာ  ပြင်ပ ပညာရှင်များဖြင့် အကဲဖြတ်အမှတ်ပေး အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်    အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က ပြောသည်။

ဦးစီးကျင်းပ

ယခင်နှစ်များက အဆိုပါဆင်ပြိုင်ပွဲ ကို ကျောက်ဆည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဦးစီးကာ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ ဖြင့် အကဲဖြတ်အမှတ်ပေးဆုံးဖြတ်ခဲ့ရာ ပြိုင်ပွဲတွင် အခက်အခဲများရှိလာခြင်း ကြောင့် ယခုနှစ်တွင် ခရိုင်အဆင့်က ဦးစီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနှစ်မှာတော့ ကျွန်တော်တို့ခရိုင်က ဦးစီးပြီးလုပ်မှာပါ။ ဆင်တွေပြိုင်ပွဲ ဝင်ဖို့အတွက်ကိုတော့ ပြိုင်ပွဲကျင်းပရေးကော်မတီကို ဆောင်ရွက်ခိုင်းထား တဲ့အတွက် ပြိုင်ပွဲကို သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။   ဒီနှစ်ပြိုင်ပွဲမှာ ဘာထူးခြားမလဲဆိုရင် ပြိုင်ပွဲကျင်းပရေးကော်မတီကို  ဌာနဆိုင်ရာတွေနဲ့ မဖွဲ့စည်းတော့ဘဲ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖတွေနဲ့ ပြင်ပက ကျွမ်းကျင်တဲ့ပညာရှင်တွေ ပူးပေါင်းပြီး ကျင်းပ သွားမှာပါ။ ဆင်အကပိုင်းမှာ ကျောက်ဆည်က ပညာရှင်တွေ၊ အတီးပိုင်းမှာ ပန်တျာကျောင်းက ပညာရှင်တွေက ဒိုင်အဖြစ်ပါဝင်ပြီး အကဲဖြတ်အမှတ် ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ¤င်းက ပြောသည်။

ယခုနှစ် ကျောက်ဆည်ရိုးရာဆင်ပြိုင်ပွဲတော်ကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တာဝန်ရှိသူများက စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်  လုပ်ဆောင် နေခြင်းကြောင့် ယခင်နှစ်များထက် ပိုမိုစည်ကားသော ပွဲတော်ဖြစ်မည့်အပြင် ဆင်ပြိုင်ပွဲတွင် ဆိုကရေးတီးအတတ်ပညာရှင်များ ပါဝင်အမှတ်ပေးဆုံးဖြတ်မည် ဖြစ်သောကြောင့် ယှဉ်ပြိုင်ကြမည့် ဆင်အဖွဲ့များက ယခုနှစ်၏ ဆင်ပြိုင်ပွဲ အပြောင်းအလဲကို    ကြိုဆိုမျှော်လင့်နေကြကြောင်း    ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်အဖွဲ့မှ ဦးစိုးရွှေက ပြောသည်။

''ဒီနှစ်ရဲ့   ဆင်ပြိုင်ပွဲအပြောင်းအလဲတွေကြောင့်   အရင်နှစ်တွေက ဆင်ပြိုင်ပွဲအဖွဲ့တွေ ၂ဝ နဲ့ ၃ဝ ကြားရှိခဲ့ပေမယ့်   ဒီနှစ်မှာ   ဒီထက်ပိုပြီး များလာမယ့်အပြင် ပွဲတော်ကလည်း  ပိုစည်ကားလာမယ်လို့ ယုံကြည်ပါတယ်'' ဟု ၄င်းက ပြောသည်။

ကျောက်ဆည်ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲတော်ကို ရွှေသာလျောင်း တောင်တော်တွင်  အနော်ရထာမင်းလက်ထက်မှစ၍ ရိုးရာဓလေ့တစ်ခုအသွင်ဖြင့်  နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment