Latest News

Monday, September 17, 2018

ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း ဟောင်ကောင်ကိုဖြတ်သန်း

ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းထန်စွာတိုက်ခတ်ခဲ့သော
စူပါတိုင်ဖွန်းမုန်တိုင်း ဟောင်ကောင်ကိုဖြတ်သန်း

တူဂွဲဂါရောင်း စက်တင်ဘာ ၁၆

ဖိလစ်ပိုင်နိုင်ငံ၌ လူပေါင်း ၃ဝ ထက်မနည်း သေဆုံးမှုကို ဖြစ်ပေါ်စေသည်အထိ မွှေနှောက်   တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်းသည်  တရုတ်နိုင်ငံ၏ ကုန်းမကြီးတည်ရှိရာဘက်သို့ ဦးတည်ရွေ့လျားစဉ်အတွင်း ဟောင်ကောင် ကျွန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း ဒေသဆိုင်ရာ   သတင်းဌာနများက စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

'မန်းကွတ်'ဟု အမည်ပေးထားသော  တိုင်ဖွန်းမုန်တိုင်းသည် ယခုနှစ် အတွင်း ကမ္ဘာ့အကြီးဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ထားပြီး ဖိလစ်ပိုင်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်ရာဒေသကို ဖျက်ဆီးပစ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ အဓိကကျွန်းကြီးဖြစ်သော လူဇုန်ကျွန်း၌ မုန်တိုင်းတိုက်ခတ်မှုကို   အလူးအလဲ   ခံစားခဲ့ကြရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုများဖြစ်လာခဲ့ပြီး  သစ်ပင်များ အမြစ်မှ ပြုတ်ထွက်ခြင်းနှင့် မြေပြိုမှုဖြစ်စဉ် ဒါဇင်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည်။

တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သော   ဟောင်ကောင်တွင် မိုးလေဝသအာဏာပိုင်များက ပြည်သူများအား   အမြင့်ဆုံးအဆင့် သတိပေး ချက် ထုတ်ပြန်ပေးခဲ့သည်။

ဟောင်ကောင်ကျွန်းကို မုန်တိုင်းဖြတ်ကျော်စဉ် တစ်နာရီလျှင် ၂၃၂ ကီလိုမီတာ(၁၄၅မိုင်)နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့သည်။

ဟောင်ကောင်ကျွန်း၏ တောင်ပိုင်းဒေသသည် မုန်တိုင်းဒဏ်ကို အပြင်း အထန် ခံစားခဲ့ရပြီး သစ်ပင်များလဲပြိုခြင်း၊ မိုးမျှော်တိုက်တာ အဆောက် အအုံများ၏ မှန်ပြတင်းအချို့  ပြိုကွဲခြင်းတို့ ရှိခဲ့ကြောင်း၊ မိုးမြင့်တိုက်အချို့မှာ တုန်ခါမှုကိုပင် တွေ့ကြုံရပြီး လမ်းများပိတ်ဆို့သွားခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်းကြောင့်   ထိခိုက်ပျက်စီးရမှု  အခြေအနေကို တာဝန်ရှိသူများက တွက်ချက်နေဆဲဖြစ်သည်။  လူဇုန်ကျွန်းမြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၃ဝ ထက်မနည်း သေဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ဘက်ဂါအိုမြို့၌ နေအိမ်များ ပြိုလဲခြင်း၊ အိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပြိုလဲခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှု များကြောင့် လမ်းပန်းဆက်သွယ်ရေး   ပြတ်တောက်ခဲ့ရပြီး  ဒေသအချို့မှာ ယခုထက်တိုင် ရေကြီးရေလျှံမှုကို တွေ့ကြုံခံစားနေရဆဲဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်စပါးနှင့် ပြောင်းဖူးအဓိက ထုတ်လုပ်ရာ လူဇုန်ကျွန်း မြောက်ပိုင်းဒေသတွင် ရေလွှမ်းမှုဖြစ်ပေါ်ခဲ့ပြီး ရိတ်သိမ်းရတော့မည့်အချိန် တစ်လမျှပင် မရှိတော့ချိန်တွင် စိုက်ခင်းများ ရေနစ်မြုပ်ခဲ့ရသည်။

Mirror

No comments:

Post a Comment