Latest News

Saturday, September 29, 2018

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တရုတ်နိုင်ငံသို့ အောက်တိုဘာလအတွင်း အလည်အပတ်သွားမည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တရုတ်နိုင်ငံသို့
အောက်တိုဘာလအတွင်း အလည်အပတ်သွားမည်

ကျိုတို    စက်တင်ဘာ    ၂၈

ဂျပန်နှင့် တရုတ်အစိုးရအဖွဲ့တာဝန်ရှိသူများက လာမည့်အောက်တိုဘာလ အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက် ပြီး ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့သည် စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် ၌ တွေ့ဆုံခဲ့ပြီး  အဆိုပါတွေ့ဆုံမှုသည် ယခုနှစ်အတွင်း လေးကြိမ်မြောက် ဖြစ်သည်။

တရုတ်နှင့် ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကို အနာဂတ်အကျိုးမျှော်မှန်းပြီး ထိန်းကျောင်းကျင့်သုံးသွားရန် လိုအပ်သည်ဟု ဝမ်ယီက ဆိုသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တာရိုကိုနိုက ဝမ်ယီအား ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း အဆင်ပြေ ချောမွေ့စေရေးအပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၏ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် ရလဒ်ကောင်းများထွက်ပေါ်စေရန် ကြိုးပမ်း ကြမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။

ထို့ပြင်  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက မြောက်ကိုရီးယားအရေး ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်စေရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက  ချမှတ်ထားသည့်  စီးပွားရေးပိတ်ဆို့မှုများကို အပြည့်အဝလိုက်နာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း  ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ သယ်ဆောင်မည့် ကုန်ပစ္စည်းများကို သင်္ဘောတစ်စင်းမှ  အခြားသင်္ဘောတစ်စင်းသို့  ပြောင်းလဲသယ်ယူသည့် လုပ်ဆောင်ချက်များအား  တရုတ်နိုင်ငံရေပိုင်နက်အတွင်း  တားမြစ်ပိတ်ပင်ရန် တရုတ်နိုင်ငံအနေဖြင့်  ပူးပေါင်းဆောင်ရွက်စေလိုကြောင်း တာရိုကိုနိုက ဝမ်ယီအား ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့်လည်း အဆိုပါလုပ်ရပ်များကို တားမြစ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာရိုကိုနိုက ဆိုသည်။

Mirror

No comments:

Post a Comment