Latest News

Monday, August 6, 2018

ငဝန်ရေကာတာ ယခုနှစ်မိုးရာသီအမီ ပြုပြင်ပြီးစီး၍ ကြံ့ခိုင်မှုအပြည့်ရှိ

ငဝန်ရေကာတာ ယခုနှစ်မိုးရာသီအမီ ပြုပြင်ပြီးစီး၍ ကြံ့ခိုင်မှုအပြည့်ရှိ

ငဝန်ရေဘေးကာကွယ်ရေးတာသည် ၇၃ မိုင် ၇ ဖာလုံရှည်လျားပြီး   ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ညောင်ကျိုးရွာမှ  သာပေါင်းမြို့နယ်ထိ  ရှည်လျားသည်။ ထိုငဝန်ရေကာတာကြီးသည် ၁၉၈၈ ခုနှစ် မိုးရာသီတွင် လေးမျက်နှာမြို့နယ်  ထိန်ငူအပိုင်းတွင် ကျိုးပေါက်ခဲ့၍  လယ်ဧကသိန်းချီ ဆုံးရှုံးခဲ့ဖူးသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် အပိုင်းလိုက်ခွဲ၍  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။

ငဝန်တာသည် ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်အတွင်း  ဟင်္သာတမြို့နယ် နှင့် လေးမျက်နှာမြို့နယ် ၊ပုသိမ်ခရိုင်အတွင်း ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့ အတွင်း တည်ရှိသည်။ အဆိုပါ ငဝန်တာမှာ  ဧရာဝတီမြစ် အနောက်ဘက်ကမ်းတာနှင့် ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအနီးမှ ခွဲထွက်ပြီး တာမိုင် ၂/ဝ မှ စ၍  ၇၅/၇ အထိ အလျား ၇၃ မိုင် ၇ ဖာလုံရှည်လျားသည်။

ရေဘေးကာကွယ်ရေးအနေဖြင့် ရေကြည်မြို့နယ်အတွင်း စိုက်ပျိုးမြေ ဧက ၉၈ဝဝဝ ကျော်ရှိပြီး  ကျုံပျော်၊ ကျောင်းကုန်းနှင့် သာပေါင်းမြို့နယ်များအပါအဝင် ပုသိမ်ခရိုင် အနေဖြင့် စိုက်ပျိုးမြေဧကပေါင်း ၂ဝဝဝဝဝ ကျော်ကို ရေဘေးမှကာကွယ်ပေးထား ခြင်းဖြစ်သည်။ ထို့အပြင် လေးမျက်နှာမြို့နယ်တွင် ရေဘေးကာကွယ်ရေး စိုက်ပျိုးမြေ  ဧရိယာ ၃၆၃၃၅ ဧက ဖြစ်ကြောင်း သိရသည်။ စုစုပေါင်းစိုက်ပျိုးမြေ သုံးသိန်းကျော်နှင့် မြို့ ရွာများကို ရေဘေးကာကွယ်ပေးလျက်ရှိသည်။

၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်များ၌ ငဝန်မြစ်ရေကြီးမှုကို နှစ်နှစ်ဆက်တိုက် ခံစားခဲ့ရ၍ ပြုပြင်ထိန်းသိမ်းရန် အထူးလိုအပ်လျက်ရှိခဲ့သည်။ မိုးရာသီ မြစ်ရေကြီး စဉ်ကာလအတွင်း တာတမံ အားနည်းသောနေရာများတွင်  တာတမံပေါ် ရေကျော်ခြင်း မဖြစ်ပေါ်စေရန် သဲအိတ်များဖြင့် တာထိပ်ဆင့်ခြင်း၊ တာလုံးပုံစံ မပြည့်မီသောနေရာ များတွင်  သဲအိတ်များဖြင့်  တာခြေထောက်ခြင်းများဖြင့် အရေးပေါ်ကာကွယ်ပေးခဲ့ ရသည်။

ငဝန်တာကြီးအား ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ်တွင်း တိုင်းဒေသကြီးရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတို့ဖြင့်   အပိုင်းလိုက်ပြုပြင်ခြင်းလုပ်ငန်းကို   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ငဝန်တာပြုပြင်မှုလုပ်ငန်းများကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ခဲ့ရာ ဇလွန်မြို့နယ်တွင်   ဟင်္သာတ တာမိုင် ၁၅/၅ မှ  ၃၃/ဝ အတွင်း ဟင်္သာတမြို့ နယ်အစပ်  ရေလဲကျေးရွာမှ  ဇလွန်မြို့နယ်   ကြာအင်းအုပ်စုအတွင်း    ပြုပြင်ခြင်း ဖြစ်သည်။ ထိုအထဲ၌  တာမိုင် ၁၇/၄ မှ ၁၈/၄ အတွင်း ဧရာဝတီမြစ်ခွဲငယ်၏ ရေတိုက်စားမှု၊ ဧရာဝတီမြစ်ကြောင်း  ပြောင်းလဲမှု၊    နှစ်စဉ်မြစ်ကမ်းပါးပြိုမှုများ ကြောင့်  သဲအိတ်များ ဆင့်ခြင်း၊ သဲဖြည့်တုတ်တန်းပြုလုပ်ခြင်း၊ တာလုံးရွှေ့ပြောင်းခြင်းဖြင့်  မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်းကို ၂ဝ၁၆ ခုနှစ် မိုးရာသီတွင် လုပ်ဆောင်ခဲ့ရခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ပွင့်လင်းရာသီ၌  ပြုပြင်ခဲ့ရာ ယခုအခါ လုပ်ငန်းများပြီးစီးခဲ့ပြီဖြစ်၍ ကြံ့ခိုင်မှုအပြည့်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့အတူ လေးမျက်နှာမြို့နယ် ငဝန်တာ၏ တာမိုင် ၁၉/၃ နှင့် ၁၉/၇ အတွင်း အလျားပေ ၁ဝဝဝ ထိန်ငူတာ ထိပ်ဆင့်ခြင်းလုပ်ငန်း ၊ တာမိုင် ၃၇/၅ မှ ၃၈/ဝ အတွင်း သောင်းဘုတ်ကျေးရွာအုပ်စုတွင် အလျားပေ ၁၉၈ဝ ၌ တာထိပ်ဆင့်ခြင်းနှင့် တာခြေကန်ခြင်းလုပ်ငန်း ၊ အလားတူ လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၃၂/၁ မှ ၃၂/၂ အတွင်း အလျားပေ ၁၁ဝဝ အား ပန်းတာတည်ဆောက်ခြင်းနှင့် မြစ်ကမ်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများထဲမှ တာမိုင် ၃၂/၁ တွင် ရေလွှဲတန်း တည်ဆောက်ခြင်း၊ တာမိုင် ၃၂/၂ တွင် ရေလွဲတန်း  Impervious Groyne (sand Filled Polyfelt bag) တည်ဆောက်ခြင်း၊ တာမိုင် ၃၂/၁ နှင့် ၃၂/၂ + ၅၂ဝ အတွင်း အခြေထိန်းတန်း တည်ဆောက်ခြင်း၊  ကွန်ကရစ် ဆူးတိုင်များ ချခြင်း၊ မြစ်ကမ်းအလျှောဖြစ်ခြင်းနှင့် Vetiver Grassစိုက်ခြင်းလုပ်ငန်းများကို အပိုင်းလိုက်ခွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ် ဘုတ်ချောင်းကျေးရွာမှ ကညင်ငူကျေးရွာအထိ ငဝန်တာမိုင် ၃၉/ဝ မှ  ၅၅/ဝ အတွင်း ၂ဝ၁၅ခုနှစ် နှင့် ၂ဝ၁၆ ခုနှစ်များတွင် ငဝန်မြစ်ရေ နှစ်နှစ်ဆက် တိုက် ထူးခြားစွာမြင့်တက်မှုကြောင့် ငဝန်တာတစ်လျှောက် မြစ်ရေကြီးမှုဒဏ်ကို ဆက်တိုက်ခံစားခဲ့ရသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မိုးမကျမီအပြီး အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ပြီးစီးနေပြီဖြစ်၍ တာမှာ ကြံ့ခိုင်မှုအပြည့်ရှိကြောင်း သိရသည်။

ငဝန်တာမိုင် ၃၉/ဝ မှ ၄၆/၆အတွင်းနှင့် တာမိုင် ၄၈/ဝ မှ ၅၅/ဝ အတွင်း၌ မြေသားဖြင့် တာခြေကန်တာမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရသော်လည်း တာမိုင် ၄၆/၆ မှ ၄၇/၃+၅ဝဝ ပေ အတွင်းဖြစ်သော ငါးသိုင်းချောင်းမြို့တွင်းပိုင်းတွင် ကုန်းဘက်ခြမ်း  တာခြေတွင်  ကွန်ကရစ်မြေထိန်းနံရံ ၊   မြစ်ဘက်ခြမ်းတာခြေတွင် အုတ်စီမြေထိန်းနံရံတို့တည်ဆောက်ပြီး မြေသားဖြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရ သည်။ မြေသားဖြင့် တာပြုပြင်ခြင်းလုပ်ငန်းတွင် တာထိပ်ဝ အကျယ် ၁၂ ပေ၊ တာခြေ ထောက်ခြင်း အကျယ် ၁၂ ပေ၊ တာထိပ်ပေါ်တွင် နှစ်ပေမှ သုံးပေအထိ ထပ်မံမြှင့် တင်ခြင်း၊ တာခြေထောက်ပျမ်းမျှအမြင့် ၈ ပေမှ ၁၁ ပေခန့်အထိ ဆောင်ရွက်ရ ကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့တွင်းပိုင်း   လုပ်ငန်းလုပ်ကိုင်ရာတွင်    ခက်ခဲသော်လည်း  သတ်မှတ်အချိန်ကာလအတွင်း လုပ်ငန်း များ    အောင်မြင်ပြီးမြောက်စေရန်အတွက် စက်ယ္တရားအင်အား၊   လူအင်အား၊ ပစ္စည်းပံ့ပိုးမှု အင်အားများဖြည့်ဆည်းကာ   ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာနမှဝန်ထမ်းများက အနီးကပ် ကြီးကြပ်စီမံဆောင်ရွက်ခဲ့ရာ ယခုအခါ ရေတားတမံမှာ    ကြံ့ခိုင်မှုအပြည့်ရှိ ကြောင်း သိရသည်။၂ဝ၁၇-၂ဝ၁၈ခုနှစ် တွင် ငဝန်တာမိုင်အရှည် ၇၃ မိုင် ၇ ဖာလုံ ကို အပိုင်းလိုက်ခွဲ ပြုပြင်ခြင်းကြောင့် ယခု အခါ စံချိန်မီ ခိုင်ခံ့သွားပြီဖြစ်၍ ငဝန်ရေ တာတမံအတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။

သန်းဦး (လေးမျက်နှာ)

No comments:

Post a Comment