ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)၊ အပြည်ပြည်ဆိုင်ရာရိုးရာလက်ဝှေ့အဖွဲ့ချုပ်(ဥရောပ)နှင့် မြန်မာမီဒီယာဂရု(ပ်)တို့ ပူးပေါင်းစီစဉ်မည့် တတိယအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို လာမည့်သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံ၌ ကျင်းပတော့မည်ဖြစ်သည်။ ပြီးခဲ့သော၂ဝ၁၆ ခုနှစ်မှစတင်ကာ နှစ်စဉ်သြဂုတ်လတိုင်းကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲသည် တတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။ မြန်မာ၊ ကနေဒါ၊ ထိုင်း၊ ဒီအာရ်ကွန်ဂို၊ ဂျပန်နှင့် ဘီလာရုစ်နိုင်ငံများမှ လက်ဝှေ့ကစားသမား ၁၄ ဦးပါဝင်ကာ တွဲဆိုင်းခုနစ်ဆိုင်း ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။ ပွဲစီစဉ်သူသည် နှစ်စဉ်ကမ္ဘာ့တိုက်ကြီးများမှ လက်ဝှေ့သမားအစုံအလင် ထည့်သွင်းကျင်းပခဲ့ရာ ပထမအကြိမ်တွင် ရုရှား၊ ကာဂျစ္စတန်၊ လာအို၊ အီရန်၊ကနေဒါ၊ ဂျပန်၊ ကင်ညာ၊ ထိုင်းတို့မှ လက်ဝှေ့ကျော်များ၊ ဒုတိယအကြိမ်တွင် ကနေဒါ၊ အီရန်၊ ပြင်သစ်၊ ဘရာဇီး၊ ကော်စတာရီကာ၊ အမေရိကန်၊ နယူးဇီလန်နိုင်ငံတို့မှ လက်ဝှေ့ကျော်များ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
ယခုတတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းများတွင် ပြည်သူကြိုက် နာမည်ကြီး လက်ဝှေ့သမား အများစုတို့ ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်းခုနစ်ဆိုင်းစလုံးသည် အသည်းမာဇွဲပါလှ သော လက်ဝှေ့တွဲဆိုင်းများသာဖြစ်သည်ကို တွေ့ရသည်။ အထူးသဖြင့် တစ်ကျော့ပြန် မြန်မာ လက်ဝှေ့ကျော်ထွန်းထွန်းမင်းအတွက် ၂ဝ၁၆ ခုနှစ်က ဂျပန်တွင်ကျင်းပခဲ့သော ဂမ်လျူဂျီးမားကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော ကွန်ဂိုနိုင်ငံသားဂျူဒိုချန်ပီယံနှင့် MMA ကစား သမား ဒါရီလိုကုကုကို ယခုပွဲတွင် အနိုင်ရရှိရန် မှာ အလွန်အရေးကြီးပြီး အမှားမခံသော ပွဲ ဖြစ်သည်။ ဒါရီလိုကုကုသည် ဂျပန်တွင် မြန်မာ့ ရိုးရာလက်ဝှေ့ပွဲနှစ်ပွဲ ထိုးသတ်ထားရာနှစ်ပွဲလုံး အလဲထိုးဖြင့် အနိုင်ရထားသလို၂ဝ၁၆မှ၂ဝ၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်သည့် MMA ပွဲခြောက်ပွဲ လုံးကို အနိုင်ရထားသူဖြစ်သည်။ ထွန်းထွန်းမင်း သည် ယခုပွဲကို အနိုင်ရရှိပါက ဒီဇင်ဘာတွင် ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဒေဗ့်ကို ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ မြန်မာပြည်ချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်း ပြန် လည်သိမ်းပိုက်ရေးမှာလည်း မြန်မာ့ရိုးရာ လက်ဝှေ့ချစ်သူတို့ စိတ်ဝင်စားစွာ စောင့်ကြည့် နေကြသည်ဖြစ်ရာ ထွန်းထွန်းမင်းအတွက် ယခုပွဲ သည် အောင်မြေနင်းမည့်ပွဲဖြစ်ရန် လိုပေသည်။ ဒါရီလိုကုကုသည် ပွဲတိုင်းကို တိုက်စစ်ဖွင့်ကစား တတ်ပြီး အရှုံး/အနိုင်ကို ခေါင်းတွင် မထည့်သော ကစားသမားဖြစ်သဖြင့် သူတို့နှစ်ဦး၏ ပွဲသည် ရိုးရာလက်ဝှေ့ချစ်ပြည်သူများ ကြည့်ကောင်း မည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။
အလားတူ မြန်မာချန်ပီယံဘွဲ့ကို လက်ရှိသိမ်း ပိုက်ထားသော ကနေဒါနိုင်ငံသား ဒေဗ့်ကလည်း မြန်မာအမည်ဒေဝဟုခံယူပြီး မြန်မာ့ရိုးရာချန်ပီယံ ဘွဲ့ကို မွေထိုင်းလက်ဝှေ့သမားထံမရောက်ရန် ကာကွယ်ထိုးသတ်ရမည်ဖြစ်သည်။ ဒေဝနှင့် ယှဉ် ပြိုင်ထိုးသတ်မည့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ ကျော် ဒီစဲလက်ခ်မှာ ထွန်းထွန်းမင်းနှင့် ဆန်ချိုင်း တို့ကို အနိုင်ယူထိုးသတ်ဖူးသော ယူဆွတ်ကို အလဲထိုးထားသူဖြစ်သည်။ ကမ္ဘာပတ်ပြီး လက်ဝှေ့နည်းမျိုးစုံကို လိုက်လံထိုးသတ်နေသူ ဖြစ်သဖြင့် သမ္ဘာရင့်လက်ဝှေ့သမားကောင်း တစ်ဦးဖြစ်သည်။ သူ၏အားနည်းချက်မှာ ဗလာ လက်သီးမထိုးဖူးခြင်းနှင့် ခေါင်းတိုက်သည့် အတွေ့အကြုံမရှိခြင်းဖြစ်သည်။ သို့သော်မွေထိုင်း အဖွဲ့ချုပ်၏ ၇ဝကီလိုတန်း ကမ္ဘာ့အကောင်းဆုံး မွေထိုင်းခါးပတ်ဆုရရှိထားသူဖြစ်ရာ ဒေ့ဗ် အတွက် ယခုပွဲမှာ ပွဲချောင်သည်ဟု မဆိုနိုင်ပေ။
ယခုပြိုင်ပွဲတွင် မြန်မာချင်းထိုးသတ်သောပွဲ တစ်ပွဲပါလာရာ ယခင်နှစ်က ၆၈ ကီလိုတန်း ကမ္ဘာ့ ချန်ပီယံဖျံသွေးနှင့် ၇ဝ ကီလိုတန်း ကမ္ဘာ့ချန်ပီယံ စောဂေါ်မူဒိုတို့ ပွဲပင်ဖြစ်သည်။ သူတို့နှစ်ဦး တွေ့ဆုံသည့်သမိုင်းတစ်လျှောက်တွင် သုံးကြိမ် သရေကျထားပြီး ဖျံသွေးကအလဲထိုးဖြင့် တစ်ကြိမ် နိုင်ဖူးသည်။ ယခုပွဲကို ရိုးရာလက်ဝှေ့ချစ်ပြည်သူ အများစုက သရေဟုမှန်းဆထားသော်လည်း ပွဲဝေးနေသည့်ဖျံသွေးနှင့် ယခုနှစ်အတွင်း ထိုးပွဲ များနေသော စောဂေါ်မူဒိုတွဲဆိုင်းမှာ တစ်ဖက် နှင့်တစ်ဖက် အမှားမခံသည့် တွဲဆိုင်းဖြစ်သည်။ ၆၅ ကီလိုတန်းတွင်လက်ရှိ ချန်ပီယံထွန်းလွင်မိုး နှင့် ထိုင်းနိုင်ငံမှ မီဘွန် (ခါရာတီဆာရီတီဒတ်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ အသက် ၂ဝ နှစ်သာရှိသေးသော ထွန်းလွင်မိုးသည် မြန်မာ မီဒီယာဂရု(ပ်)၏ မျိုးဆက်သစ်ပြိုင်ပွဲများမှ ထွက် ပေါ်လာသော ကစားသမားဖြစ်ပြီး မြန်မာမီဒီယာ ဂရု(ပ်)၏ ပြည်တွင်းပြည်ပပွဲများကို ထိုးသတ်ရင်း အတွေ့အကြုံများစွာ ရင့်ကျက်နေသူဖြစ်သည်။ သူနှင့်ယှဉ်ပြိုင်မည့် မီဘွန်သည်လည်း ထွန်းလွင် မိုးနှင့် သက်တူရွယ်တူဖြစ်ကာ ကမ္ဘာ့ပရော်ဖက် ရှင်နယ် မွေထိုင်းအဖွဲ့ချုပ်၏ ကမ္ဘာ့တိုက်ကြီး များ ရွှေခါးပတ်ရှင်ဖြစ်သည်။ ပွဲပေါင်း ၆၅ ပွဲထိုး သတ်ပြီး ပွဲ ၅ဝ နိုင်ထားသဖြင့် အတွေ့ အကြုံရင့် မွေထိုင်းကစားသမားဖြစ်သည်။
၅၇ ကီလိုတန်းတွင် ယှဉ်ပြိုင်မည့် ရဲသွေးနီ နှင့် ဂျပန်မှဟာမာမိုတိုယူတာကက်တို့၏ ပွဲသည် လည်း ပွဲကြမ်းတစ်ပွဲပင်ဖြစ်သည်။ ရဲသွေးနီက သူ၏ပါဝါလက်သီးတွဲလုံးများဖြင့် ပွဲတိုင်းနီးပါး အလဲထိုး အနိုင်ယူခဲ့သူဖြစ်သည်။ ပြိုင်ဘက် တာမာမိုတိုယူတာကက်မှာလည်း ကမ္ဘာ့ ပရော်ဖက်ရှင်နယ် မွေထိုင်းအဖွဲ့ချုပ်၏ ၅၇ ကီလိုတန်း ဂျပန်မွေထိုင်းချန်ပီယံခါးပတ်အပြင်အပြည်ပြည်ဆိုင်ရာရိုးရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်) ၏ ၅၇ ကီလိုတန်း ရွှေခါးပတ်ပိုင်ရှင်ဘွဲ့ကို၂ဝ၁၇ခုနှစ်အတွင်း သိမ်းပိုက်ထားသူဖြစ်သည်။
၇၃ ကီလိုတန်းတွင် မြန်မာ့လက်ဝှေ့ကျော် ရွှေရာမာဉ်နှင့် ထိုးသတ်မည့်သူမှာရိုးရာလက်ဝှေ့ ပွဲအစတွင် တာထွက်မလှသော်လည်း ဇွဲကောင်း အသည်းကောင်းကောင်းဖြင့် အရှုံးမှ သရေ၊ သရေမှ အနိုင်သို့ တက်လှမ်းကာ အပြည်ပြည် ဆိုင်ရာ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(ဂျပန်)၏ချန်ပီယံ ဖလားကိုသိမ်းပိုက်ထားသော ဂျူဂျစ်ဆုနှင့် ကရာတေးပညာရှင်MMA ကစားသမား တိုခဲရှီ ပင်ဖြစ်သည်။ ဂျပန်ပွဲစဉ်(၈) ဆာမူရိုင်းတွင်မူ တိုခဲရှီသည် ဆာမူရိုင်းစိတ်ဓာတ်ကိုပြသခဲ့ပြီး စောဂေါ်မူဒိုကို ဒုတိယအချီတွင် အနားတောင်း စေကာ စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့ သည်။ မြန်မာလက်ဝှေ့ကျော်ရွှေရာမာဉ်သည် လည်း၂ဝ၁၇ နှင့် ၂ဝ၁၈ တစ်လျှောက်တွင် ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်၌ ထိုင်းလက်ဝှေ့ကျော် များကို အလဲထိုးဖြင့် လက်စွာနေသူဖြစ်သည်။ ယခုပွဲသည် ရွှေရာမာဉ်အတွက် ပထမတန်းသို့ တက်လှမ်းရန် အရေးကြီးသောပွဲဖြစ်သလို တိုခဲရှီအတွက်လည်း အပြည်ပြည်ဆိုင်ရာရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (ဂျပန်) ၏ ချန်ပီယံအဖြစ် အစွယ်ချွန်၍ နယ်ကျွံလာသူဖြစ်ရာ မည်သူ အလဲထိုးဖြင့် အနိုင်ရမည်ကို ပရိသတ်များ စိတ်ဝင်စားလျက်ရှိသည်။
မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် ကမ္ဘာ့ကစ်ဘောက်ဆင်နှင့် ကရာတေးယူနီယံ၏ရွှေခါးပတ်ရှင်ဘီလာရုစ် နိုင်ငံသူ အယ်လီနာမစ် ချပ်နှင့် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ နှစ်ဦးစလုံး လက်သီးအားပြုကစားသမားများ ဖြစ်ကြသည့် အတွက် အပြန်အလှန်ထိုးသတ်ရင်း မှားသူခံရမည့်ပွဲ ဖြစ်သည်။
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ''ဒီပြိုင်ပွဲဟာ မြန်မာ့ရိုးရာ လက်ဝှေ့ရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။ နှစ် စဉ် ဝင်ရောက်ယှဉ်ပြိုင်သူတွေလည်း ထိတ်ထိတ် ကြဲတွေပါ။ ဒီနှစ်ထိုင်းက လာရောက်ယှဉ်ပြိုင် မယ့် ကစားသမားနှစ်ဦးဆိုရင် ထိုင်းဖိုက်ပွဲစီစဉ် သူတွေကိုယ်တိုင်ရွေးချယ်ပြီး စေလွှတ်တာဖြစ် တယ်။ ပွဲစဉ်အားလုံးမှာ ကြားပွဲမပါဘဲ အတွေ့ အကြုံရင့် ကစားသမားတွေချည်းစီစဉ်တာဖြစ်လို့ ဒီနှစ်အတွင်းမှာတော့ အကောင်းဆုံးပြိုင်ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲဟာ ထွန်းထွန်းမင်းအတွက် ရော၊ ဒေ့ဗ်အတွက်ပါ အရေးကြီးတယ်။ ဒီပွဲမှာ သူတို့ နှစ်ဦးလုံးမရှုံးမှ ဒီဇင်ဘာမှာ ကျင်းပမယ့် ပွဲမှာ သူတို့နှစ်ဦး မြန်မာပြည်ချန်ပီယံလုရမှာဖြစ် တယ်။ ရွှေရာမာဉ်ဆိုရင်လည်း ပထမတန်း ကစားသမားတစ်ယောက်ဆိုတဲ့ တန်းတစ်ခု ပိုင်ဖို့ ဒီပွဲဟာ သူ့အတွက် အဆုံးအဖြတ်ပါ။ ဒါ ကြောင့် အဖွဲ့ချုပ်ကလည်း သူ့ကို အနီးကပ်ကြီး ကြပ်ပေးနေပါတယ်''ဟု ပြောကြားသည်။
ပွဲကိုဦးဆောင်စီစဉ်သူ မြန်မာမီဒီယာဂရု(ပ်)မှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက ''ဒီပွဲကနေ အကျိုးအမြတ်ရယူဖို့ မရည်ရွယ်ဘူးဆိုတာ တွဲ ထားတဲ့ တွဲဆိုင်းတွေကြည့်ရင် ရိုးရာလက်ဝှေ့ချစ် ပြည်သူတွေ သိပါတယ်။ ပထမစီစဉ်ထားတဲ့ တွဲ ဆိုင်းတွေက ထိုးသတ်ကြေးငွေကျပ် ၅၇၈ သိန်း ပါ။ ဒါပေမယ့် ကျွန်တော်က ပွဲလောဘကြီးတော့ မကြေညာသေးဘဲ ပွဲတွေကောင်းသထက်ကောင်း အောင် ထပ်တွဲလိုက်တာ အခုဆိုထိုးသတ်ကြေး တင် ငွေကျပ် ၇၃၅ သိန်းဖြစ်သွားတယ်။ ဒီပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကျော်တွေ အကုန်ပါတဲ့ All Inclusive Myanmar Fightersလို့ တောင် ပြောလို့ရပါတယ်။ ဆယ်စုနှစ်အတွင်းမှာ မြန်မာနာမည်ကြီး တွဲဆိုင်းတွေချည်းတွဲထား တဲ့ပွဲဖြစ်ပါတယ်။ တစ်ယောက်ကတော့ ပွဲတစ်ပွဲနဲ့ ကပ်နေလို့ မပါတာဖြစ်ပြီး ကျန်နှစ်ဦးကတော့ အဆင်သင့်မဖြစ်လို့ ငြင်းသွားတာပါ။ ကျွန်တော် တို့က အားလုံးကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်၊ကျွန်တော့်အနေနဲ့ အသီးမြင်မှ ငွေပေးပြီး ဝယ် စားတဲ့သူ မဟုတ်ပါဘူး။ အသီးရဖို့ အပင်ကစပြီး စိုက်တဲ့သူပါ။ ဂျပန်ပွဲတွေဆို အမြဲတမ်းမျိုးဆက်သစ်တွေကိုခေါ်သွားပြီး ပြည်ပပွဲအတွေ့အကြုံ ရအောင် စီစဉ်ပေးပါတယ်၊ ကျွန်တော့်ရဲ့ ၂ဝ၁၅ နဲ့ ၂ဝ၁၆ မျိုးဆက်သစ်ပွဲတွေက မွေးထုတ်ပေးခဲ့ တဲ့ ထွန်းလွင်မိုးတို့လို တန်းဝင်လက်ဝှေ့သမား တွေအများကြီးရှိပါတယ်။ ခုနောက်ပိုင်း လက်ဝှေ့ ပွဲတွေ စီစဉ်တဲ့အခါမှာ တိုင်းပြည်စီးပွားရေး မကောင်းတော့ လက်ဝှေ့ပွဲအတွက် စပွန်ဆာ ပေးနေကျလုပ်ငန်းရှင်တွေ ဖုန်းတောင်မကိုင် ကြဘူး။ ကိုင်ပြန်ရင်လည်း ဘာလို့ဒီအချိန်မျိုးမှာဒီလိုပွဲလုပ်ရတာလဲလို့ အပြစ်တင်ကြတယ်။ကျွန်တော်တို့ဒီလိုမှမလုပ်ရင် ပြည်ပကအင်အား ကြီး ကိုယ်ခံပညာအားကစားတွေ ဝင်ရောက် ထိုးဖောက်လို့ ရိုးရာလက်ဝှေ့ဆိုတာ ပုဂံက နံရံ ဆေးရေးပေါ်မှာ မှိန်မှိန်ပဲကျန်ခဲ့တော့မှာပါ''ဟု ပြောသည်။
ပရိသတ်များ မျှော်လင့်စောင့်စားနေသော တတိယအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲကြီးကား မကြာမီ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်ဖြစ်သည်။ အဆိုပါ ပွဲ အတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၁၈ ရက် နံနက် ကစားသမားများ ဆေးစစ်ဝိတ်ချိန် အပြီးတွင် ကျင်းပသွားမည်ဟုသိရပြီး မြန်မာမီဒီ ယာဂရု (ပ်) ၏ ထုံးစံအတိုင်း ထည်ဝါခံ့ညားစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသော အငွေ့အသက်များဖြင့် ကျင်းပသွားမည်ဖြစ်ရာ ရိုးရာလက်ဝှေ့ကြိုက် ပရိသတ်များအတွက် ဆယ်စုနှစ်အတွင်း အကောင်းဆုံးတွဲဆိုင်းများကို ကြည့်ရှုအားပေးရတော့မည် ဖြစ်ပါကြောင်း။ ။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်
No comments:
Post a Comment