Latest News

Monday, August 6, 2018

တကောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ



တကောင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ


မြန်မာနိုင်ငံနယ်မြေအတွင်း တစ်ချိန် သောအခါက အထင်အရှားနေထိုင်ခဲ့ ကာ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူ လူမျိုးများသည်      ယခုအချိန်တွင် ပျောက်ကွယ်သွားခဲ့ပြီ  ဖြစ်သော်လည်း မြန်မာများသည်ပင် ပျူလူမျိုးများ ဖြစ် သည်ဟူသည့် ယူဆချက်နှင့် မြန်မာနှင့် ပျူသည်   သီးခြားစီဖြစ်သည်ဟူသည့် ယူဆချက်များအပေါ် ပညာရှင်များနှင့် သုတေသီများအကြား အငြင်းပွားနေ ကြဆဲဖြစ်ပေသည်။
ပျူသည် မြန်မာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ   ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် အထောက်အထား များစွာကို မြန်မာနိုင်ငံအတွင်း နေရာ ဒေသအသီးသီး၌  တွေ့ရှိခဲ့ကြရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း များအနက် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့သည်   ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်းယဉ်ကျေးမှုဒေသများတွင် တကောင်းသည် တစ်ခုအပါအဝင်ဖြစ် ပေသည်။  တကောင်းကို  ပုဂံနှင့်ခေတ် ပြိုင်    ယဉ်ကျေးမှုထွန်းကားခဲ့သည့် နေရာဟု  ဆိုကြသကဲ့သို့ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့်နေရာဟုလည်း ဆိုကြ သည်။
ရာဇဝင်ထဲက တကောင်း
မြန်မာအစ  တကောင်းကဟူသည့် ဆိုထုံးကို     မြန်မာ့သမိုင်းရည်ညွှန်း ကျမ်းများတွင် အထင်ရှားဆုံးဖြစ်သည့် ဦးကုလားမဟာရာဇဝင်ကြီး၊ တွင်းသင်း မဟာရာဇဝင်သစ်နှင့် မှန်နန်းရာဇဝင် များတွင်   ရေးသားဖော်ပြခဲ့ကြသည်။ မှန်နန်းရာဇဝင်တွင်   တကောင်းပြည် သည် ကကုသန်ဘုရားရှင်လက်ထက်၌ သံသယပူရ၊ ကောဏဂုံဘုရားလက် ထက်၌  ရဋ္ဌပူရ၊  ကဿပဘုရားရှင် လက်ထက်၌   သင်းတွဲနှင့်  ဂေါတမ ဘုရားရှင်  လက်ထက်၌  တကောင်းဟု အမည်တွင်ခဲ့ကြောင်း  ရေးသားထား သည်။
မှန်နန်းရာဇဝင်တွင်  တကောင်းမြို့ ပေါ်ထွန်းလာခဲ့ပုံကို   ဗုဒ္ဓဘုရားရှင်ပွင့် ထွန်းတော်မမူမီ   ကပိလဝတ်ပြည်မှ အဘိရာဇာမည်သော  သာကီဝင်မင်း သည်       ဗိုလ်ခြေအလုံးအရင်းဖြင့် သင်္ဃဿရဋ္ဌမည်သော တကောင်းပြည် ကို  တည်ထောင်စံတော်မူခဲ့ကြောင်း ရေးသားခဲ့ကာ  အဘိရာဇာမင်းဆက် ၃၃ ပါးကို ပြဆိုထားပေသည်။     

မြန်မာ့စွယ်စုံကျမ်းတွင် တကောင်း သည်ရှမ်းဘာသာစကားဖြစ်ကာ စည်ကူး တို့ဟု အဓိပ္ပာယ်ရှိကြောင်း ဖတ်ရှုရသည်။ ရှမ်းစကား  တသည်  ကူးတို့ဆိပ်ဖြစ်၍ ကောင်းသည် အစုအပုံဟု ဆိုလိုသဖြင့် တကောင်းသည်   ကုန်ပစ္စည်းများစုပုံ သည့် ကူးတို့ဆိပ်ဟု အဓိပ္ပာယ်ထွက်ရှိ ကြောင်း တကောင်းမြို့ဟောင်း တူးဖော် ချက်တွင် ရေးသားထားပေသည်။
မှန်နန်းရာဇဝင်အလိုအရ တကောင်း သည် ပုဂံခေတ် နယ်ခြားမြို့ ၄၃ မြို့တွင် တစ်မြို့အပါအဝင်ဖြစ်ကာ ပုဂံခေတ်ထိုး ကျောက်စာများတွင် 'တကောင်'ဟု ပါရှိ ခဲ့သည်။   တကောင်းရွှေစည်းခုံစေတီ အနီးမှရရှိခဲ့သည့်ပင်းယခေတ် သက္ကရာဇ် ၇၁၆ ခုနှစ်ထိုးကျောက်စာကို အထက် မြန်မာနိုင်ငံ၌    စုဆောင်းထားသော ကျောက်စာများစာအုပ်တွင်   ဖော်ပြ ထားရာ ''မေဒသတိုင်မင်  တကောင်း ပြည်ကိုဝ် အစိုဝ်တော်မူသောအခါ''ဟု တကောင်းအမည်ကို တွေ့ရှိရသည်။
မြန်မာတို့၏     အစဉ်အဆက်  ဆို စကားများအရ  ပျူစောထီး၊  မောင် ပေါက်ကျိုင်း၊ ပန်းပဲမောင်တင့်တယ်၊ မဟာသ္ဘဝနှင့်  စူဠသ္ဘဝ မျက်မမြင် ညီနောင်၊   ဒွတ္တဘောင်မင်းတို့သည် တကောင်းနှင့် ဆက်စပ်၍ ထင်ရှားခဲ့ကြ သည်။

လက်ရှိ တကောင်း
တကောင်းသည်   မန္တလေးတိုင်း ဒေသကြီး  ပြင်ဦးလွင်ခရိုင်   သပိတ် ကျင်းမြို့နယ်တွင်   သပိတ်ကျင်းမြို့၏ မြောက်ဘက်အဆုံး၊   ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်   တည်ရှိသည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက် လာပါက တကောင်းသည် မ္တလေးမှ ၁၂၇  မိုင်ကွာဝေးပြီး  မော်တော်ကား လမ်းဖြင့် မ္တလေး-သပိတ်ကျင်း-ကသာ လမ်းအတိုင်း သွားရောက်နိုင်ကြသည်။ တကောင်းမြို့၏ ဧရိယာအကျယ်အဝန်း သည် ဝ ဒသမ ၉၈ စတုရန်းမိုင်ရှိသဖြင့် တစ်စတုရန်းမိုင်ကျယ်ဝန်းသည့် သပိတ် ကျင်းမြို့နှင့်   ရွယ်တူဟု  ဆိုနိုင်သည်။ မြန်မာနိုင်ငံအတွင်း    ဥတ္တရယဉ်စွန်း တန်းဖြတ်သန်းသည့်   နေရာများတွင် တကောင်းသည် တီးတိန်၊ ကွတ်ခိုင်တို့ နှင့် အတူပါဝင်သည်။

ဒေါက်တာ ဖာနီဗဲလ်နှင့် ဦးဖေမောင် တင်တို့    တည်းဖြတ်သည့်    ဇမ္ဗူ့ဒီပ ဥဆောင်ကျမ်းတွင်    တကောင်းမြို့၏ နယ်နိမိတ်ကို အရှေ့ဘက်တွင် တရုတ် လမ်းမ၊ တောင်ဘက်တွင် ဖလူတောင်၊ အနောက်ဘက်တွင်     ပယင်းတွင်း၊ မြောက်ဘက်တွင် ကင်းမြစ်နားဟု ပြဆို သည်။  လက်ရှိတကောင်းသည်  အရှေ့ ဘက်တွင်  မိုးနတ်အင်းနှင့်  တလားဝ ချောင်း၊  မြောက်ဘက်တွင်  တလားဝ ချောင်းနှင့် မြေနုကျွန်းများ၊ အနောက် ဘက်တွင် ဧရာဝတီမြစ်နှင့် တောင်ဘက် တွင် အညာပုဂံ မြို့ရိုးဟောင်း တည်ရှိ နေသည်။  ဦးဃောကြီး၏  တကောင်း ရာဇဝင်တွင် တကောင်းသည် ဧရာဝတီ မြစ်၏ အနောက်ဘက်တွင်ရှိခဲ့သည်ဟု ဆိုရာ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲ မှုကြောင့် တကောင်းသည် ဧရာဝတီမြစ် ၏ အရှေ့ခြမ်းသို့  ရောက်ရှိခဲ့သည်ဟု ယူဆမှုများရှိခဲ့သည်။       
သပိတ်ကျင်းမြို့နယ်၏ အရှေ့ဘက် တွင် မိုးကုတ်၊ မဘိမ်းနှင့်မိုးမိတ်မြို့နယ်၊အနောက်ဘက်တွင် ကန့်ဘလူနှင့်ခင်ဦး မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ် နှင့် မြောက်ဘက်တွင် ထီးချိုင့်မြို့နယ်တို့ တည်ရှိနေကြကာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ   သောင်းပွက်  တောင်တန်း သည်   တကောင်းမြို့မှ  ကျောက်ဖြူ ကျေးရွာအထိ   တောင်မြောက်သွယ် တန်းနေသည်။

တကောင်းမြို့ကို ရပ်ကွက်သုံးခုဖြင့် ဖွဲ့စည်းထားကာ ၂ဝ၁၇ ခုနှစ် မတ်လ အထိ တကောင်းမြို့၏ လူဦးရေသည် ၈၁၈၁ ဦး ဖြစ်သည်။တကောင်းမြို့တွင် အစိုးရ   အထက်တန်းကျောင်း  တစ် ကျောင်း၊   ၁၆   ခုတင်ဆံ့   တိုက်နယ် ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာန တစ်ခုကို ဖွင့်လှစ်ထားသည်။ ထို့အတူ တကောင်းမြို့တွင် လေးမျက်နှာဘုရား၊ ဇိနအောင်   ဘုရားနှင့်  ပေါက်ကျိုင်း ဘုရားအပါအဝင် စေတီကိုးဆူနှင့် ဘုန်း တော်ကြီးကျောင်း ၁၁ ကျောင်းရှိသည်။ရှေးဟောင်းသုတေသန   ပြတိုက်ကို လည်း  တကောင်းမြို့ အမှတ် (၃) ရပ် ကွက်တွင် ဖွင့်လှစ်ထားသည်။

တကောင်း တူးဖော်မှုများ
၁၉ဝ၄ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည်  တကောင်းသို့ ဦးစွာသွားရောက်ခဲ့ပြီးနောက်ပိုင်းတွင် ရှေးဟောင်းသုတေသနနှင့်   သမိုင်း ပညာရှင်များသည်   တကောင်းတွင် လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကျောက်စာဝန် ဦးမြ သည် ၁၉၂၃ ခုနှစ် နှင့် ၁၉၃ဝ ပြည့်နှစ်တွင်လည်းကောင်း၊ရှေးဟောင်းသုတေသန ညွှန်ကြားရေး ဝန် ဦးဖိုးလတ်သည်  ၁၉၆ဝ  ပြည့်နှစ် တွင်လည်းကောင်း တကောင်းသို့ ရောက် ရှိခဲ့ကြသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာန သည် ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း တကောင်း၌ ကုန်း ၁၂ ကုန်းကို နှစ်ကြိမ် တူးဖော်ခဲ့သည်။ ဆက်လက်၍ ၁၉၉၃-၁၉၉၄ ခုနှစ်တွင် နှစ်ကြိမ်နှင့် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း တူးဖော်မှု များ  ဆောင်ရွက်ခဲ့သည်။  ထို့အတူ မြန်မာ့သမိုင်းအဖွဲ့ဝင်   သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း  ဦးဆောင်သည့် အဖွဲ့သည် တကောင်းကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ  ဖေဖော်ဝါရီလ ၅ ရက်အထိ သုတေသနပြုခဲ့သည်။
တကောင်းတူးဖော်မှုများအရ   မြို့ ဟောင်းသုံးနေရာကို တွေ့ရှိခဲ့ရပြီး ပထမ မြို့ဟောင်းနေရာသည် ဘဲဥပုံရှိကာ ဧက ၈ဝ ကျယ်ဝန်း၍ ဒုတိယမြို့ဟောင်းနေရာ သည် ဧက ၂၁ဝ ကျယ်ဝန်းပြီး တတိယ မြို့ဟောင်းနေရာသည်  ဧက  ၅၄ဝ ရှိ သည်။ ယင်းနေရာ သုံးခုအနက် ဒုတိယ မြို့ဟောင်းနေရာသည် ဒေသခံများက အညာပုဂံဟု   အစဉ်အဆက်ခေါ်ဆိုခဲ့ သည့်  နေရာဖြစ်ကာ   အညာ  ပုဂံမြို့ ဟောင်း၏ အရှေ့မြောက်ဘက်တွင် တကောင်းသတိုးမင်းဆက်မှ   သတိုး မဟာရာဇာတည်ခဲ့သည်ဟု  ဆိုသည့် ရွှေစည်းခုံဘုရားကြီး တည်ရှိသည်။

တကောင်းတွင် စမ်းသပ်တူးဖော်မှု အကြိမ် ၂ဝ ကျော်ပြုလုပ်ခဲ့ရာ အစော ပိုင်း   တူးဖော်မှုများတွင်   မြေပေါ်မြေ အောက် အထောက်အထားများသည် ပုဂံခေတ်ထက်မစောကြောင်း တွေ့ရှိခဲ့ ကြသည်။ သို့သော် ၂ဝဝဝ ပြည့်နှစ်တွင် ဆင်ညှပ်ကုန်း ကျေးရွာအနီးရှိ ဦးတင် ဝင်းကုန်းကို   တူးဖော်ခဲ့ချိန်တွင်  ပျူ မြို့ဟောင်း ဗိဿနိုးတူးဖော်မှု(KKG4) အဆောက်အအုံအရွယ်နှင့် ပုံသ္ဌာန် တူသည့် ပန္နက်ကို တွေ့ရှိခဲ့ပြီး ဆင်ညှပ် ကုန်းယဉ်ကျေးမှုသည် ခရစ်နှစ် ငါးရာစု မှ ခုနစ်ရာစုအတွင်း ထွန်ကားစ လက်ရာ ဟု သုံးသပ်ခဲ့သည်။  ယင်းနောက်ပိုင်း တွင်  တကောင်းမှ  ပျူခေတ်လက်ရာ အုတ်များ၊  ပုတီးစေ့များ၊  မြေမီးဖုတ် ပစ္စည်းများ၊  အရိုးအိုးများကို  တွေ့ရှိခဲ့ သည်။

ရှေးဟောင်းသုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်   ဦးညွန့်ဟန်က  တကောင်းသည် ပျူယဉ်ကျေးမှု ထွန်း ကားခဲ့သည့် ဒေသတစ်ခုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည့်အပြင် တကောင်း မှတွေ့ရှိခဲ့သည့် အချို့သော ပျူယဉ်ကျေး မှုပစ္စည်းများသည်   သရေခေတ္တရာ၊ ဗိဿနိုးတို့တွင်  တွေ့ ရှိခဲ့သည့်  ပစ္စည်း များထက် ပိုမိုရှေးကျကြောင်း ရေးသား ခဲ့သည်။
တကောင်းမြို့ဟောင်းတူးဖော်မှုများ တွင် မြို့ရိုး အရံအတားနှင့်သူရဲခို စသည် များ၊ လူနေအဆောက်အအုံ အြ<ွကင်း အကျန်များ၊ ဘာသာရေး အဆောက် အအုံများကို တွေ့ရှိခဲ့သည်။ တူးဖော်မှု များ ဆောင်ရွက်ခဲ့စဉ် အခြယ်အလှယ် များ ပါရှိသည့် အိုးကွဲများ၊ မြေပုတီးစေ့ များ၊ ကော်ပုတီးစေ့၊ မြေနားတောင်း များ၊ မြေတံဆိပ်၊ နန်းဆွဲကြေးလက်စွပ်၊ သံဓားငယ်၊ သံမြားသွား၊ သံမှိုပွင့်၊ အုတ် ခွက်ဘုရား၊ မြေခရုပတ်ခွေ၊ တိရ္ဆာန်နှင့် လူအရိုး စသည်တို့ကို တူးဖော်မှုနေရာ အသီးသီးမှ ရရှိခဲ့သည်။

တကောင်းရှေးဟောင်းပစ္စည်းများ
တကောင်းမြို့ဟောင်းနှင့်   အညာ ပုဂံမြို့ဟောင်းတို့ရှိ   မြို့ရိုးမြို့ပေါက်နှင့် အုတ်ရိုး  အဆောက်အအုံများ တည် ဆောက်ခဲ့သည့်အုတ်များသည် အလျား တစ်ပေ၊  အနံ  ရှစ်လက်မနှင့်  ဒု နှစ် လက်မရှိသည့် အရွယ်ငယ်အုတ်များနှင့် အလျား ၁၇ လက်မ၊ အနံ ရှစ်လက်မ နှင့်  ဒု နှစ်လက်မရှိသော  အုတ်များဖြစ်  ကြသည်။

တကောင်းမြို့ဟောင်း  ကနဦး   တူး ဖော်မှုများတွင်  ရေသွန်းကရားအိုးကွဲ များ၊  စိန်ထောင်ပန်းအခြယ်အလှယ် ပါရှိသည့် အိုးကွဲများနှင့် သပိတ်၊ ဆီမီး ခွက်၊ စလောင်းဖုံး၊ မြေပန်းကန်စသည့် အိုးမျိုးစုံကို  စုဆောင်းရရှိခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် အရိုးအိုးများကို ဆက်တိုက် တွေ့ရှိခဲ့ရပုံကို      ဆရာချစ်စံဝင်းက တကောင်းမှ ပျူအရိုးအိုးများအမည်ဖြင့် တကောင်းအိုး ၈၅ လုံးအကြောင်းကို အသေးစိတ်ရေးသား၍  စာအုပ်ထုတ် ဝေခဲ့သည်။

တကောင်း  မြေပုတီးစေ့များသည် လုံးပတ် နှစ်လက်မခွဲမှ ငါးလက်မအထိ ရှိကာ အကြမ်းအားဖြင့် အဝိုင်း၊ အရှည်၊ အချွန် စသည်ဖြင့် ပုံသ္ဌာန်  ကိုးမျိုး တွေ့ရှိခဲ့သည်။ မြေပုတီးစေ့များအပြင် ဆွဲပြားငယ်များနှင့်အတူ   ပယင်းနှင့် ကော်ပုတီးစေ့များကိုလည်း   တူးဖော် ရရှိခဲ့သည်။

မြေမီးဖုတ်   အုတ်ခွက်ဘုရားများ သည် အလျား နှစ်လက်မမှ ခုနစ်လက်မ အကြားရှိကာ မြေမီးဖုတ်တစ်ခုတည်း မှာပင်  ရုပ်ပွားတော်သုံးဆူအထိ ပါရှိ သည့် အုတ်ခွက်များကို ရရှိခဲ့သည်။ ထို့ အတူ အမျိုးသမီးနှစ်ဦး မတ်တတ်ရပ် နေပုံဟု ယူဆရသည့် မြေမီးဖုတ် စဥ့် စိမ်းသုတ်ရုပ်ြ<ွက နှစ်ပိုင်းကျိုးတစ်ခုကို တွေ့ရှိခဲ့ရသည်။   ကတော့ဝိုင်းပုံ  မြေ တံဆိပ်တုံး၏   မျက်နှာဘက်  လေး ထောင့်ကွက်ကို ကနုတ်များပတ်ထား ကာ အတွင်း၌ စာကြောင်းသုံးကြောင်း ပါရှိသည်။  အလျားအနံ  ၁၃  လက်မ ခွဲရှိကာ နှစ်လက်မထူသည့် စတုရန်းပုံ သဲကျောက်ပြားပေါ်တွင်   ကြာပလ္လင် ထက်၌ထိုင်နေတော်မူသည့် ဆင်းတု တော် ထက်ပိုင်းကျိုးတစ်ခု အပါအဝင် ကျောက်ဆင်းတု  ကျိုးများကိုလည်း တကောင်းတူးဖော်မှုများမှ ရရှိခဲ့သည်။

အလျား  လေးလက်မ၊  အနံ  သုံး လက်မနှင့် အထူ  တစ်လက်မရှိသည့် အန္ဒဂူ   ဗုဒ္ဓဝင်ရှစ်ခန်း   ကျောက်ဆစ် လက်ရာတစ်ခုကိုလည်း တကောင်း တူး ဖော်မှု ကုန်းအမှတ် (၄)မှ ရရှိခဲ့ကြောင်း တကောင်းမြို့ဟောင်းကို တူးဖော်ခဲ့သူ ဦးသန်းဆွေက ရေးသားခဲ့သည်။

သတ္တုပစ္စည်းများအဖြစ် ကြေးလက် စွပ်၊ ငွေလက်စွပ်၊သံမြားသွား၊ သံလှံ၊ သံ ခါးပတ်ခေါင်း၊  သံတူရွင်းနှင့်   ရိုက်သံ ချောင်း၂၁ ချောင်းကိုလည်း ရရှိခဲ့သည်။ ထို့အတူ   ထူးခြားပစ္စည်းတစ်ခုအဖြစ် သံကွမ်းညှပ်တစ်ခုနှင့် ကြေးဝါ မွေးညှပ် အကျိုးတစ်ခုကိုလည်း ရရှိခဲ့သည်။

နောက်ဆက်တွဲ
တကောင်းတူးဖော်မှုများ
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသည်    တကောင်း မြို့ဟောင်းကို ၂ဝ၁၃ ခုနှစ်  ဖေဖော် ဝါရီမှ မတ်လအထိ တူးဖော်မှုကုန်းသုံးခု တူးဖော်ခဲ့ရာ  အမှတ် (TG-43)တွင် ထောင့်မှန်စတုဂံပုံ   အဆောက်အအုံ ပန္နက်တစ်ခုကို  တွေ့ရှိခဲ့သည်။  အရှေ့ အနောက် အလျား ၁၄ ဒသမ ၁ မီတာ၊
တောင်မြောက် အလျား ၁၃ ဒသမ ၂၃ မီတာရှိသည့်     အဆောက်အအုံ၏ အနောက်ဘက် အုတ်ရိုးတန်း မရှိတော့ ချေ။ အတွင်းပိုင်း၌ အကွာအဝေးတူညီ သည့် တိုင်အောက်ခံ သဲကျောက်ဝိုင်း ၁၄ ခု ရှိနေပေသည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ပျက်စီးနေသည့် ယင်းအဆောက်အအုံတွင် ဝင်ပေါက် လှေကားကို မတွေ့ရှိရဘဲ အဆောက် အအုံဝင်ပေါက်သည် တောင်ဘက်တွင် ရှိနိုင်ကြောင်း  ရှေးဟောင်းသုတေသန ဦးစီးဌာနက   သုံးသပ်ခဲ့သည် (TG-43)   အဆောက်အအုံနှင့်  ၁ဝ  မီတာ ကွာဝေးသည့်နေရာတွင်  ၂ဝဝ၈  ခုနှစ် ကတူးဖော်ခဲ့သည့် ကုန်းအမှတ် (TG-25) ရှိပြီး ယင်းတို့နှစ်ခုကို  စင်္ကြံပတ် လမ်းရှည်ဖြင့်      ဆက်သွယ်ခဲ့ဟန်ရှိ ကြောင်း အစီရင်ခံခဲ့သည်။

ယင်းတူးဖော်မှုမှ      အရွယ်မျိုးစုံ အုတ်ချပ်များကို  တွေ့ရှိခဲ့ရပြီး  ပျူခေတ် စံသတ်မှတ်ချက် အရွယ်အစားဖြစ်သည့် အလျား ၁၈ လက်မ၊  အနံ ကိုးလက်မ နှင့်  အထူ  သုံးလက်မရှိသည့်အုတ်များ ပါဝင်ခဲ့သည်။    မြန်မာစာအက္ခရာနှင့် ကိန်းဂဏန်းများ  ရေးသားထားသည့်  အုတ်ြ<ွကပ်ပြားများ    အပါအဝင်  ရှေး ဟောင်း ရုပ်ဝတ္ထုများစွာကိုလည်း ရရှိခဲ့ သည်။

နောက်ထပ်   တူးဖော်မှုကုန်းတစ်ခု ဖြစ်သည့် (TG-30)မှ စတုရန်းပုံ တစ် ဖက်ပွင့်  သာသနိကအဆောက်အအုံ တစ်ခုဖြစ်သည့် ဂူဘုရားတစ်ဆူနှင့် ပျူ ယဉ်ကျေးမှု  စံသတ်မှတ်ချက်တစ်ခုဖြစ် သည့် ပျူခေတ်သုံး အုတ်များကို တွေ့ရှိ ခဲ့သည်။

တူးဖော်မှုကုန်း  အမှတ်(TG-27)သည်  တကောင်းမြို့အဝင်  အဘိရာဇာ လမ်းပေါ်ရှိ ကျောက်ဆစ်မုခ်ဦးမှ အရှေ့ ဘက်သို့ ကိုက် ၂ဝဝ  ခန့် ကွာဝေးကာ တကောင်း      အညာပုဂံမြို့ဟောင်း၏ တောင်ဘက်မြို့တံခါးဖြစ်ကြောင်း သိရှိ ရသည်။

ယင်းနေရာမှ  တူးဖော်တွေ့ရှိသည့်    အထောက်အထားများအရ   အညာ  ပုဂံမြို့ဟောင်း၏       မြို့ရိုးတံခါးများ တွင် တံခါးရွက်များ တပ်ဆင်အသုံးပြု ခဲ့ပုံကို   ခိုင်မာစွာ  ကောက်ချက်ချနိုင် ကြောင်း တူးဖော်သူများက အစီရင်ခံခဲ့ သည်။
တကောင်းမြို့ဟောင်းကို      ရှေး ဟောင်း    အထိမ်းအမှတ်အဆောက် အအုံတည်ရှိရာဇုန်၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့်    ကာကွယ်ထိန်းသိမ်း သောဇုန်အဖြစ်သတ်မှတ်ကာ တကောင်း တွင် တူးဖော်ခဲ့သည့်ကုန်းများကို  နိုင်ငံ က    ထိန်းသိမ်းစောင့်ရှောက်ထား သည်။   တကောင်းဒေသမှရရှိခဲ့သည့်  ရှေးဟောင်းပစ္စည်းများကို   စုဆောင်း ၍   တကောင်း ရှေးဟောင်းသုတေသန ပြတိုက်တွင် ပြသထားသည်။

တကောင်းသုတေသနလုပ်ငန်းများ ကို  ရှေးဟောင်းသုတေသနဦးစီးဌာန အပြင် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဦးဝင်းမောင် (တမ္ပဝတီ)၊ ဆရာတော် အရှင်ပဏ္ဍိတာနန္ဒ (ဦးမင်း ဟန်)၊  ဦးချစ်စံဝင်း စသည့်  ပညာရှင် များကလည်း  သုတေသနပြုခဲ့ကြကာ တကောင်းသည် ပျူမြို့ဟောင်းတစ်ခု ဖြစ်ကြောင်း   ဖော်ထုတ်ခဲ့ကြသည်။ ပညာရှင်များ၊    သုတေသီများသည် တကောင်းသုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့်    ပိုမို ပီပြင်သော တကောင်း၏ အတိတ်ပုံလွှာ များကို မြင်တွေ့လာမည်ဟု မျှော်လင့်မိ ပါသည်။   

မောင်သာ(ရှေးဟောင်းသုတေသန)

No comments:

Post a Comment