Latest News

Monday, August 13, 2018

ဒေသအစားအစာ တစ်ခုဖြစ်သည့် တောင်ငူမုန့်ဟင်းခါး

ဒေသအစားအစာ တစ်ခုဖြစ်သည့် တောင်ငူမုန့်ဟင်းခါး

မြန်မာ့ရိုးရာအစားအစာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် ဆန်ကိုအချဉ်ဖောက်၍ ပြုလုပ်သည့် မုန့်တီ ခေါ် မုန်ဟင်းခါးဖတ်များနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက် စားသုံးရသည့် ဒေသအစားအစာ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့တိုင်းရွာတိုင်း၌ မုန့်ဟင်းခါးကို ရောင်းချလေ့ရှိပြီး နံနက်စာမှ နေ့ခင်းအဆာပြေအပြင် ညလယ်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည်။

ထို့ပြင် မုန့်ဟင်းခါးသည် အာဟာရ အားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူကာ ကုန်ကျစရိတ်ပါ သက်သာသောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်စွာ စားသုံးသည့် အစားအစာလည်း ဖြစ်သည်။ မြန်မာနိုင်ငံ ဒေသအသီးသီး၌ မုန့်ဟင်းခါး ချက်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့် အရသာနှင့် အပြင်အဆင်လည်း အမျိုးမျိုး ကွဲပြားကြသည်။ မုန့်ဟင်းခါးကို ဒေသအလိုက် ရန်ကုန်မုန့်ဟင်းခါး၊ မြောင်းမြ မုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊ ဘိုကလေးမုန့်ဟင်းခါး၊ ဟင်္သာတ မုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး၊ အင်းလေးမုန့်ဟင်းခါး၊ တောင်ငူမုန့်ဟင်းခါး၊ ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)၊ ထားဝယ် မုန့်ဟင်းခါး၊ တပင်တိုင် မုန့်ဟင်းခါးဟူ၍ အမျိုးမျိုးရှိပြီး ထိုထဲမှ တောင်ငူမုန့်ဟင်းခါးမှာလည်း ပြည်သူအများ ကြိုက်နှစ်သက်သည့် မုန့်ဟင်းခါးတစ်မျိုးဖြစ်သည်။ တောင်ငူမုန့်ဟင်းခါး ချက်မည်ဆိုပါက ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် မုန့်ဟင်းခါးဖတ်တို့ လိုအပ်သည်။

တောင်ငူမုန့်ဟင်းခါးသည် တခြားဒေသမှ မုန့်ဟင်းခါးများနှင့် ပုံစံမတူဘဲ ၎င်းတို့၏ ဒေသထွက် ဆန်မှုန့်ကိုသာ အဓိကထား ချက်ပြုတ်ရခြင်းဖြစ်ပြီး တောင်ငူမုန့်ဟင်းခါး ချက်နည်းကို ယခုလို ဝေမျှပေးလိုက်ပါသည်။ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့ ပထမဆုံးငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါ။ ငါးခူမရလည်း ငါးကျည်းထည့်ပါ။ ငါးလတ်ဆတ်ရင် ဟင်းရည်ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက်ချက်ထားပါ။ ငါးနူးပြီဆိုရင် အသားနွှင်ထားပါ။ ငါးအရိုးတွေကိုပါ ထောင်းပြီး ထွက်လာတဲ့ အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဆန်ခါနဲ့စစ်ပြီး ရောထည့်ပါ။

 ပြီးမှအနံ့မွှေးအောင် စပါးလင် အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင်တည်ပါ။ ငါးဆီသတ်ဖို့အတွက် ဆီဆူရင် နနွင်းနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင် ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါ။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆိုရင် ငါးဆီသတ်ထားတာနဲ့ ကြက်သွန်နီများများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင်တည်ထားလိုက်တာပါ။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့၊ အငန် လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲရပါပြီ။ ဟင်းရည်ချက်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပရာသီးတို့ကို လှီးပြီး ပြင်ဆင်ထားပါ။ ဒါ့ပြင် ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရန်သင့်ပြင်ထားပါ။ အသုပ်ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်၊ ဆီချက်၊ ဆန်လှော်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ နယ်လို့ကောင်းရုံ မုန့်ဟင်းရည်ထည့်ပြီး နယ်ပေးပါ။

အချဉ်ကြိုက်ရင် သံပရာရည်ညှစ်ထည့်ပါ။ အပေါ့၊အငန်စိတ်ကြိုက်ဖြစ်ပြီဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညှစ်ပြီး စားလို့ရပါပြီ ဟု မုန့်ဟင်းခါး ချက်နည်းဝေမျှသည့် မမြမြလှိုင်ကပြောသည်။ မုန့်ဟင်းခါးသည် မြန်မာနိုင်ငံ၌ မည်သည့်အချိန်မှ ပျောက်ကွယ်မသွားနိုင်သည့် ရိုးရာစားစရာ တစ်ခုဖြစ်ကြောင်း ဖော်ပြရင်း တောင်ငူ မုန့်ဟင်းခါးကို မိမိတို့အိမ်၌ အလွယ်တကူ ချက်ပြုတ်စားသုံးနိုင်ရန် တင်ပြလိုက်ရပါသည်။

MWD

No comments:

Post a Comment