Latest News

Sunday, August 12, 2018

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမိုးမှုများကြောင့် လူ ၂၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမိုးမှုများကြောင့် လူ ၂၇ ဦးသေဆုံး

နယူးဒေလီ  သြဂုတ် ၁ဝ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး နှစ်သိန်းခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်း ရကြောင်း တာဝန်ရှိသူများက သြဂုတ် ၁ဝ ရက်တွင်ပြော သည်။

အုန်းပင်များစီတန်းနေသည့်ကမ်းခြေများအပါအဝင် လက်ဖက်စိုက်ခင်းများဖြင့် ကျော်ကြားသော  အဆိုပါ ကမ်းရိုးတန်း ပြည်နယ်၌ နှစ်စဉ်မုတ်သုံမိုး ရွာသွန်းသော်လည်း အထူးသဖြင့် ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုပိုမို ဆိုးဝါးကြောင်းသိရသည်။

နိုင်ငံတစ်ဝန်း၌ ယခုနှစ်အတွင်း ရေကြီးမှုကြောင့် လူ ၇ဝဝ ကျော်သေဆုံးကာ ပြီးခဲ့သည့် နှစ်တွင် လူ ၁၂ဝဝ ခန့်သေဆုံးကြောင်းသိရသည်။ ယင်းပြည်နယ်၌  နှစ်ရက်ကြာမိုးသည်း ထန်စွာရွာသွန်းမှုကြောင့်  ရေလှောင်ကန် ၂၄ ခုမှ ရေပိုလွှဲများကိုဖွင့်ခဲ့ရပြီး ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်ရန် တပ်ဖွဲ့ဝင် များကိုစေလွှတ် ထားကြောင်း တာဝန်ရှိသူ များကပြောသည်။

ကယ်ဆယ်ရေးစခန်း ၂၆ဝ ခန့်ကိုလည်း ဆောက်လုပ်ထားပြီး မန်နာတောင်ကုန်းစခန်း၌ နိုင်ငံခြားသား ၂၄ ဦးအပါအဝင် ခရီးသွား ၅၇ ဦးသောင်တင်နေကြောင်း သိရသည်။

ထို့ပြင် တောင်ကုန်းထူထပ်သော အိုင်ဒူကီ ခရိုင်ရှိ ကြီးမားသော ရေလှောင်ကန်၏ ရေပိုလွှဲငါးခုအနက် တစ်ခုကို ၂၆ နှစ်အတွင်း ပထမဆုံး အကြိမ် ဖွင့်ခဲ့ရကြောင်းသိရသည်။

ရေကြီးမှုဖြစ်ပွားနေသော ယင်းပြည်နယ် သို့သွားရောက်ခြင်းရှောင်ရှားရန်နှင့် ရာသီဥတုနောက်ဆုံး အခြေအနေ အတွက် ဒေသတွင်းသတင်းဌာနများ၏  ထုတ်ပြန်ချက်ကို အဆက်မပြတ်စောင့်ကြည့်ရန် အမေရိကန် နိုင်ငံသား များအား အမေရိကန်သံရုံးက အကြံ ပြုထားသည်။ 

အစ်ဒူကီခရိုင်၌ ခရီးသွားလာရေး ယာဉ်များနှင့် လော်ရီကားများ သွားလာမှုကို ကီရာလာပြည်နယ်အစိုးရက  တားမြစ် ထားကြောင်း သိရသည်။

MWD

No comments:

Post a Comment