ရန်ကုန် သြဂုတ် ၁၁
သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက လူကြမ်းသရုပ်ဆောင် ၃ဝ ဦးအတွက် စုပေါင်းအသက် အာမခံထားရှိမှုကို ယမန်နေ့ နံနက် ၁ဝ နာရီက Global World Insurance ကုမ္ပဏီ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အနုပညာရှင်များ အနေဖြင့် အာမခံထားရှိမှု အကြောင်းကို ပိုမိုသိရှိစေရန်နှင့် လူကြမ်းသရုပ်ဆောင်များ အနေဖြင့် သရုပ်ဆောင်ရင်း အသက်ဆုံးရှုံးမှုဖြစ်ပေါ်လျှင် အထောက်အပံ့ရရှိစေရန် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ကာ လူကြမ်း ၃ဝ ဦးအတွက် တစ်နှစ်စာစုပေါင်း အသက်အာမခံကို ဝယ်ယူလှူဒါန်းခဲ့ပြီး အာမခံရရှိထားသော လူကြမ်းများအနေဖြင့် မတော်တဆ သေဆုံးမှုဖြစ်ပေါ်လျှင် တစ်ဦးကို အာမခံလျော်ကြေး အနေဖြင့် ငွေကျပ် ၁ဝ သိန်း ရရှိမည်ဖြစ်သည်။
''သုသုကိုယ်တိုင်လည်း မြင်ဖူးကြုံဖူးတယ်။ လူကြမ်းသရုပ်ဆောင်တွေနဲ့ အခြေခံသရုပ်ဆောင်တွေက ရုပ်ရှင်ရိုက်ကူးတဲ့အခါ မတော်တဆ ဒဏ်ရာရတာတွေ ရှိတယ်။ အကယ်၍ ဒီလိုဒဏ်ရာရရှိမှု အခြေအနေကနေ ကျော်လွန်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရင်
သူတို့ရဲ့မိသားစုတွေအတွက် အထောက်အကူဖြစ်အောင်လို့ အသက်အာမခံ လှူဒါန်းဖြစ်တာပါ။ လူကြမ်းနဲ့ အခြေခံရုပ်ရှင်လောကသားတွေ များစွာရှိတာကြောင့် အချိန်ခွဲပြီး ကျန်ရှိတဲ့သူတွေကို စုပေါင်းအသက်အာမခံ ဝယ်ယူလှူဒါန်းပေးဖို့ ရှိပါတယ်။Global World Insurance ကုမ္ပဏီမှာ ဝယ်ယူလှူဒါန်း ဖြစ်တာကတော့ သုသုကို သံတမန် ခန့်အပ်ထားတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ရင်းနှီးမှုရှိလို့ ဝယ်ယူလှူဒါန်းဖြစ်တာပါ''ဟု ပိုင်ဖြိုးသုက ပြောသည်။
လတ်တလောတွင် ပိုင်ဖြိုးသုအနေဖြင့် ဆေးစက်ကျရာ ရုပ်ရှင်ဇာတ်ကားတွင် အနုပညာ သတင်းထောက်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရန် ရှိနေကြောင်း သိရသည်။
MWD
No comments:
Post a Comment