Latest News

Thursday, August 9, 2018

ဂျပန်က ဟီရိုရှီးမားမြို့အဏုမြူဗုံး ကြဲခံရသည့် (၇၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

ဂျပန်က ဟီရိုရှီးမားမြို့အဏုမြူဗုံး ကြဲခံရသည့် (၇၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

ဂျပန်အစိုးရသည် ဟီရိုရှီးမားမြို့ကို အဏုမြူဗုံး ကြဲခံရသည့် (၇၃)နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို သြဂုတ် ၆ ရက်တွင် ယင်းမြို့ရှိ    ငြိမ်းချမ်းရေး အထိမ်းအမှတ် ပန်းခြံ၌ကျင်းပသည်။

၁၉၄၅ ခုနှစ် သြဂုတ် ၆ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် အမေရိကန်၏ ဘီ-၂၉ ဗုံးကြဲ လေယာဉ်တစ်စင်းက ဂျပန်နိုင်ငံ၏ စစ်ဘက် အဆောက်အအုံများ တည်ရှိသည့် ဟီရို ရှီးမားမြို့ကို အဏုမြူဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် ဂျပန်ပြည်သူ စုစုပေါင်း ၁၄ဝဝဝဝ ကျော် သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အသက်ရှင် ကျန်ရစ်သူ များကို ဂျပန်နိုင်ငံက ဟီဘာကူရှာဟု ခေါ်ဆိုသည်။

ယခုနှစ်မတ်လအတွင်း စာရင်းကောက်ခံ မှုအရ ဟီဘာကူရှာ ၁၅၄၈၅၉ ဦး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့၏ ပျမ်းမျှ အသက်မှာ ၈၂ ကျော်နေပြီဖြစ်ကြောင်း Japan Times သတင်းစာက ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ ဟီဘာကူရှာများ အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း တက်ရောက်သည်။ 

ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်များ ကင်းစင်ရေး တောင်းဆိုကြောင်းနှင့် မြင့်တက်လာသည့် အမျိုးသားရေး ဝါဒ၏ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သတိပေးလိုကြောင်း ဟီရိုရှီးမားမြို့တော်ဝန် ကာဇူမီမတ်ဆူအီက ထို အခမ်း အနားတွင် ပြောသည်။

နိုင်ငံအချို့သည် အမျိုးသားရေး ဝါဒကို ဗဟိုပြုကာ နျူကလီးယား လက်နက်များကို အဆင့်မြှင့်တင် နေကြောင်း၊ ထိုလုပ်ရပ်များက စစ်အေးတိုက်ပွဲနှင့်အတူ ချုပ်ငြိမ်းသွားပြီ ဖြစ်သည့်တင်းမာမှုများကို  ပြန်လည်အစပြု စေကြောင်း ၎င်းက ဆိုသည်။

လူသားများအနေဖြင့် အတိတ်သမိုင်းကို မေ့ပျောက်ခြင်း သို့မဟုတ် ရင်မဆိုင်ခြင်းများ ဖြစ်ပေါ်လာပါက ကြောက်မက်ဖွယ် ကောင်းသော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ထပ်မံ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟီရိုရှီးမား သမိုင်းကြောင်းကို အကြိမ်ကြိမ် ပြောဆိုနေရခြင်း ဖြစ်ကြောင်းနှင့် နျူကလီးယား လက်နက်များကို မဖြစ်မနေ ဖျက်သိမ်းရမည် ဖြစ်ကြောင်း ကာဇူမီမတ်ဆူအီက ဆက်ပြောသည်။

သို့သော် ရှင်ဇိုအာဘေးအစိုးရ အဖွဲ့သည် ကုလသမဂ္ဂ၏ နျူကလီးယားလက်နက်များ တားမြစ်ပိတ်ပင်ရေး သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ်ထိုးရန် ငြင်းဆိုထားပြီး ဂျပန် နိုင်ငံသည် နျူကလီးယား ပိုင်ဆိုင်သော နိုင်ငံ နှင့် နျူကလီးယား မပိုင်ဆိုင်သော နိုင်ငံတို့ အကြား ကွာဟချက်ကို ဖြည့်ဆည်းပေးရမည့် တာဝန်ရှိကြောင်း အစိုးရ တာဝန် ရှိသူများက ပြောထားသည်။

ဂျပန်နိုင်ငံသည် အမေရိကန်ပြည်ထောင် စု၏ အဏုမြူဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခံရ သောနိုင်ငံဖြစ်ပြီး ဟီရိုရှီး မားမြို့ တိုက်ခိုက်ခံရပြီး နောက်သုံးရက် အကြာတွင် နာဂါဆာကီမြို့လည်း တိုက်ခိုက်ခံရသည်။ နာဂါဆာကီမြို့ တိုက်ခိုက်ခံ ရမှုတွင် ပြည်သူ ၇၄ဝဝဝ ကျော် သေဆုံးကြောင်း သိရသည်။

Ref: AFP, Xinhua@MWD

No comments:

Post a Comment