Latest News

Sunday, July 15, 2018

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးပြီးဆုံး ပြင်သစ်တို့ ချန်ပီယံဆု ဒုတိယအကြိမ်ဆွတ်ခူး

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးပြီးဆုံး ပြင်သစ်တို့ ချန်ပီယံဆု ဒုတိယအကြိမ်ဆွတ်ခူး

၂ဝ၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ည ၉ နာရီခွဲတွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လုဇ်နီကီကွင်း၌ ပြင်သစ် အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်က လေးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် နှစ်သင်းစလုံး ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာပြီး ပွဲချိန် ၁၈ မိနစ်တွင် ပြင်သစ်အသင်း ပြစ်ဒဏ်ဘော ကန်သွင်းရာ ခရိုအေးရှားမှ မန်ဇူကစ်နှင့် ထိ၍ ဂိုးဝင်သွားခဲ့သဖြင့် ပြင်သစ်တို့ အဖွင့်ဂိုးရရှိခဲ့သည်။  ပွဲချိန် ၂၈ မိနစ်တွင် ခရို အေးရှားမှ ပါရီစစ်က ချေပဂိုး တစ်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၃၈ မိနစ်တွင် ခရိုအေးရှားဂိုးစည်းအတွင်း ခရိုအေးရှားကစားသမား လက်နှင့်ထိ၍ ပြင်သစ်အသင်း ပယ်နယ်တီကန်ခွင့်ရရာ ဂရစ်ဇ်မန်း ကန်သွင်း၍ ပြင်သစ်တို့ ဒုတိယဂိုး ရရှိခဲ့သည်။ 

ဒုတိယပိုင်း ၅၉ မိနစ်တွင် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက  တတိယဂိုးကို လည်းကောင်း၊  ၆၅  မိနစ်တွင် အန်ဘတ်ပီက စတုတ္ထဂိုးကို လည်းကောင်း၊ ပြင်သစ်အတွက် သွင်းယူပေးသည်။  ၆၉ မိနစ်တွင် ခရိုအေးရှားမှ မန်ဇူကစ်က ပြင်သစ်ဂိုးသမား၏ အမှားမှတစ်ဆင့် ဒုတိယချေပဂိုး သွင်းယူခဲ့သည်။

ပွဲပြီးချိန်တွင် ပြင်သစ်တို့က လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြင်သစ်တို့အနေဖြင့် ၁၉၉၈ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အချိန်က ပထမဆုံးဗိုလ်စွဲခဲ့ပြီး ယခုဒုတိယအကြိမ် ရရှိခြင်းဖြစ်သည်။  ခရိုအေးရှားအသင်းအတွက်မူ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်ပြီး  ဒုတိယဆုရရှိခြင်းဖြစ်သည်။     
ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ခရိုအေးရှားမှ မိုဒရစ်က ရွှေဘောလုံးဆု၊ ဘယ်လ်ဂျီယံမှ ဟာဇက်က ငွေဘောလုံးဆု၊ ပြင်သစ်မှ ဂရစ်ဇ်မန်းက ကြေးဘောလုံးဆု ရရှိသည်။

အင်္ဂလန်မှ ဟယ်ရီကိန်းက သွင်းဂိုးခြောက်ဂိုးဖြင့် ရွှေဖိနပ်ဆု၊ ပြင်သစ်မှ ဂရစ်ဇ်မန်း က သွင်းဂိုးလေးဂိုးဖြင့် ငွေဖိနပ်ဆု၊ ဘယ်လ်ဂျီယံမှ လူကာကူက သွင်းဂိုးလေးဂိုးဖြင့် ကြေးဖိနပ်ဆု ရရှိသည်။

အကောင်းဆုံးဂိုးသမားဆု(ရွှေလက်အိတ်)ကို ဘယ်လ်ဂျီယံမှ ကော့စ်တွိုက်က ရရှိပြီး လူငယ်အကောင်းဆုံးကစားသမားဆုကို ပြင်သစ်မှ အမ်ဘတ်ပီက ရရှိသည်။ အသန့်ရှင်းဆုံးအသင်းဆုကို စပိန်အသင်းက ရရှိသည်။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်မှာ ၁၉၉၈ ကမ္ဘာ့ဖလားတွင် ကစားသမားအဖြစ်နှင့် လည်းကောင်း၊ ယခု ကမ္ဘာ့ဖလားတွင် နည်းပြအဖြစ်နှင့် လည်းကောင်း ဆုရရှိခြင်း ဖြစ်သည်။ 

                             
သီဟ(မြန်မာ့အလင်း)

No comments:

Post a Comment