နိုင်ငံကြီးဖြစ်အောင် ….
''ဖေဖေဆုံးတော့ မေမေက ၂၄နှစ်ပဲရှိသေးတယ်။ အစ်ကိုကြီးက ခုနစ်နှစ်၊ အစ်ကိုလတ်က ငါးနှစ်နဲ့ ကျွန်တော်က နှစ်နှစ်နီးပါးပဲ ရှိသေးတယ်။ အင်းလျားလမ်း (၂၈/က)မှာ ဘကြီး ဦးဖိုးလှရဲ့ အိမ်မှာ မိသားစုနေကြတာပါ။ ဖေဖေက ရုံးကို မသွားခင်မှာ အစ်ကိုကြီးနဲ့ ကျွန်တော့်ကို ကားပေါ်တင်ပြီး အမြဲတမ်းခြံထဲမှာ ကားပတ်မောင်းပေးပြီးမှ ရုံးကို သွားတတ်တယ်။ ဖေဖေကျဆုံးမယ့်နေ့မှာလည်း ရုံးမသွားခင်မှာ သားတွေကို ကားပေါ်တင် ခြံထဲလှည့်ပတ်စီးပြီးမှ ရုံးကိုသွားတယ်လို့ မေမေကပြောတယ်''ဟု အာဇာနည် ဦးအုန်းမောင်၏ သားအငယ်ဆုံးဖြစ်သူ အငြိမ်းစားပါမောက္ခ ဦးမင်းမြတ်က သတိတရပြောပြသည်။
¤င်းက ဆက်လက်၍ ''တိုင်းပြည် ခေါင်းဆောင်တွေဟာ လွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် အသက်စွန့်ပြီး လုပ်ခဲ့ ကြတာပါ။ အခုလုပ်ဆောင်နေတဲ့ (၂၁) ရာစု ပင်လုံလိုပဲ ဗိုလ်ချုပ်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံညီလာခံကို လုပ်ခဲ့တယ်။ တောင်ပေါ်၊ မြေပြန့်ခရီးနှင်ပြီး စည်းရုံးရေးလုပ်ခဲ့တယ်။ ဒေသအသီးသီးသွားတဲ့အခါမှာ အဆင်ပြေပေမယ့် ကချင်ပြည်နယ်မှာ အခက်အခဲ နည်းနည်း ကြုံရတယ် ထင်တယ်။ မြစ်ကြီးနားမှာ ဖေဖေက တိုင်းမင်းကြီး လုပ်ခဲ့တယ်ဆိုတော့ ဆမားဒူးဝါးဆင်ဝါးနောင်က ပုဂ္ဂိုလ်ရေး အရ ခင်မင်လေးစားတယ်။ တစ်ရက်မှာ ဝန်ကြီးဦးကျော်ငြိမ်းနဲ့ ဗိုလ်လက်ျာတို့ အိမ်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းမှာတဲ့ အတိုင်း ဖေဖေ့ကို ကချင်ပြည်နယ်ကို သွားဖို့လာပြောတယ်။ လေထိုးလို့ ညတိုင်းငိုတတ်တဲ့ ကျွန်တော့်ကို ဖေဖေက ချီပြီး ချော့သိပ်လေ့ရှိတယ်။ အဲဒီနေ့ကလည်း နေမကောင်းဖြစ်နေ တယ်။ အဲဒါကို ဗိုလ်ချုပ်ကလည်း သိတယ်။ ကလေးအတွက် စိတ်မပူဖို့နဲ့ အကြောင်းရှိလို့ ရန်ကုန်ပြန်လာရမယ်ဆိုရင် လည်း လေယာဉ်နဲ့ အချိန်မရွေးခေါ်ပေးပါ့မယ်လို့ ပြောတယ်။ တိုင်းပြည်အတွက် အရေးကြီးကိစ္စဖြစ်တာကြောင့် နောက် တစ်ရက်မှာ မြစ်ကြီးနားကို ဖေဖေထွက်သွားတယ်။ ကျွန်တော် ကတော့ ညဆိုရင် ပုံမှန်အတိုင်း လေနာရောဂါကြောင့် ငိုနေ တာပဲလို့ ပြောတယ်''ဟု ပြောပြသည်။
စည်းလုံးမှုရခဲ့
ဦးမင်းမြတ်က ဆက်လက်၍ ''ဖေဖေ မြစ်ကြီးနားကို ရောက်တော့ ဆမားဒူးဝါးဆင်ဝါးနောင်နဲ့ တွေ့ဖြစ်တယ်။ ဗိုလ်ချုပ်မှာတဲ့အတိုင်း ပြောပြတယ်။ သူရန်ကုန်လိုက်ရင် ဖေဖေ့အိမ်မှာပဲနေလိုတယ်လို့ ပြောတယ်။ အဲဒါနဲ့ ရန်ကုန် လိုက်ပါလာပြီး အိမ်မှာတစ်ပတ်၊ ၁ဝ ရက်နေပြီး ဗိုလ်ချုပ် နဲ့တွေ့ဖြစ်တယ်။ ဖေဖေမြစ်ကြီးနားကနေ ရန်ကုန်ကို မပြောင်း ခင်မှာ ကချင်ပြည်နယ်က ဓားနဲ့လှံ လက်ဆောင်ပေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်ကိုရောက်တော့ အဆင် ပြေခဲ့တယ်။ ပင်လုံစာချုပ်ချုပ်ဆိုဖို့ တိုင်းရင်းသားတွေ စည်းလုံးမှုရခဲ့တယ်လို့ ဆိုရမှာပါ။
''အာဇာနည်နေ့ကို စတင်ကျင်းပတာက သမ္မတကြီး မန်းဝင်းမောင် လက်ထက် ဗိမာန်အဟောင်းမှာ ကျင်းပပါ တယ်။ ကျွန်တော်တို့ သိတတ်တဲ့အရွယ်ရောက်နေပြီ။ ဒေါ်ခင်ကြည်က သားနဲ့ သမီးကိုခေါ်ပြီး အာဇာနည်ဗိမာန် ကို လာတယ်။ ဗိမာန်ဘေးမှာ ဧည့်ခံမဏ္ဍပ်ထားတယ်။ ထိပ်ဆုံး မှာ ဒေါ်ခင်ကြည်နဲ့ မိသားစုရပ်ပြီး ဘေးမှာအာဇာနည် မိသားစုဝင်တွေ တန်းစီပြီး ရပ်ကြတယ်။ သမ္မတကြီး မန်းဝင်း မောင်က ဒေါ်ခင်ကြည်က စပြီး တစ်ဦးစီကို နှုတ်ဆက်အားပေး စကား ပြောတယ်။ မနက် ၇ နာရီခွဲမှာ သမ္မတကြီးနဲ့ စကား ပြောပြီး ၈ နာရီမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အုတ်ဂူရှေ့မှာ ပန်းခွေချ တယ်။ ပြီးတာနဲ့ အာဇာနည်ခေါင်းဆောင်မိသားစုက တစ်ပြိုင် တည်း အာဇာနည်ခေါင်းဆောင်တွေ့ရဲ့ ရှေ့မှာ ပန်းခွေ တွေချတယ်။ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေ အားလုံး တစ်စည်းတစ်လုံးတည်း ပန်းခွေချရတာကို ရင်ထဲ မှာ ကျေနပ်ပီတိဖြစ်ရပါတယ်''ဟု ပြောကြားသည်။
တိုင်းပြည်လွတ်လပ်ရေး ရင်းနှီးစွာတိုင်ပင်
အတွင်းဝန် ဦးအုန်းမောင်တွင် သားသုံးဦးကျန်ရစ်ခဲ့ပြီး ယနေ့တိုင် သက်ရှိထင်ရှားရှိကြသည်။ အကြီးဆုံးမှာ ဦးတင် မောင်သိန်း ၇၉ နှစ်၊ သားလတ် ဦးကိုကိုလှ ၇၇ နှစ်နှင့် သားငယ် ဦးမင်းမြတ် ၇၃ နှစ်တို့ဖြစ်သည်။ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကိုးဦး၏ ဇနီးသည်များအနက် ယနေ့တိုင် သက်ရှိ ထင်ရှားကျန်ရစ်သူမှာ အတွင်းဝန် ဦးအုန်းမောင်၏ ဇနီး ဒေါ်သိန်ြး<ွကယ် ၉၅ နှစ်ဖြစ်ကာ ကျန်းမာရေးအတွက် သားသုံးဦး မှ ဂရုစိုက်လျက်ရှိသည်။
အတွင်းဝန် ဦးအုန်းမောင် ကျဆုံးချိန်တွင် ¤င်း၏ အသက်မှာ ၃၄ နှစ် ဖြစ်ပြီး ဗိုလ်ချုပ်မှာ ၃၂ နှစ် ဖြစ်သောကြောင့် အသက်အရွယ် မတိမ်းမယိမ်းဖြစ်၍ တိုင်းပြည်လွတ်လပ်ရေး အတွက် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းရင်းနှီးစွာ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ခဲ့သည်။
အတွင်းဝန် ဦးအုန်းမောင်၏ ဇနီး ဒေါ်သိန်ြး<ွကယ်က ''သူ့ကို လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ပေးတော့ မြစ်ကြီးနားအရေးပိုင်ကနေ ရန်ကုန်ကို ပြောင်းလာတယ် အင်းလျားလမ်းမှာ သူကျဆုံးတဲ့အထိ နေခဲ့တယ်။ သူဆုံးမယ့် နေ့မှာ သူ့ရုံးက အဖွဲ့တွေကို အိမ်မှာ ၁၂ နာရီ အစည်းအဝေး ခေါ်ထားလို့ ဗိုလ်ချုပ်တို့ နံနက် ၁ဝ နာရီစမယ့် အစည်းအဝေးမှာ သူတင်ပြစရာ တင်ပြပြီး ဗိုလ်ချုပ်ကို ခွင့်တောင်းပြီး ပြန်လာမယ်။ ဧည့်သည်တွေကို ဧည့်ခံထားဖို့ မှာခဲ့သေးတယ်။
''အစည်းအဝေးက နံနက် ၁ဝ နာရီစမယ်လို့ ဗိုလ်ချုပ်က ပြောထားတော့ နံနက် ၉ နာရီ မထိုးခင်လေးမှာ ကားနဲ့ထွက် သွားတယ်။ နံနက် ၁ဝ နာရီခွဲမှာ ကျွန်မအစ်ကိုရဲ့ မိတ်ဆွေဖြစ် တဲ့ ဘားလမ်းမှာနေတဲ့ရှေ့နေက အတွင်းဝန်ရုံးမှာ ပစ်ခတ်လို့ ဗိုလ်ချုပ်နဲ့ အစည်းအဝေးတက်တဲ့သူတွေထိကြတယ်လို့ လူလွှတ် ပြီး လာပြောပေးတယ်။ စိတ်ပူပြီး ဆေးရုံကို သွားကြည့်တော့ သေနတ်ပစ်ခံရတယ် ဆိုတာသိရတယ်။ အရေးပေါ်ခန်းကို ဝင်ခွင့် မပေးဘူး။ ရင်တွေပူပြီး ငိုတာပေါ့လေ။ လူတွေလည်း အများ ကြီးပဲ။ မိတ်ဆွေတွေက အိမ်ပြန်ပို့ပေးတယ်။
ဝမ်းနည်းဆုံးနေ့ တစ်နေ့
''အိမ်မှာလည်း သတင်းလာမေးတဲ့ လူတွေရောက်နေပြီ။ ဗိုလ်ချုပ်တို့လုပ်ကြံခံရတာ ချက်ချင်း သတင်းပျံ့ သွားပုံရတယ်။ လူကလည်း ဘာမှမပြောနိုင်ပေါ့လေ။ ကျွန်မက ညီအစ်မ လေးဦး မှာ တတိယပါ။ အစ်မအကြီးဆုံးက လာတဲ့ဧည့်သည်တွေကို ဖြေရမှာ ခက်နေမှာစိုးလို့ အိမ်အပေါ်ထပ်ကို ကျွန်မကို တွဲပြီး ခေါ်သွားတယ်။ တစ်နေ့လုံး၊ တစ်ညလုံး ငိုနေမိတယ်။ အဲဒီနေ့ ကတော့ မိသားစုရဲ့ ဝမ်းနည်းဆုံးနေ့တစ်နေ့ပါပဲ'' ဟု အဘွား ဒေါ်သိန်ြး<ွကယ်က ပြောပြနေသည်။
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူ တရပ်(တ်)ဝိန်းနှင့် ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ်တပ်ရင်းတွင် တပ်ခွဲတပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်မြင်၍ ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ သုံးဦးအနက် ပထမရခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မ္တလေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနားမြို့ အရေးပိုင်၊ ထိုမှ လမ်းပန်း ဆက်သွယ်ရေးအတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။
ထူးခြားတဲ့ အာဇာနည်
''မနှစ်က အာဇာနည်နေ့ အခမ်းအနား ပြောင်းလဲမှုတွေကို တွေ့ရတော့ အားရကျေနပ်မှု ရှိပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပိုပြီးအရေးကြီးလာပြီလို့ မြင်တယ်။ (၂၁) ရာစု ပင်လုံကိုလည်း စိတ်ဝင်စားတယ်။ အာဇာနည်ဆိုတာ အဓိပ္ပာယ် ဖွင့်ဆိုချက်က တစ်သမတ်တည်းတော့မရှိဘူး။ ဖြစ်တဲ့အခြေအနေ၊ ဖြစ်တဲ့အချိန်အခါနဲ့ ဖြစ်ရပ်ပေါ် မူတည်ပြီး အာဇာနည်ပုံရိပ်က ကွာသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်ကတော့ ထူးခြားတယ်။ ကျောင်းသားဘဝကတည်းက သခင်ဖြစ်ခဲ့တယ်။ ရဲဘော်သုံးကျိပ်ဝင်လည်း ဖြစ်ခဲ့တယ်။ ပညာလည်း တော်တယ်။ ပြီးတော့သတ္တိလည်းရှိတယ်၊ ဇွဲရှိတယ်၊ အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်တယ်။ စည်းရုံးရေးလည်း တော်တယ်။
''ဒါကြောင့် ကျန်တဲ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေက လေးစားကြတာပါ။ ကျွန်တော်တို့လည်း ဗိုလ်ချုပ်ကို ငယ်ငယ်ကတည်းက အတုခိုးခဲ့တာပါ။ လူငယ်တွေ ကို မှာချင်တာက ဟိုတစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းလို ရှားရှား ပါးပါးခေါင်းဆောင်ကောင်းကို ရခဲ့တယ်။ သမိုင်းရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး နောင်တရ၊ သင်ခန်းစာ ယူဖို့ကောင်းပြီ။
(၂၁) ရာစု ပင်လုံညီလာခံမှာလည်း တိုင်းရင်းသား အားလုံး စည်းစည်းလုံးလုံး ပါဝင်သင့်တယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေ အသက်ပေးပြီး ရယူခဲ့တဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲဖို့ ကြိုးပမ်း ဆောင်ရွက်မှုကို အားလုံးဝန်းရံပေးဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ သမိုင်းဖြစ်စဉ်ကို သင်ခန်းစာယူဖို့ မမေ့စေ လိုပါဘူး။ အဲဒါမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိ တယ်လို့မြင်တယ်။ ငြိမ်းချမ်းရေးမှာ မိမိကျရာ အခန်းကဏ္ဍကနေ တစ်ဦးနဲ့ တစ်ဦး သည်းခံနားလည်ပြီး သမိုင်း ကောင်းရေးထိုးကြပါလို့ တိုက်တွန်းလိုပါတယ်'' ဟု ဦးမင်းမြတ်က ပြောသည်။
အတွင်းဝန် ဦးအုန်းမောင်သည် အင်္ဂလန်မှုဃှ အောင်မြင်သူ ဖြစ်သောကြောင့် ကျဆုံးပြီးနောက် ဇနီးဖြစ်သူကို ပင်စင်ငွေ ယနေ့တိုင်ပေးသည့်အပြင် သား သုံးဦးအတွက် ပညာသင်ထောက်ပံ့ငွေကိုလည်း အသက် ၂၄ နှစ်ထိ အင်္ဂလန်မှ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မကြာမီ အာဇာနည်နေ့ ကျရောက်တော့မည်ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရရှိရန် အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အာဇာနည်ခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြရသည်။ တိုင်းပြည်အတွက် အသက်ပေး သွားခဲ့သော အာဇာနည်ခေါင်းဆောင်များကို လွမ်းဆွတ် သတိရ၊ ကျေးဇူးတင်သောအားဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်မှန်းဆောင်ရွက်ခဲ့သော ငြိမ်းချမ်းသည့် ဖွံ့ဖြိုးတိုးတက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံကြီးဖြစ်အောင် မြန်မာပြည်သူ ပြည်သား အားလုံးက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။
သတင်းဆောင်းပါး - သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး
No comments:
Post a Comment