Latest News

Monday, July 30, 2018

ပုဂံနှင့် ကန်တော့ပလ္လင်

ပုဂံနှင့် ကန်တော့ပလ္လင်

မြန်မာနိုင်ငံတွင်သာမက က္ဘာ့အလယ်တွင်ပါ ထင်ရှားသည့် မြန်မာ့ယဉ်ကျေးမှုနယ်မြေတစ်ခု ဖြစ်သော ပုဂံကို ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကဦးစီး၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။

စည်းလုံးညီညွတ်သော ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့်နေရာအဖြစ် ထင်ရှားသည့် ပုဂံဒေသ၏ သမိုင်းသည် နှုတ်ပြောဒဏ္ဍာရီများနှင့် ရောထွေးနေခဲ့သော်လည်း ပုဂံခေတ်က တည်ဆောက်ခဲ့သည့် ထင်ရှားသော စေတီပုထိုးများစွာကို ယနေ့တိုင် မြင်နေတွေ့နေကြရပေသည်။ပုဂံစေတီပုထိုးများ
ပုဂံဧရိယာသည် အလျား ၁၃ ကီလိုမီတာနှင့် အနံ ခြောက်ကီလိုမီတာ ကျယ်ဝန်း၍ ဧရာဝတီ မြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပုဂံနယ်မြေ အဝန်းအဝိုင်းအတွင်းရှိ ရှေးဟောင်း စေတီပုထိုးများ အရေအတွက်ကို လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်းဟူသည့် အဆိုအရ ၄၄၄၆ ဆူ ရှိခဲ့ကြောင်း ယူဆခဲ့ကြသည်။

ပုဂံဒေသရှိ စေတီပုထိုးများသည် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်(ခရစ်နှစ် ၁၄၂၇-၁၄၈ဝ)တွင် ကောက်ယူခဲ့သည့် မှတ်တမ်းအရ ၄၄၇၄ ဆူ (ဝင်းဝင်းထိန်လျှံ၊ ပုဂံဘုရားပေါင်း)ရှိ ပြီး ကုန်းဘောင်ခေတ်ဖြစ်ဟန်ရှိသည့် (မြတ် ဘုရားဆူရေ၊ ဖြူရွှေလိုဝင်း၊ ပုဂံပြည်ဘယ်တိုင်း ဌာနီမှ စံမမီလွန်ထင်ရှား၊ စောမုနိများ) မှတ်သား ချက်အရ ၄၄၄၅ ဆူ ဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်း များအရ ပုဂံဒေသရှိ စေတီပုထိုးများ အရေ အတွက်သည် ၂၂၁၇ ဆူရှိပြီး ကျောင်းကြီးအုတ် နီ ကိန်းနှင့်ညီ စေတီဂူဘုရားဟု မှတ်သားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ယူနက်စ်ကို အဖွဲ့၏ အကူအညီဖြင့် ပြင်သစ်လူမျိုးဗိသုကာ ပညာရှင် Pierre Pichard ကောက်ယူခဲ့သည့် စာရင်းအရ ၂၈၃၄ ဆူရှိသည်။၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိ စေတီပုထိုးများနှင့် ရှေးဟောင်းအဆောက် အအုံများစာရင်းကို ပြန်လည်ကောက်ယူခဲ့ရာ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ပြန်လည်တည်ဆောက် ခဲ့သည့်ကုန်းများနှင့် မတူးဖော်ရသေးသည့် ကုန်းများအပါအဝင် ၃၈၂၂ ဆူရှိကြောင်း သိရှိ ရပေသည်။

ပုဂံရှိ ရှေးဟောင်းစေတီများ၊ တစ်ထပ်လိုဏ် ဂူများ၊ နှစ်ထပ် သုံးထပ် လေးထပ် အဆောက် အအုံများ၊ ဥမင်များ၊ တစ်ထပ်ကုလားကျောင်း များ၊ ပိဋကတ်တိုက်များနှင့် သိမ်များအနက် စေတီများကို ယေဘုယျအားဖြင့် လိုဏ်ပါသည့် အဆောက်အအုံ (ွှနာစူန) နှင့် လိုဏ်မပါသည့် အဆောက်အအုံ(ှအကစေ) ဟု ခွဲခြားနိုင်သည်။ လိုဏ်ပါသည့် ကြီးမားသောဘုရားများကို ဘုရင် များကတည်ခဲ့ကြရာ ကန်တော့ပလ္လင်သည် တစ်ဆူအပါအဝင် ဖြစ်ပေသည်။

ကန်တော့ပလ္လင်
ဆန်းပြားသည့် နောက်ခံရာဇဝင်များရှိနေ သည့် ကန်တော့ပလ္လင်ဂူဘုရားသည် ပုဂံမြို့ ဟောင်း၏ အနောက်တောင်ဘက်၊ ပုဂံရှေး ဟောင်းသုတေသနပြတိုက်၏ မြောက်ဘက်တွင် တည်ရှိသည်။ ပုဂံရှိ ရှေးဟောင်းအဆောက်အအုံ များအနက် ဓမ္မရံသည် ထုထည်အကြီးမားဆုံး၊ သဗ္ဗညုသည် ဉာဏ်တော်အမြင့်ဆုံးနှင့် အာနန္ဒာ သည် အနုလက်ရာအကောင်းဆုံးဟု သတ်မှတ်ခဲ့ ကြသည်။ ထို့အတူ ဗိသုကာလက်ရာ အကောင်း ဆုံး အဆောက်အအုံအဖြစ် ကန်တော့ပလ္လင်ကို ရည်ညွှန်းပြောဆိုလေ့ရှိခဲ့ကြသည်။
ကန်တော့ပလ္လင်ဂူဘုရားကို အလောင်း စည်သူမင်းကြီး၏ မြေးဖြစ်သူ နရပတိစည်သူမင်း က ခရစ်နှစ် ၁၁၇၅ ခုနှစ် တွင် တည်ထားခဲ့သည်။အလောင်းစည်သူမင်းကြီးက မိမိ၏ဘေးတော်၊ ဘိုးတော်တို့သည် မိမိလောက် ဘုန်းတန်ခိုး အာဏာမရှိခဲ့ဟု ပြစ်မှားမိသဖြင့် မျက်စိကွယ် သွားခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် မင်းကြီး သည် ဘေးတော် ဘိုးတော်များ၏ ရုပ်တုများကို ထုလုပ်၍ ပလ္လင်ပေါ်တင်ကာ တောင်းပန်ကန်တော့ ခဲ့ပြီးနောက် မျက်စိနှစ်ကွင်း ပြန်လင်းခဲ့သည်။ဘိုးတော် အလောင်းစည်သူမင်း ကန်တော့ခဲ့ သည့် ပလ္လင်နေရာတွင် မြေးတော်နရပတိစည်သူ က စေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ရာ ကန်တော့ပလ္လင်ဟု ဘွဲ့ မည်တွင်ခဲ့ကြောင်း အစဉ် အဆက် ယုံကြည်ခဲ့ကြသည်။ ကန်တော့ပလ္လင် ဘုရား၏ မြောက်ဘက်ရှိ ရှင်ပွင့်လင်း (စေတီ အမှတ် ၁၆၃၅)သည် အလောင်းစည်သူမင်း မျက်စိ အလင်းရခဲ့သည့်နေရာတွင် တည်ထားခဲ့သည့် စေတီဟု ဆိုခဲ့ကြပေသည်။
ကန်တော့ပလ္လင် ဂူဘုရားသည် အရှေ့ဘက်မုခ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရှေ့ဘက်ဝဲယာ တွင် ထုလုပ်ထားသည့် ဂေါဓနှင့် ဂေါဓော အမည် ရှိ ဘီလူးနှစ်ကောင်၏ အမည်များကို အစွဲပြု၍ ဂေါဓပလ္လင်၊ ဂေါဓောပလ္လင်ဟုလည်း အမည်တွင် ခဲ့သည်။

ထို့အတူ နရပတိစည်သူမင်းသည် ကန်တော့ ပလ္လင်ဘုရားကို တည်ထားရန် လူအများအား ခိုင်းစေခဲ့ရာ ပံ့သကူ မထေရ်က တားမြစ်ခဲ့သဖြင့် နရပတိစည်သူက ပံ့သကူမထေရ်ကို ပုဂံမှ နှင်ခဲ့ သည်ဟု ဆိုခဲ့ကြသည်။ ပံ့သကူမထေရ်သည် ပုဂံ မှသီဟိုဠ်သို့ထွက်ခွာရန် စီစဉ်နေချိန်တွင် နရပတိ စည်သူမင်းသည် မထေရ်မြတ်ကို တောင်းပန် ကန်တော့ခဲ့ပြီး ယင်းနေရာတွင် ကန်တော့ပလ္လင် ဘုရားကို တည်ခဲ့သည်ဟုလည်း ဆိုခဲ့ကြသည်။
နရပတိစည်သူမင်းသည် ကန်တော့ပလ္လင် ဘုရားမပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော် နားတောင်းများမင်းက ဆက်လက်တည်ထားခဲ့ ရာ မြန်မာသက္ကရာဇ် ၅၈၈ ခုနှစ် နှောင်းတန်ခူး လဆန်း ၈ ရက်(ခရစ်နှစ် ၁၂၂၇ ခုနှစ်၊ မတ်လ ၂၆ ရက်)သောကြာနေ့တွင် ပြီးစီးခဲ့သည်ဟု ပုဂံ စေတီပုထိုးများ သမိုင်းစာအုပ်တွင်ဖော်ပြထား သည်။
ကန်တော့ပလ္လင်သည် စူဠာမဏိစေတီနှင့် ထီးလိုမင်းလိုစေတီတို့နှင့် ဖွဲ့စည်းပုံဆင်တူသည့် ကြီးမားသော ဂူဘုရားတစ်ဆူဖြစ်သည်။ ယခင်က ကန်တော့ပလ္လင်ကို လိုဏ်သုံးဆင့်ဘုရားဟု သတ် မှတ်ခဲ့သော်လည်း ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့ သည့် ငလျင်ကြောင့် အပေါ်ဆုံးကွမ်းတောင်၏ အောက်ဘက်တွင် လျှို့ဝှက် လိုဏ်ပတ်လမ်းတစ်ခု ကို တွေ့ရှိခဲ့ရသဖြင့် ကန်တော့ပလ္လင်သည် လိုဏ် လေးဆင့် ဂူဘုရားတစ်ဆူဖြစ်ကြောင်း တွေ့ရှိခဲ့ ကြသည်။

ဂူနှစ်ဆင့် တည်ဆောက်ပုံ
ပုဂံခေတ် အေဒီ ၁၂ ရာစုလက်ရာ ကန်တော့ ပလ္လင်ဘုရား၏ ဗိသုကာလက်ရာများကို အောက်ခံတိုက်မ၊ ဂန္ဓကုဋိ၊ လိုဏ်ပတ်လမ်းများ၊ အပေါ်ထပ်လိုဏ်နှင့် မုခ်တံကဲများ၊ ပစ္စယာ အဆင့် ဆင့်နှင့်ကွမ်းတောင်အထွတ်စေတီ၊ ထောင့် စေတီများ၊ ရုပ်ပွားဆင်းတုတော်များ၊ အင်္ဂတေ လက်ရာများနှင့် တံတိုင်းမုခ်ဦးစေတီများတွင် တွေ့ရှိနိုင်ကြသည်။
ကန်တော့ပလ္လင်၏ အောက်ခံတိုက်မသည် ၂၈ မီတာ ပတ်လည်ရှိကာ အာရုံခံမုခ်ဦးကို အရှေ့ ဘက်သို့ ထုတ်ထားပြီး ကျန်မုခ်သုံးပေါက်တွင် အဝင်မုခ်ဦးတစ်ခုစီကို ပြုလုပ်၍ အပေါ်တွင် စိန် တန်းပတ်လည် ပစ္စယာသုံးဆင့်စီခံထားသည်။ တိုက်မကြီး၏ ပစ္စယာသုံးဆင့်တွင် ပတ်လမ်း များပြုလုပ်ထားကာ ပစ္စယာထောင့်နေရာများ တွင် စေတီများစိုက်ထူထားသည်။
တိုက်မကြီး၏ အရှေ့ဘက်အာရုံခံမုခ် အထက် ပစ္စယာနှစ်ဆင့် ထောင့်များတွင် စေတီများရှိပြီး ကျန်မုခ်တစ်ခုစီပေါ်တွင်လည်း စေတီတစ်ဆူစီ ရှိသည်။ အာရုံခံအမိုးမှ တတိယပစ္စယာသို့ တက် ရန် လှေကားနှစ်ခုကို အပြိုင်ပြုလုပ်ထားကာ အောက်ခံတိုက်မပေါ်တွင် စေတီ ၂၂ ဆူ တည်ထား ခဲ့သည်။

ကန်တော့ပလ္လင်ဂူဘုရား အောက်ခံတိုက်မ သည် အရှေ့ဘက်သို့မျက်နှာမူထားကာ မုခ်ပေါက် ကြီး လေးခုအပါအဝင် မုခ်ပေါက် အကြီးအငယ် ၂ဝ ရှိသည်။ ဘုရားကြီး၏ အောက်ထပ် အလယ် ဗဟိုရှိ စတုရန်းပုံ မဏ္ဍိုင်လေးဘက်၌ ပတ်လမ်း ပြုလုပ်ထားကာ ရုပ်ပွားတော်ကြီးတစ်ဆူစီကို တံကဲကျောင်းဆောင်များအတွင်း၌ ထည့်သွင်း ပူဇော်ထားသည်။ ဆင်းတုတော်များရှေ့တွင် သင်ပုတ်ပလ္လင်တစ်ခုစီထားရှိပြီး အရှေ့ဘက်မုခ် ပေါက်ရှိ ရုပ်ပွားဆင်းတုတော်ကြီး၏ ရှေ့တွင် ဂေါဓောနှင့် ဂေါဓ အမည်ရှိ ဘီလူးရုပ်နှစ်ရုပ်ကို မြင်တွေ့ကြရပေသည်။
တိုက်မကြီး၏ လိုဏ်အတွင်း အရှေ့ဘက် လက်ဝဲလက်ယာနှစ်ဖက်၌ အပေါ်ထပ်သို့ တက် နိုင်ရန် နံရံကိုဖောက်၍ ကြောင်လိမ်လှေကား တစ်စင်းစီ ပြုလုပ်ထားသည်။

ကန်တော့ပလ္လင်ဂူဘုရားကြီး၏ အထက်တွင် ရှိသည့် လေးမျက်နှာဂူကို အောက်ခံတိုက်မ၏ တတိယပစ္စယာပေါ်တွင် တည်ထားကာ စင်္ကြံ လမ်းဖြင့်ပတ်ထားသည်။ အပေါ်ဂူကြီးသည်လည်း အရှေ့ဘက်သို့ မျက်နှာမူထားပြီး အဝင်မုခ်ပေါက် ကြီးလေးခု၊ မုခ်ပေါက်ငယ် နှစ်ခုနှင့် ပြတင်းမုခ် ပေါက် ခြောက်ပေါက် ဖောက်လုပ်ထားသည်။ အပေါ်တိုက်မကြီးတွင် ပစ္စယာသုံးဆင့်ခံလျက် ပစ္စယာထောင့်များတွင် စေတီများတည်ထား သည်။ ပစ္စယာသုံးဆင့်၏ အလယ်တွင် လှေကား မုခ် သုံးခုစီရှိပြီး ဂူကြီး၏ အထက်တွင်ကွမ်းတောင် ပေါက်စေတီတော်ကို တည်ထားခဲ့သဖြင့် အဝေး မှပင် ကြည်ညိုဖွယ်ဖူးတွေ့ကြရပေသည်။
ကန်တော့ပလ္လင်ဂူဘုရားသည် လိုဏ်နှစ်ထပ် စေတီတော်ကြီးဖြစ်ကာ အပေါ်နှင့်အောက်တွင် စေတီ ၃၇ ဆူနှင့် မုခ်ပေါက် ၃၂ ပေါက်ရှိ သည်။
အပေါ်လိုဏ်ဂူတွင်လည်း အလယ်မဏ္ဍိုင်နှင့် ပတ်လမ်းပြုလုပ်ထားပြီး မဏ္ဍိုင်ကို ကျောမှီလျက် မုခ်လေးဖက်တွင် အင်္ဂတေရုပ်ပွားတော် တစ်ဆူ စီရှိရာ အရှေ့ဘက်မုခ်ရှိ ဆင်းတုတော်သည် အကြီးဆုံးဖြစ်သည်။ အထက်တိုက်မအတွင်း၌ အောက်ခံတိုက်မကဲ့သို့ပင် ဝဲယာနှစ်ဖက်၌ ကြောင်လိမ်လှေကားတစ်စင်းစီ ပြုလုပ်ထား သဖြင့် မြေညီထပ်မှ ကွမ်းတောင်အထိ တက် ရောက်နိုင်ရန် စီစဉ်ထားခဲ့သည်။ ကန်တော့ပလ္လင် ဂူဘုရားကြီးတွင် ကြောင်လိမ်လှေကား လေးစင်း၊ အပေါ်ထပ်တွင် အာရုံခံအမိုးပေါ်မှ လိုဏ်ဂူစင်္ကြံ အထိတက်ရောက်ရန် လှေကားနှစ်စင်း၊ နတ်လမ်း လှေကား သုံးစင်းရှိသဖြင့် စုစုပေါင်းလှေကား ကိုးစင်းရှိသည်။
ကန်တော့ပလ္လင်ဘုရားသည် ဖိနပ်တော်မှ ချရားသီးအထိ ဉာဏ်တော် ပေ ၁၈ဝ မြင့်ကာ လိုဏ်ပတ်လမ်းများကို မြေညီအောက်ခံတိုက်မ၊ ဒုတိယပစ္စယာ၊ အထက်ဆင့် လိုဏ်ဂူတို့တွင် ပြု လုပ်ခဲ့သည်။ ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ဒုတိယပစ္စယာကို ပြင်ဆင်ခဲ့စဉ် ငါးပေခြောက် လက်မကျယ်၍ ပေါင်းကူးအမြင့် ရှစ်ပေ သုံး လက်မ မြင့်သော စတုတ္ထလိုဏ်ပတ်လမ်းတစ်ခုကို တွေ့ရှိခဲ့ရသဖြင့် ကန်တော့ပလ္လင် ဂူဘုရားကြီးကို လိုဏ်လေးဆင့်ဟု ဆိုနိုင်ခဲ့ပေသည်။

ဗိသုကာလက်ရာနှင့် ဆင်းတုတော်များ
ကန်တော့ပလ္လင်ဘုရားကြီးကို ဘုရင်နှစ်ဆက် တည်ဆောက်ခဲ့ကာ ပုဂံခေတ် ဗိသုကာပညာရှင် များ၏ အနုလက်ရာများကို အများဆုံး မြင်တွေ့ နိုင်ကြသည်။အေဒီ ၁၂ ရာစုတွင် တည်ထားခဲ့ သည့် ဘုရားကြီး၏ ဗိသုကာ လက်ရာများသည် အလွန်ပြေပြစ်လှပခဲ့သည်။ဘုရားကြီးတစ်ခုလုံး တွင် မုခ်ပေါက် ၃၂ ပေါက်ဖောက်လုပ်ထားသဖြင့် နေရောင်နှင့် လေဝင် လေထွက်ကောင်းမွန်ခဲ့ကာ မုခ်ပေါက်များကို နှစ်ထပ်တံကဲ၊ စေတီပုံတံကဲ၊ မီးလျှံဖြာနေပုံ တံကဲများဖြင့် အနုစိတ် ပုံဖော်ခဲ့ သည်။ ဘုရားကြီးကို အလျား ၄၃ စင်တီမီတာ၊ အနံ ၂၂ စင်တီမီတာနှင့် ထု ၆ စင်တီမီတာ အရွယ် ရှိသည့် အုတ်များဖြင့် တည်ဆောက်ခဲ့သည်။

ကန်တော့ပလ္လင်ဂူဘုရား၏ အလှပဆုံး လက်ရာသည် ကွမ်းတောင်ဖြစ်ကာ ပုဂံရှိကွမ်း တောင်ပေါက်စေတီတော်များတွင် အလှပဆုံး လက်ရာဖြစ်သည်ဟု ဆိုကြသည်။ ၁၉၇၅ ခုနှစ် ငလျင်မလှုပ်မီက စေတီတော်၏ ကွမ်းတောင် သည် မူလလက်ရာ ၈ဝ ရာခိုင်နှုန်းရှိခဲ့သည်။
ကန်တော့ပလ္လင်ဘုရား၏ အုတ်စီအုတ်နင်းနှင့် တည်ဆောက်ပုံ ဗိသုကာလက်ရာသည် အဆင့် အတန်းမြင့်မားကာ စိန်တန်းများတစ်လျှောက် တွင် စဥ့်ကွင်းများ ထည့်သွင်းခဲ့ပြီးြ<ွကင်းကျန် နေသည့် စဥ့်ချပ်များကို မြင်တွေ့နိုင်ကြသည်။ ဂူဘုရားကြီး၏ အပေါ်ထပ်နှင့်အောက်ထပ် ချင် မိတ်တိုးတန်းများနှင့် ဘီလူးပန်းဆွဲများအကြား တွင် သဲကျောက်ဖောင်းလုံးတန်းများ ထည့်သွင်း ထားပြီး အဆောက်အအုံကြီး၏ ထောင့်နေရာ များကို သုံးပေရှည်၍ ၁ဝ လက်မထူသော ကျင် တွယ်ပုံ ကျောက်ထောင့်ချုပ်များဖြင့် ချုပ်ထား ခဲ့သည်။ လိုဏ်ပေါင်းကူးများကို ခိုင်ခံ့မှုအား ကောင်းစေရန် အုတ်ပေါင်းကူးများအကြားတွင် ကျောက်ပေါင်းကူးများကို ထည့်သွင်းတည် ဆောက်ထားသည်။

ကန်တော့ပလ္လင် ဘုရားတွင် စံပယ်နေကြ သည့် ဆင်းတုတော်များ၏ လက်တော်ဟန်များ သည် ဘူမိဖဿမုဒြာ (လက်တော်မြေထိဟန်) ဖြစ်ကာ ဆင်းတုတော်များ၏ နောက်ခံတွင် ဗောဓိညောင်ပင်ပုံ ဆေးရေးပန်းချီများရှိခဲ့သဖြင့် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်တော်မူခန်းကို ရည်òန်းခဲ့ဟန်ရှိပေသည်။ ဘုရားကြီး၏ အောက်ထပ်လိုဏ်အတွင်း အလယ်မဏ္ဍိုင်ကို ကျောမှီထားသော ဆင်းတုတော်များသည် ပလ္လင်ပေါ်တွင်ထိုင်ကာ အရပ်လေးမျက်နှာသို့ မျက်နှာမူနေကြသည်။ ရုပ်ပွားတော်လေးဆူ၏ အပေါ်တွင် နံရံတံကဲများပြုလုပ်ထားပြီး နံရံဆေး ရေးပန်းချီများမှာ ပျက်စီးနေပြီဖြစ်ပေသည်။

ရုပ်ပွားဆင်းတုတော်များရှေ့၌ ဆွမ်း၊ ရေချမ်း၊ ပန်းတို့ကို ကပ်လှူသည့် သင်ပုတ်ပလ္လင်များရှိကာ အရှေ့ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ဆွမ်း၊ အနောက် ဘက် သင်ပုတ်ပလ္လင်တွင် ပန်း၊ တောင်ဘက် သင်ပုတ်ပလ္လင်တွင် ကျမ်းနှင့် မြောက်ဘက် သင်ပုတ်ပလ္လင်တွင် ပန်းတို့ကို ဆက်ကပ်လှူဒါန်း သည်ဟု ဆိုခဲ့ကြသည်။တောင်ဘက်သင်ပုတ် ပလ္လင်ပေါ်တွင် ကျိန်စာကျမ်းများထားရှိခဲ့ပြီး အမှုအခင်းဖြစ်ပွားကြသူများသည် ယင်းကျမ်းစာ များကို ကိုင်တွယ်၍ ကျမ်းကျိန်ခဲ့ကြကြောင်း ဆိုစမှတ်ရှိခဲ့သည်။
ပုဂံရှိ လိုဏ်နှစ်ဆင့် ဘုရားများတွင် သဗ္ဗညု ဘုရားမှလွဲ၍ အပေါ်ထပ်နှင့် အောက်ထပ်တွင် ဗုဒ္ဓ ဆင်းတုတော်လေးဆူစီထားရှိလေ့ရှိခဲ့ရာ ကန်တော့ ပလ္လင်ဂူဘုရားတွင်လည်း အပေါ်ထပ်နှင့် အောက် ထပ်တွင် ရုပ်ပွားတော် လေးဆူစီ ပူဇော်ထားရှိ ခဲ့သည်။(သဗ္ဗညုဘုရား၏ အပေါ်ထပ်လိုဏ်တွင် ရုပ်ပွားတော်တစ်ဆူသာ ရှိသည်။)

ကန်တော့ပလ္လင်ဘုရားကို စတုရန်းပုံ အုတ် မဟာရံတံတိုင်းနှစ်ထပ်ကာရံခဲ့ရာ အပြင်တံတိုင်း ၏ မျက်နှာတစ်ဖက်စီ၏ အလယ်တွင် အဝင်မုခ် တစ်ခုစီရှိခဲ့သည်။ ယင်းအဝင်မုခ်များပေါ်တွင် စေတီများတည်ထားခဲ့ပြီး ဝင်ပေါက်များ၏ တစ် ဖက်စီတွင် တံခါးလည်နိုင်ရန် ကျောက်ဆုံတစ်ခု စီ မြှုပ်ထားပြီး အပေါ်ပိုင်းတွင် တံခါးတိုင်စွပ်ရန် သံကွင်းများရှိခဲ့သည်။ ယခုအခါတွင် မူလတံခါး များမရှိတော့သဖြင့် သံတံခါးများဖြင့် အစားထိုး တပ်ဆင်ထားသည်။
အတွင်းမီးတားတံတိုင်းအဖြစ် ကန်တော့ ပလ္လင်ဂူဘုရား၏ အောက်ခံနှင့် ဆက်စပ်ပြုလုပ် ထားကာ သုံးပေ ငါးလက်မမြင့်သည့် အုတ်တိုင် များဖြင့် ကာရံထားသည်။ ဘုရားဝင်းတံတိုင်း အတွင်း အရှေ့တောင်ထောင့်တွင် ပုဂံခေတ် နောက်ပိုင်းလက်ရာ ရှစ်မျက်နှာဘုရားနှင့် ခေါင်း လောင်းတိုင်နှစ်တိုင်၊ အရှေ့မြောက်ထောင့်တွင် နှောင်းခေတ်လက်ရာ စေတီရိုးတစ်ဆူတို့တည် ရှိနေကြသည်။

၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်တွင် လှုပ်ခတ်ခဲ့ သည့် ငလျင်ကြောင့် ပုဂံရှိ စေတီပုထိုးများပြိုကျ ပျက်စီးခဲ့ရာတွင် ကန်တော့ပလ္လင်သည် ဖောင်း ရစ်မှစ၍ ပြတ်ကျပြီး အပေါ်ပိုင်းတစ်ခုလုံးကြေမွ သွားခဲ့သည်။ အထွတ်စေတီအပါအဝင် ကွမ်း တောင်နှင့် အရံစေတီများအားလုံးမြေခခဲ့ သဖြင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည် ဆောက်ခဲ့ရပေသည်။
ဂူကြီးအားပြုပြင်စဉ်တွေ့ရှိခဲ့သည့် ဓာတ်တော် ကြုတ်များ၊ရွှေဆင်းတုနှစ်ဆူ၊ ရွှေစေတီနှစ်ဆူ၊ အုတ်ခွက်ဘုရားများ၊ ကျောက်မျက်ရတနာများနှင့်ရွှေကြိုးဆိုင်းငွေကြုတ်တို့ကို ဘုရားကြီးတွင် ပြန်လည် ဌာပနာခဲ့သည်။

နရပတိစည်သူမင်းကြီးသည် စေတီရှစ်ဆူ တည်ခဲ့သည့်အနက် ပုဂံရှိ စူဠာမဏိ၊ဓမ္မရာဇကနှင့် ကန်တော့ပလ္လင်တို့သည် အကြီးဆုံးနှင့် အထင် ရှားဆုံးဖြစ်ခဲ့သည်။ နရပတိစည်သူ၏ သားတော် နားတောင်းများမင်းကြီး၏ ကောင်းမှုတော် စေတီပုထိုးများတွင်လည်း ထီးလိုမင်းလို၊ မဟာ ဗောဓိ၊ စေတနာကြီးနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်ခဲ့ကြသည်။

သက်တမ်းအားဖြင့် နှစ် ၈ဝဝ နီးပါးရှိနေပြီဖြစ် သည့် ကန်တော့ပလ္လင်ဂူဘုရားကြီးသည် ပုဂံ ခေတ်၏ ဗိသုကာလက်ရာ အကောင်းဆုံး အဆောက်အအုံအဖြစ် ရပ်တည်လျက်ရှိနေပြီး ပုဂံသို့ ရောက်ရှိလာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်လေ့ရှိကြသည့် ရှေးဟောင်း စေတီကြီးတစ်ဆူလည်းဖြစ်ပေသည်။ ကန်တော့ ပလ္လင်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တိုင်း စည်ကားသိုက် မြိုက်စွာ ကျင်းပမြဲဖြစ်သည်။

သမိုင်းဝင်ရှေးဟောင်းဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေး မှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံ ၏ ယဉ်ကျေးမှုတန်ဖိုးကို မြှင့်တင်နိုင်ကြမည်ဖြစ် ရာ ကန်တော့ပလ္လင်ဘုရားအပါအဝင် ပုဂံဒေသရှိ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ ကို ပြည်သူတိုင်းက ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လျက် မြန်မာတို့၏ ပုဂံဂုဏ်ရည်ကို မြှင့်တင်ကြရမည်သာ ဖြစ်ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

No comments:

Post a Comment