Latest News

Monday, July 30, 2018

ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ကုသနည်းများ

ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ကုသနည်းများ

ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုတွေနဲ့ ထိတွေ့နေသူများ၊ ကြက်၊ဘဲရောင်းဝယ်သူများ၊ ချက်ပြုတ်ရောင်းချသူများနှင့် အိမ်ရှင်မများတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်နိုင်ကြောင်း၊ ရိုးရိုးတုပ်ကွေးနှင့်မတူဘဲ ဗိုင်းရပ်ပိုးဟာ အဆုတ်ထဲကို တန်းရောက်သွားကြောင်း၊ အဆုတ်ရောင်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းများဖြစ်ပြီး သေဆုံးနိုင်ကြောင်း စသည့် အချက်အလက်များကို မြဝတီသတင်းစာဖတ်ပရိသတ်ကြီး သိရှိစေရန် ဒေါက်တာခင်မောင်လွင်(FAME)နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။   ။ ဆရာရှင့်။    လူတစ်ယောက်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်တယ်၊  မဖြစ်ဘူးဆိုတာဘယ်လိုမျိုးသိနိုင်ပါသလဲ။ ရောဂါလက္ခဏာကရော ရိုးရိုးတုပ်ကွေးနဲ့ ဘယ်လိုကွာပါသလဲဆရာ။

ဖြေ။ ။  အဓိကအချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က တုပ်ကွေးရဲ့လက္ခဏာတွေ ရှိရပါမယ်။  ဒါပေမဲ့  ဒီတုပ်ကွေးက ရိုးရိုးSeasonal flu က ဖြစ်နိုင်သလို kd Bird flu ကလည်းဖြစ်နိုင်သေးတယ်။  ဒုတိယအချက်အနေနဲ့ ကြက်ငှက်တွေနဲ့ထိတွေ့တဲ့history ရှိမယ်ဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါလို့ သံသယရှိနိုင်ပါတယ်။
- ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုစတာတွေနဲ့ ထိတွေ့မှုရှိ၊ မရှိ ဥပမာကြက်ခြံမှာ လုပ်တဲ့သူ၊ ကြက်၊ဘဲ ရောင်းဝယ်တဲ့သူတို့ဆိုရင်တော့ အထူးပြောစရာမလိုဘူးပေါ့။
- သူတို့ရဲ့မိသားစုဝင်တွေ ဥပမာ-အဖေလုပ်တဲ့သူက ကြက်ခြံမှာလုပ်ရင် သားသမီးတွေဆီကို အဝတ်အထည်နဲ့ ခန္ဓာကိုယ်မှာ ကပ်ငြိလာနိုင်တဲ့  ဗိုင်းရပ်တွေကနေ တစ်ဆင့်ကူးနိုင်လို့ပါ။
- ကြက်သား၊ ဘဲသား စတဲ့အသားတွေခုတ်ထစ်ရောင်းချသူ၊  ချက်ပြုတ်ရောင်းချသူ အိမ်ရှင်မများမှာလည်း ဖြစ်နိုင်ပါတယ်။ တုပ်ကွေးရဲ့လက္ခဏာကတော့ အများလည်း ဖြစ်ဖူးကြတော့ သိပြီးသားဖြစ်မှာပါ။ ဒီနေရာမှာ ကျွန်တော်တို့ ခါတိုင်းဖြစ်နေကျ  တုပ်ကွေးရိုးရိုး (ှSeasonal Influenza) နဲ့ ကြက်ငှက်တုပ်ကွေး (Bird Flu) ဟာ များစွာကွာခြားမှု ရှိပါတယ်။ ရိုးရိုးတုပ်ကွေးအနေနဲ့ အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း (Upper Respiratory Tract) မှာသာအဓိကဖြစ်ပြီးLower Respiratory Tract ဖြစ်တဲ့  အဆုတ်ကို ထိခိုက်မှုနည်းပါတယ်။ ဒါကြောင့်မို့လို့ စဖြစ်ကတည်းက နှာချေမယ်။ နှာရည်ယိုမယ်။ လည်ချောင်းတွေနာမယ်။ ယားမယ်။ ချောင်းခြောက်ဆိုးမယ်။ မျက်စိတွေနီရဲပြီး ယားမယ်။ ရောင်မယ်စသည်ဖြင့် တွေ့ရပါတယ်။Bird Flu ကျတော့  ဒီလိုမဟုတ်ပါဘူး။  စလာကတည်းက  ဗိုင်းရပ်ပိုးဟာ  Upper Respir atory Tract  မှာ  ကပ်တွယ်နိုင်ခြင်း မရှိတဲ့ အတွက် Lower Respiratory Tract ဖြစ်တဲ့ အဆုတ်ထဲကို  တန်းရောက်သွားပါတယ်။ ဒီတော့ အဓိကအားဖြင့် viral pneumonia လို့ခေါ်တဲ့   အဆုတ်ရောင်ခြင်း လက္ခဏာကို  ဦးစွာတွေ့ရလေ့ ရှိပါတယ်။  အဆုတ်ရောင်တဲ့အတွက် ရင်ဘတ်တွေအောင့်မယ်။ အသက်ရှူရင်ပိုအောင့်မယ်။ ပြီးရင်ချောင်းဆိုးမယ်။ တချို့တလေ သွေးပါတတ်ပါတယ်။ အချို့လည်း နှာခေါင်းသွေးယိုတာတို့၊ သွားဖုံးကနေ သွေးယိုတာတို့ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးထဲမှာplaleletလို့ ခေါ်တဲ့   သွေးခဲစေတဲ့ပစ္စည်း  လျော့နည်းသွားလို့ပဲ ဖြစ်ပါတယ်။ နောက်ထူးခြားတာက  ဗိုက်အောင့်လာတတ်ပြီး   အန်တာဖြစ်တတ်ပါတယ်။   မကြာခင်မှာပဲ ဝမ်းအရည်တွေ သွားပါတယ်။  သွားတဲ့ဝမ်းထဲမှာ သွေးတွေ  ဘာတွေပါလေ့မရှိပါဘူး။  ဒါတွေကတော့   ကနဦးတွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

မေး။ ။ရိုးရိုးတုပ်ကွေးမှာ အဖျားတွေတက်ပြီးချမ်းသလိုမျိုးရော ဖြစ်ပါသလားဆရာ။

ဖြေ။ ။ မှန်ပါတယ်။ ရိုးရိုးတုပ်ကွေးပဲဖြစ်ဖြစ်၊ Bird Flu ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်ပိုးတွေဝင်လာတဲ့အတွက် ချက်ချင်းဆိုသလို လူကောင်းကနေ တန်းဖျားပါတယ်။ ဖျားရင် အဖျားကြီးတတ်ပြီး 38ံCအထက်မှာ ရှိပါတယ်။ ကိုယ်လက်တွေကိုက်ခဲတာ။ အဆစ်အမျက်တွေကိုက်တာ။  ခေါင်းကိုက်တာတွေ ဖြစ်တာကတော့ ရိုးရိုးတုပ်ကွေးလို တွေ့ရလေ့ရှိပါတယ်။

မေး။ ။ ခုနကဆရာပြောတဲ့ လက္ခဏာတွေကို Bird Flu   ဗိုင်းရပ်ပိုးဝင်ပြီး   ဘယ်နှရက်လောက်ကြာမှ တွေ့နိုင်ပါသလဲ။

ဖြေ။ ။ H5N1 ဗိုင်းရပ်ပိုး  ခန္ဓာကိုယ်ထဲဝင်ပြီး နှစ်ရက်ကနေ လေးရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို စတင်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကို incubation period (ရောဂါပျိုးချိန်) လို့ခေါ်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ သိခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဖြစ်လာတဲ့Bird Flu အချို့ကတော့ နည်းနည်းပိုကြာတတ်ပါတယ်။  ရှစ်ရက်ကနေ ၁၇ ရက်အထိ ကြာတဲ့လူနာတွေလည်း ရှိပါတယ်။

မေး။ ။ ရောဂါဖြစ်ရင် သေဆုံးနိုင်တဲ့  ရာခိုင်နှုန်းက ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ် မတ်လကုန်အထိဖြစ်ခဲ့တဲ့လူ ၁၈၆ ဦးမှာ ၁ဝ၅ ဦးသေဆုံးခဲ့ပြီး ဖြစ်တယ်ဆိုတော့ သေဆုံးမှုရာခိုင်နှုန်းဟာ ၅ဝ ရာခိုင်နှုန်း အထက်မှာရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်အောက် ကလေးတွေမှာဖြစ်ရင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားပါတယ်။ ၈၉ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ ကြက်ငှက်တုပ်ကွေးရဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့    သေဆုံးကြရတာ များပါတယ်။

မေး။ ။နောက်ဆက်တွဲဝေဒနာတွေဆိုတာ ဘာတွေကိုပြောတာပါလဲဆရာ။

ဖြေ။ ။(၁) အဓိကကတော့ အဆုတ်တစ်ခုလုံးရောင်ပြီး viral pneumonia နဲ့ သေဆုံးရတာ ဖြစ်ပါတယ်။ အဆုတ်ထဲမှာ ရတွေနဲ့ ပြည့်နေပြီး အသက်ရှူလို့ လုံးဝမရတော့ဘဲ viral pneumonia နဲ့သေဆုံးရတာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့အတွေ့အကြုံအရပြောရရင် ဆေးရုံကို စတက်တက်ချင်း ကတည်းက Respiratory  Failure ရပြီးဖြစ်တာကို တွေ့ရပါတယ်။
(၂) နောက်တစ်ခုကတော့ နှလုံးကိုထိခိုက်ပြီး နှလုံးဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘဲရေတွေနဲ့ပြည့်ပြီး  Cardiac dilatation နဲ့ သေဆုံးနိုင်ပါတယ်။ အချို့လည်း နှလုံးခုန်မြန်တာတို့ နှလုံးခုန်မမှန်တာတို့ဖြစ်ပြီး နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်ပါတယ်။
(၃) တတိယအချက်အနေနဲ့ ကျောက်ကပ်ပျက်စီးပြီး (Renal Failure) နဲ့ သေဆုံးနိုင်ပါတယ်။
(၄) အချို့လည်း ဗိုင်းရပ်ပိုးတွေဟာ သွေးထဲကနေ ဦးနှောက်ထဲရောက်ပြီး ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးနိုင်ပါတယ်။

မေး။ ။လူနာတစ်ယောက်မှာ ခုနကဆရာပြောခဲ့တဲ့ လက္ခဏာတွေရှိနေပြီဆိုရင် ကြက်ငှက်တုပ်ကွေး ရောဂါလို့ ပြောလို့ရပြီလားဆရာ။

ဖြေ။ ။ခုနကရောဂါလက္ခဏာတွေကြည့်ပြီး အတော်လေး ပြောလို့ရပါတယ်။ ဒါပေမဲ့ ပိုပြီးသေချာအောင် သွေးဖောက်စစ်ဆေးတာတို့၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာတို့  ပြုလုပ်ဖို့ လိုပါသေးတယ်။ အသေချာဆုံးကတော့ H5N1 ဗိုင်းရပ်ပိုးကို တွေ့အောင်ဖော်ထုတ်မှသာ ၁ဝဝ ရာခိုင်နှုန်း သေချာတယ်လို့ပြောနိုင်ပါတယ်။

မေး။ ။ ဒါဆိုရင်ရောဂါဖြစ်ဖြစ်ချင်း ချက်ချင်းကုသဖို့ လိုမှာပေါ့ဆရာ။

ဖြေ။ ။ မှန်ပါတယ်။ ခုနက အချက်နှစ်ချက်ရှိနေရင် တုပ်ကွေးလည်းဖြစ်မယ်။ ကြက်တွေငှက်တွေနဲ့    ထိတွေ့နီးစပ်မှုရှိမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ဆေးရုံတွေမှာပြသ စစ်ဆေးခံယူဖို့ လိုပါတယ်။ အဲဒီမှာလိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပြီးလို့ H5N1 မဟုတ်ဘဲရိုးရိုးတုပ်ကွေးဆိုရင်လည်း ဆေးရုံကနေ ချက်ချင်းပြန်ဆင်းရမှာဖြစ်ပါတယ်။ H5N1 ဆိုရင်တော့  သီးခြားအထူး ကြပ်မတ်ဆောင်မှာ ဂရုတစိုက်ကုသပါမှ   အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။  ရောဂါစဖြစ်ပြီး  ၄၈  နာရီအတွင်းမှာ   ထိရောက်တဲ့ကုသမှုခံယူဖို့လိုအပ်ပါတယ်။

မေး။ ။ H5N1 ကြက်ငှက်တုပ်ကွေးကို ကုသတဲ့အခါမှာ ဘယ်လိုမျိုးဆေးတွေကို အသုံးပြုရပါသလဲဆရာ။

ဖြေ။ ။တုပ်ကွေးရောဂါကို ကုသတဲ့ဆေးအနေနဲ့ အုပ်စုနှစ်ခုရှိပါတယ်။ ပထမအုပ်စုဖြစ်တဲ့ M2 inhibitor အုပ်စုတွေဖြစ်တဲ့ amantidine တို့ rimantadine တို့ကတော့ ရိုးရိုးတုပ်ကွေးမှာသာ    ထိရောက်မှုရှိပြီး H5N1မှာတော့ ထိရောက်မှုမရှိလို့ မသုံးကြပါဘူး။ ဒါပေမဲ့ ရိုးရိုးတုပ်ကွေးနဲ့ H5N1ခွဲခြားလို့ မရသေးခင်တော့ သုံးနိုင်ပါတယ်။  ရိုးရိုးတုပ်ကွေးနဲ့ H5N1ပေါင်းပြီး new strain တွေ ရမှာစိုးတဲ့အခါလည်း သုံးနိုင်ပါတယ်။  သူတို့တွေဟာ ဗိုင်းရပ်ရဲ့အတွင်းပိုင်းမှာရှိတဲ့ M geneကို ဟန့်တားဖျက်ဆီးတာ ဖြစ်ပါတယ်။  Mဟာ matrix ကို ကိုယ်စားပြုပါတယ်။ matrix  ဆိုတာက virus ရဲ့ကျောရိုးသဖွယ်ဖြစ်လို့  သူ့ကိုဖျက်ဆီးနိုင်ရင်လည်း virus သေဆုံးရမှာဖြစ်ပါတယ်။ M1 နဲ့ M2ရှိရာမှာ M2 ကိုသာ ဖျက်ဆီးနိုင်လို့ M2 Inhibitor လို့ခေါ်ခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီဆေးဟာ H5N1ကို မနိုင်ပေမယ့်အခြားတုပ်ကွေး   ဗိုင်းရပ်တွေကိုတော့ ထိထိရောက်ရောက် နှိမ်နင်းနိုင်တယ်လို့ဆိုလိုတာလားဆရာ။

ဖြေ။ ။အဲဒီလိုလည်း  မဟုတ်သေးပါဘူး။ အရင်တုန်းကတော့ ထိရောက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အဲဒီဆေးအုပ်စုမှာပါတဲ့ ဆေးတွေကိုလည်း   တုပ်ကွေးဗိုင်းရပ်ပိုးတွေဟာခံနိုင်ရည်ရှိလာတာတွေ့ရပါတယ်။ ဥပမာ- တရုတ်ပြည်မှာဆို ၇၄ ရာခိုင်နှုန်းဟာ ဆေး မတိုးတော့ပါဘူး။  ဟောင်ကောင်မှာ   ၂၃ ရာခိုင်နှုန်း၊ တောင်ကိုရီးယားမှာ ၁၅ ရာခိုင်နှုန်းအထိ  ခံနိုင်ရည်ရှိလာပြီလို့  ဆိုပါတယ်။ ဒါဟာ   ရင်လေးစရာကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။

မေး။ ။ ဒုတိယဆေးအုပ်စု အကြောင်းလည်း သိပါရစေဆရာ။

ဖြေ။ ။  ဒုတိယအုပ်စုကတော့ Neuraminidase inhibitor လို့ခေါ်ပါတယ်။အဲဒီမှာလည်း ဆေးနှစ်မျိုးပဲရှိပါတယ်။ ပထမဆုံးထုတ်ခဲ့တဲ့ဆေးက Zanamivir (Relenza)ဖြစ်ပါတယ်။ွူ GlaxoSmithKline (UK) ကထုတ်တာဖြစ်ပါတယ်။    ဒုတိယဆေးကတော့ Oseltamivir (Tamiflu) ဖြစ်ပါတယ်။ Roche  (Switzerland)ကထုတ်တာပါ။ဒီဆေးတွေဟာ H5N1 အပါအဝင် အခြားတုပ်ကွေးဗိုင်းရပ်တွေရဲ့  ပေါက်ပွားပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အတွက် severity and duration of illness ကိုနည်းစေပါတယ်။(ရောဂါဖြစ်တဲ့ ကာလတိုတောင်းအောင်ရယ်၊ ပြင်းထန်မှုမဖြစ်အောင်ရယ် ဖြစ်ပါတယ်)။ ဒီဆေးတွေကို ပေးမယ်ဆိုရင် ရောဂါလက္ခဏာတွေ စတင်ချိန်ကစပြီး ၄၈ နာရီအတွင်းမှာပေးရမှာဖြစ်ပါတယ်။

မေး။ ။ ဒီဆေးအုပ်စုကရော ဗိုင်းရပ်ကို ဘယ်လိုများဟန့်တား ဖျက်ဆီးတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ပြီးခဲ့တဲ့အပတ်တွေက ရှင်းပြသလို H5N1 မှာ "N" ဆိုတာ Neuraminidase ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအင်ဇိုင်းတွေရှိမှ ဗိုင်းရပ်က cell ထဲကနေ ဖောက်ထွက်ပြီး တခြားကောင်းတဲ့ cell  ထဲကို ဝင်ရောက်ပွားများနိုင်မှာဖြစ်ပါတယ်။ အကယ်၍ဒီ "N"တွေမရှိရင် virus  တွေဟာ cell  ထဲမှာပဲ ပိတ်မိနေပြီး   မကြာမီသေဆုံးကြရပါတယ်။ဒါကြောင့် ဒီ "N ကို ဖျက်ဆီးဟန့်တားတဲ့ ဆေးတွေဟာဗိုင်းရပ်ပိုးတွေ  ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ  ထိရောက်မှုရှိတယ်လို့ဆိုပါတယ်။

မေး။ ။Zanamivir  အကြောင်း အနည်းငယ်ပြောပြပေးပါ။

ဖြေ။ ။Zanamivir ကို ၁၉၈၉ ခုနှစ်မှာ Austialian Biotechnology  လို့ခေါ်တဲ့Company ကနေ  စတင်တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Effective Marketing လုပ်ဖို့ ကမ္ဘာ့အကြီးဆုံးဆေးဝါး ထုတ်လုပ်ရေး company ဖြစ်တဲ့ UK အခြေစိုက်Glaxo Smith Kline ကို ထုတ်လုပ်ခွင့်လိုင်စင် ပေးခဲ့ပါတယ်။ ၁၉၉၉ - ၂ဝဝဝ ပြည့်နှစ်မှာ စတင် မြေုနအ လုပ်ခဲ့ပြီး ဒီနေ့အခါမှာ နိုင်ငံပေါင်း ၇ဝ မှာ ဖြန့်ချိလျက်ရှိပါတယ်။ ဆေးအနေနဲ့ ပါးစပ်ကနေရှူရတဲ့  ရှူဆေးအမျိုးအစားဖြစ်ပြီး တစ်ခါရှူရင်5 mg နဲ့ တစ်နေ့ကိုနှစ်ကြိမ် x 5 ရက် အသုံးပြုရပါတယ်။ ဆေးကိုအသုံးပြုရင် virus တွေရဲ့ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အတွက် ၁ ရက် ၂ ရက်အတွင်းမှာ  လူနာသက်သာ ပျောက်ကင်းနိုင်တယ်လို့ဆိုပါတယ်။

မေး။ ။နောက်တစ်မျိုးဖြစ်တဲ့ Tamiflu က အကြောင်းလည်း ပြောပြပါဦးဆရာ။

ဖြေ။ ။ Tamiflu မှာ အဓိကပါတဲ့ Oseltamivir ကို စတင်တီထွင် ထုတ်လုပ်ခဲ့တာကတော့ Gilead Sciences (USA အခြေစိုက်)ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Switzerland နိုင်ငံအခြေစိုက် Roche ဆေးဝါးကုမ္ပဏီကို စီးပွားဖြစ်ထုတ်လုပ်ဖို့ လိုင်စင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူကတော့   သောက်ဆေးဖြစ်ပြီး တစ်လုံးကို 75 mg ပါဝင်ပါတယ်။မနက်တစ်လုံး ညတစ်လုံးသောက်ရပြီး စုစုပေါင်း ၁ဝ လုံးသာ သောက်ဖို့လိုပါတယ်။   သူ့ကိုသောက်ရင် virus ပိုးတွေ ပွားများမှုကို ထိန်းချုပ်နိုင်လို့ ၁ ရက် ၂ ရက်အတွင်း သိသိသာသာသက်သာတာကို  တွေ့ရပါတယ်။ကလေးတွေအတွက်လည်း Oral Suspension ထုတ်ထားပါတယ်။ 25 ml bot နဲ့ထုတ်ထားပြီး 300 mg ပါဝင်ပါတယ်။ ဆေးပြားလေးပြားစာနဲ့ ညီမျှပါတယ်။

မေး။ ။ အခုပြောခဲ့တာကတော့ ရောဂါရှိသူတွေ အတွက် ဆေးဝါးတွေဆိုတော့ ရောဂါမရှိသူတွေ အနေနဲ့ ကာကွယ်ဆေးထိုးထားလို့ ရ၊ မရ သိချင်ပါတယ်ဆရာ။

ဖြေ။ ။ကာကွယ်ဆေးအနေနဲ့ အခြားတုပ်ကွေး ရောဂါတွေအတွက်သာ ရှိပြီး  H5N1အတွက်တော့   ဒီနေ့အထိမရှိသေးပါဘူး။စမ်းသပ်ဆဲ အဆင့်မှာပဲ   ရှိပါသေးတယ်။ တခြားတုပ်ကွေး ကာကွယ်ဆေးဆိုရာမှာတောင် တုပ်ကွေးရောဂါပိုးက    နှစ်စဉ်ပြောင်းနေတာကြောင့် ဖြစ်ပြီးသား ပိုးတွေအတွက်သာ  ကာကွယ်ဆေးရှိပြီး    နှစ်စဉ်အသစ်ထွက်တဲ့ ပိုးတွေအတွက်  မည်သို့မှ  မထိရောက်ပါ။ ဒါကြောင့် ကာကွယ်ဆေး အသစ်တွေကလည်း နှစ်တိုင်းထွက်ပါတယ်။ဖြစ်ပြီးတဲ့နောက်ကနေပဲ အမြဲလိုက်နေရလို့ Flu  မှာတော့  ကာကွယ်ဆေးဟာ အားထားရတဲ့ အနေအထားကို မရောက်သေးပါဘူး။ H5N1အနေနဲ့တော့  ၂ဝဝ၆  ခုနှစ်တုန်းက လူတွေမှာ စမ်းသပ်အောင်မြင်ပြီး   အသုံးပြုနိုင်တော့မယ်လို့  ပညာရှင်များက  ပြောကြပါတယ်။  ။

မြ၀တီ

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post