Latest News

Monday, July 30, 2018

သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံပြဿနာ


သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံပြဿနာ

မိုးဦးကောင်းသည်ဆိုရမလား၊ မိုးလယ်ကောင်းသည်ဆိုရမလား နေ့စဉ်ရက်ဆက်သဲသဲမဲမဲရွာနေသောမိုးကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံ ရုံသာမက မြေပြိုသည့် ပြဿနာကလည်း ကြုံတွေ့နေရပြန်၏။  မြန်မာနိုင်ငံတစ်ခုတည်းလား မဟုတ်ပါ၊  အိမ်နီးနားချင်းနိုင်ငံများသာမက  မြစ်နား၊  ချောင်းနား၊ ပင်လယ်နားက  နိုင်ငံအတော်များများ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးတို့ကို ခံစားနေကြရ၏။  ယင်းသည်  ရာသီဥတုဖောက်ပြန်မှုကြောင့်  ဖြစ်ရသည်။  ရာသီဥတုဖောက်ပြန် ခြင်းသည် သဘာဝတရားကြောင့်သာမက  လူတို့ကြောင့်လည်း ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မိုးဦးကာလကတည်းကပင် လေဒဏ်၊ မိုးဒဏ်နှင့် မုန်တိုင်းဒဏ် တို့ကို ခံစားနေရ၏။  ဇွန်လမှ အောက်တိုဘာလအတွင်း မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိပြီး ဇူလိုင်နှင့်သြဂုတ်လတွင် မြစ်ရေကြီးမှုအဖြစ်များ၏။ ယခင်ဖြစ်မြဲဖြစ်နေကျ ရေကြီး  ရေလျှံလေ့ရှိသောဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသည့် မြစ်မကြီးများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြစ်ကြီး၊ မြစ်ငယ်များမှာ ရေတိုးပြီး ရေကြီးရေလျှံဖြစ်နေပြန်၏။ မုန်တိုင်းကြောင့် မိုးသည်းထန်သည်သာမက မရပ်မစဲရက်ဆက်ရွာသွန်းသော မိုးရေချိန်မြင့်မားမှုကြောင့်မြစ်ကမ်းနားရှိ မြို့ရွာ          များသာမက တောင်တန်းတောင်ကုန်းအနီးအနားရှိ မြို့နယ်ကျေးရွာများပါ ရေဘေး ဒုက္ခကို ခံစားနေကြရသည်။
ရေလွှမ်းမှုအချိန်ကြာက ထိခိုက်ပျက်စီးမှုများ
ရေကြီးခြင်းသည် မြေပြင်ပေါ်တွင်  ရေလျှံခြင်းဖြစ်၏။   များသောအားဖြင့်            ခြောက်သွေ့သော မြေပြင်ပေါ်တွင်ရေလွှမ်းမိုးခြင်းကြောင့် အချိန်ကာလအတန် ကြာမြင့်လာခဲ့လျှင် ထိခိုက်ပျက်စီးမှုများ ဖြစ်စေနိုင်၏။ မြစ်ရေကြီးခြင်းဖြစ်ရခြင်းမှာမိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာမိုးသည်းထန်စွာရွာခြင်း၊ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မြစ်ဖျားဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆည်ရေကာတာကြီးများ ကျိုးပေါက်ခြင်း၊ တောင် ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် မြစ်ငယ်၊ ချောင်းငယ်များတွင် လျှပ်တစ်ပြက်ရေကြီးခြင်းတို့ကြောင့် ဖြစ်သည်။
မြစ်ရေကြီးခြင်းသည်  မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လည်းကောင်း၊           ဆီးနှင်းများ အရည်ပျော်ခြင်းကြောင့်လည်းကောင်း ဖြစ်လေ့ရှိ၏။ မုတ်သုံရာသီတွင် မိုးကြီးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးလေ့ရှိ၏။ မြစ်ချိုင့်ဝှမ်းတွင် ရေများ အလွန်လျင်မြန်စွာပြည့်လျှံပြီး  မြစ်ကမ်းရိုးများကျိုးပေါက်ကာ  ရေလျှံလေ့ရှိ၏။ တစ်ခါတစ်ရံမြစ်ကြောင်းများ တစ်ဖက်တစ်ချက်တွင် မိုင်ပေါင်းများစွာရေဖုံးလွှမ်း လေ့ရှိသည်။
လျှပ်တစ်ပြက်ရေကြီးခြင်းသည် ခြောက်သွေ့သော ဒေသသို့မဟုတ်က္တာရ ဒေသရှိ သဲချောင်း သို့မဟုတ် လျှိုမြောင်နှင့် ချောင်းကြမ်းပြင်တွင်  မိုးသည်းထန်မှု           ကြောင့်ရေများ  စုမိရာမှ  စတင်ဖြစ်ပေါ်၏။ ထို့နောက် ပုံမှန်ငြိမ်သက်နေရာက အရှိန်ပြင်းသော  ရေစီးကြောင်းအဖြစ် ရုတ်တရက်ပြောင်းသွားခြင်းဖြစ်၏။ ထိုသို့ လျင်မြန်စွာပြောင်းလဲမှုကြောင့် သတိမရှိသော ပတ်ဝန်းကျင်အနီးအနားမှ အိမ်နှင့် လူများ မျောပါသွားနိုင်သည်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း
ယေဘုယျအားဖြင့်တစ်နေရာတည်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းဖြစ်၏။ ယင်းဖြစ်ပေါ်မှုသည်အများအားဖြင့် ဒေသတစ်ခု တွင်မိုးကြိုးမုန်တိုင်း   အကြိမ်ကြိမ်ဖြတ်သန်းမှုကြောင့်လည်းကောင်း၊ အပူပိုင်း မုန်တိုင်းနှင့် ဟာရီကိန်းမုန်တိုင်းတို့မှ   မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လေ့ရှိ၏။ ဤရေကြီးမှုများတွင် ရေအမြင့် ၁ဝ ပေမှ ပေ ၂ဝ ထိရှိပြီး၊ ရေစီးအားပြင်းထန်ကာ   မြေတူးစက်များ၊  သစ်ပင်များကိုပင်  သယ်ဆောင် သွားနိုင်ကာ အဆောက်အအုံနှင့် လမ်းတံတားများကိုပါ ပျက်စီးစေနိုင်သည်။ ပင်လယ်ကမ်းရိုးတန်း  ရေကြီးခြင်းသည်  ဆိုင်ကလုန်းနှင့် အပူပိုင်းမုန်တိုင်းများ ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ်  ပင်လယ်ရေများ ကုန်းတွင်းသို့         ဝင်ရောက်လာခြင်းကြောင့် ဖြစ်၏။  ထို့အပြင်    မီးတောင်ပေါက်ကွဲခြင်းနှင့်               ရေအောက်ငလျင်များလှုပ်ခြင်းတို့ကြောင့် ဆူနာမီဖြစ်ကာ မုန်တိုင်းဒီရေတက်လာ ခြင်း ဖြစ်၏။ ပင်လယ်ကမ်းခြေဒေသများနှင့် ကမ်းရိုးတမ်းဒေသများရှိ နေအိမ်နှင့် လှေသမ္ဗန်နှင့် သင်္ဘောများကို ရေလှိုင်းများကအဝေးသို့   တိုက်စားသယ်ဆောင် သွားနိုင်သည်။ 
မြို့ပြဒေသများတွင်ရေကြီးခြင်းသည် လျှပ်တစ်ပြက်ရေကြီးခြင်း သို့မဟုတ် ကမ်းရိုးတန်းရေကြီးခြင်း သို့မဟုတ်မြစ်ရေကြီးခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်၏။  မြို့ပြ ရေကြီးခြင်းသည်  မြို့ပြဒေသရေနုတ်မြောင်းစနစ် ချွတ်ယွင်းချက်ကြောင့်ဖြစ်၏။ အချို့ သော မြို့ကြီးများတွင် ရေနုတ်မြောင်းစနစ်ပီပြင်မှုမရှိခြင်း၊ ရေနုတ်မြောင်းအတွင်း စွန့်ပစ် အမှိုက်သရိုက်များ ပိတ်ဆို့နေခြင်းတို့ကြောင့်ဖြစ်၏။ ထို့အပြင် ရေကိုစုပ်ယူနိုင် သော မြေသားအလွတ်  ဧရိယာအလွန်နည်းသောကြောင့်လည်း  မြို့တွင်းတွင် ရေများ               တင်ကျန်ရစ်ကာ ရေကြီးရေလျှံခြင်း ဖြစ်ရသည်။  ရေကြီးရေလျှံခြင်း အကြောင်းရင်းမှာ           သဘာဝကြောင့်ဖြစ်သကဲ့သို့ လူသားတို့ကြောင့်လည်း ဖြစ်ပွား၏။ သဘာဝကြောင့် ဖြစ်စဉ်များမှာ မိုးသည်းထန်ခြင်း၊ ကမ်းရိုးတန်းဒေသတွင် ဒီရေတက်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီကြောင့် ရေလှိုင်းကြီးများတက်ခြင်း နှင့် က္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ဖြစ်၏။ လူသားတို့ ကြောင့်ဖြစ်သော အကြောင်းရင်းများမှာ စိုက်ပျိုးရေးကို စနစ်တကျမဆောင်ရွက်ခြင်း၊ မြို့ပြအခြေခံတည်ဆောက်မှုများ ဆီလျော်မှုမရှိခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ မြို့ပြအိမ်ရာများ တိုးတက်များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။ 
မြေဆီလွှာပေါ်လာမှုကြောင့် မြေပြိုခြင်းပိုမိုဖြစ်စေ
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်  မြေပြိုမှုများလည်းဖြစ်နိုင်၏။ မြေပြိုခြင်း        ဆိုသည်မှာ အပေါ်ပိုင်းရှိ မြေအချို့ကွဲထွက်ပြီး နိမ့်သောအပိုင်းသို့ ရုတ်တရက်ပြိုကျခြင်း ဖြစ်၏။ မိုးသည်းထန်စွာရွာခြင်း၊ ဆီးနှင်းအများအပြား အရည်ပျော်ခြင်းကြောင့်ဖြစ်၏။ တောမီးလောင်ပြီးသောဒေသများတွင် အကာအကွယ်မဲ့သောမြေဆီလွှာပေါ်လာမှု ကြောင့်မြေပြိုခြင်းအ္တရာယ်ကို ပိုမိုဖြစ်စေသည်။  မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ် မြေအောက်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့်မြေဆီလွှာတွင် ရေပါဝင်မှုပိုများလာသည့်အတွက် မြေပြိုခြင်းဖြစ်ရသည်။ 
ရေကြီးရေလျှံမှုကြောင့် ပြဿနာများစွာဖြစ်နိုင်၏။  သဘာဝပတ်ဝန်းကျင်ဖြစ် သော မြစ်ချောင်း၊ အင်းအိုင်၊ ကုန်းမြေမြစ်ကမ်းပါး၊ မြေဆီလွှာ၊ သစ်ပင်စသည်တို့ အနေအထား ပျက်ယွင်းသွားခြင်း၊ မြို့ရွာအခြေခံအဆောက်အအုံများဖြစ်သည် အိမ်ရာ၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဆက်သွယ်ရေး၊ လမ်းတံတား၊ ရေတွင်းရေကန်စသည့်တို့ ပျက်စီးခြင်း၊ လူမှုစီးပွားရေးစနစ်နှင့် ဈေးကွက်လုပ်ငန်းများ နှောင့်နှေးသွားခြင်း၊ လူတို့၏စိတ်ပိုင်းနှင့်  ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ ကျန်းမာရေးထိခိုက်မှုများ  ဖြစ်ခြင်း၊ ပုံမှန်အခြေအနေ ရောက်ရှိစေရန် ပြန်လည်ထူထောင်ရေးကို   အချိန်ယူလုပ်ဆောင်ရ ခြင်းစသည့် စိန်ခေါ်မှုများစွာရှိနိုင်သည်။
ရေကြီးရေလျှံမှုကြောင့် မြို့ရွာများတွင်နေထိုင်သည့်  ပြည်သူလူထုမှာ ရေလွတ် ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့်အတွက်မိမိတို့၏  အိုးအိမ်ပစ္စည်းဥစ္စာများကို စွန့်ခွာထားပစ်ခဲ့ရ၏။  သို့အတွက် လောလောဆယ် စားရေး၊ သောက်ရေး၊ နေထိုင် ရေးပြဿနာများနှင့် ရင်ဆိုင်ကြရ၏။ ကယ်ဆယ်ရေးစခန်းများအဖြစ် စီစဉ်ပေး ထားရသော စာသင်ကျောင်း၊ စုဝေးခန်းမ၊  ဘုန်းတော်ကြီးကျောင်းတို့မှာလည်း  ယာယီခိုနားရာနေရာများဖြစ်သည့်အတွက် နေရေးထိုင်ရေးအခက်အခဲရှိကြ၏။
လူအများစုဝေးထားရသည့်အတွက် လူမှုရေးနှင့် ကျန်းမာရေးပြဿနာများ လည်းရှိ၏။ ထောက်ပံ့မှုအပိုင်းတွင်လည်း  အဓိကချက်ချင်းလိုအပ်သောအစား အစာနှင့်သောက်ရေသုံးရေ၊ အဝတ်အထည်နှင့် တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း များအပြင် လောလောဆယ်ချက်ပြုတ်စားသောက်နိုင်ရန်အတွက် ဆန်၊ ဆီ၊ ဆား စသည့်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရသည်။
ရေရှည်ထောက်ပံ့ကူညီရန်အခက်အခဲရှိ
အဆိုပါထောက်ပံ့နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်တွင်း ပြည်ပ အင်န်ဂျီ အိုအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များအနေဖြင့်  တတ်နိုင်၊ စွမ်းဆောင်နိုင်သည့် အင်အားဖြင့်  ပစ္စည်းနှင့်ငွေကြေးများကို ကူညီ ထောက်ပံ့ကြ၏။ ထိုသို့ထောက်ပံ့ကူညီကြရာတွင် ကယ်ဆယ်ရေးစခန်း ရက်ရှည်ကြာ လာပါက အခက်အခဲများစွာရှိနိုင်၏။   ရေရှည်ထောက်ပံ့ကူညီနိုင်ရန်အတွက်                လိုအပ်ချက်များစွာ ရှိလာ၏။ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများသည် ဘေးဒုက္ခ ကျရောက်သူများအတွက် အလိုအပ်ဆုံးအရာများကိုသာ ကူညီထောက်ပံ့ကြပြီး အလုံးစုံလိုအပ်ချက်များကိုမူ  ကူညီထောက်ပံ့ရန်တာဝန်မရှိကြပါ။   ပြန်လည်             ထူထောင်ရေးလိုအပ်ချက်သည်သက်ဆိုင်ရာအစိုးရ၏ တာဝန်ဖြစ်သည်ဟု ဆိုသော် လည်း ရာနှုန်းပြည့်လိုချင်သည့် ဆန္ဒအတိုင်းဖြည့်ဆည်းပေးရန်  နိုင်ငံအစိုးရတိုင်း မှာ စိန်ခေါ်မှုရှိသည်။   သို့အတွက်  ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထု၏              ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။
ဘေးအ္တရာယ်တစ်ခုကျရောက်တိုင်း ထိုဒေသရှိလူထုမှာအနည်းနှင့်အများထိခိုက်မှုရှိကြ၏။ ထိခိုက်မှုရှိသူတိုင်းကို ဒုက္ခသည်ဟု သတ်မှတ်၍မရပါ။ ကယ်ဆယ် ရေးလုပ်ငန်းတွင် အကျိုးခံစားခွင့်ရှိသူဆိုသည့်မှာ မိမိတို့၏စွမ်းအားဖြင့် ပုံမှန်ဘဝကို ပြန်လည်ထူထောင်ရန် အခက်အခဲရှိသူများကိုခေါ်၏။ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် လည်းကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လည်းကောင်း၊ အရပ်ဘက်ဆိုင်ရာအဖွဲ့များသည် လည်းကောင်း၊  အလှူရှင်များသည် လည်းကောင်း   ငွေရေးကြေးရေးနှင့်     ပစ္စည်းများထောက်ပံ့ကူညီရာတွင်                   အတိုင်းအတာ  အကန့်အသတ်ရှိကြသောကြောင့် ဖြစ်၏။ ဘေးဒုက္ခဖြစ်တိုင်း ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့်  ထိခိုက်မှုရှိသူတိုင်းကို စားစရာ၊ သောက်စရာ၊ ဝတ်စရာ၊ ယာယီအမိုးအကာ၊  ဆေးဝါးများကို ကူညီပေးနိုင်ကြ သော်လည်း ထိုသူတို့အတွက် ပြန်လည်ထူထောင်ရေးနှင့် ပုံမှန်အခြေအနေရောက် ရှိရေးကိုကား ထောက်ပံ့ကူညီပေးရန်မှာ  အခက်အခဲများစွာရှိနေမည် ဖြစ်ပေ သည်။

တက္ကသိုလ် ဇော်ထူးဦး

No comments:

Post a Comment