Latest News

Saturday, July 28, 2018

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံအလယ်ပိုင်းသို့ နာရီအနည်းငယ်အတွင်း ဝင်ရောက်မည်

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံအလယ်ပိုင်းသို့ နာရီအနည်းငယ်အတွင်း ဝင်ရောက်မည်


တိုကျို  ဇူလိုင်  ၂၈

ဂျပန်မိုးလေဝသအရာရှိများက အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံ အလယ်ပိုင်း တိုကိုင်ဒေသသို့ ဇူလိုင် ၂၈ ရက်နှောင်းပိုင်းနှင့် ဇူလိုင် ၂၉ ရက် နံနက်ပိုင်း၌  ဝင်ရောက်နိုင်ခြေရှိကြောင်း ပြောခဲ့သည်။ အဆိုပါမုန်တိုင်းသည် အင်အားပြင်းထန်စွာဖြင့်  ဝင်ရောက်နိုင်ခြေရှိကြောင်း ဂျပန်မိုးလေဝသအရာရှိများက ပြောခဲ့သည်။

ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က တိုင်ဖွန်းမုန်တိုင်း ဂျွန်ဒါရီ သည် အစ်ဇူကျွန်းစု ဟာချီဂျိုဂျီမာကျွန်း၏ အရှေ့-အရှေ့မြောက်ယွန်းယွန်း ကီလိုမီတာ  ၁၂ဝ ခန့်အကွာတွင် တည်ရှိနေကြောင်း သိရသည်။ များမကြာမီ အဆိုပါ မုန်တိုင်းသည်  တစ်နာရီကို ၄၅ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်သို့ ရွေ့လျားလျက်ရှိကြောင်း  သိရသည်။

ဂျွန်ဒါရီတိုင်ဖွန်းမုန်တိုင်း၏ အလယ်လေထုဖိအားသည် ၉၇ဝ ဟက်တိုပါစကယ် ရှိပြီး အလယ်ဗဟိုအနီးတွင် တစ်နာရီလျှင် လေတိုက်နှုန်းမှာ ၁၂၆ ကီလိုမီတာခန့် ရှိကြောင်း သိရသည်။  အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပြီး အစ်ဇူကျွန်းစုသို့ ဇူလိုင် ၂၈ ရက်  နေ့လယ်မှ ညအထိ ဝင်ရောက်နိုင်ခြေရှိကြောင်း ဂျပန်မိုးဇလ အရာရှိများက ပြောသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်လမ်းကြောင်းအတိုင်း ပုံမှန်ရွေ့လျား နေပြီး မုန်တိုင်းတိုက်ခတ်ရာနေရာတွင် လေတိုက်နှုန်း အပြင်း၊ အပျော့မှာ ကွဲပြားနိုင်ပြီး  ထိခိုက်နိုင်ခြေမှာလည်း မတူညီနိုင်ကြောင်း သိရသည်။

ဂျပန်မိုးဇလအေဂျင်စီက မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်းနှင့် အထူးသဖြင့် ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ပိုမိုဖြစ်ပွား နိုင်ခြေရှိကြောင်း သိရသည်။ အဆိုပါ ဂျပန်နိုင်ငံ အနောက်ပိုင်းသည် ယခုလအစောပိုင်း ကလည်း ရေကြီး၊ မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

တချို့စီရင်စုဒေသများတွင်   ဒေသခံများကို   ပြောင်းရွှေ့မှုများ   ပြုလုပ်နိုင်ရန် အသင့်အနေအထားအတိုင်း  သတိနှင့်နေထိုင်ကြရန်  သက်ဆိုင်ရာအာဏာပိုင်များက တိုက်တွန်းထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များလည်း နှောင့်နှေးမှုဖြစ်ပေါ် ခဲ့ရသလို ပြည်တွင်းလေကြောင်းလိုင်း ၃ဝဝ ခန့် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

အင်န်အိတ်ခ်ျကေ၊မြန်မာ့အလင်း

No comments:

Post a Comment