မနှင့်စတွေ့ခဲ့တဲ့ ပထမဆုံးနေ့ကို ကျွန်တော် အမြဲအမှတ်ရနေမှာပါ။
တပ်ကုန်းမြို့နဲ့ ရှစ်မိုင်လောက်ဝေးတဲ့ ညောက်စောက်ရွာလေးကို ရာထူးတိုးနဲ့ တာဝန်ကျလာတဲ့ မကြီးစိမ့်ကို ပစ္စည်းတွေ လိုက်ပို့ရင်း ဒီဒေသကို ကျွန်တော် သိကျွမ်းခဲ့ ရတာဖြစ်သည်။ ကျွန်တော် ဒီရွာလေးမှာ ရောက်နေတာ သုံးရက်ရှိခဲ့ပြီ။ ဘယ်မှ မထွက် ဖြစ်။ တစ်ညနေတော့ ကျွန်တော် ဆင်သေ ရေလွှဲဆည်ပေါင်ဆီသို့ လမ်းလျှောက်ထွက် ဖြစ်ခဲ့သည်။
ဆည်ပေါင်ရေအစပ်မှာ ငြိမ်သက်စွာ ထိုင်နေသော မိန်းကလေးတစ်ယောက်နှင့် ကျွန်တော် အမှတ်မထင် ဆုံတွေ့ခွင့်ရခဲ့သည်။ ဝင်းဝါပြီး စိုပြည်သော အသားအရေကို ပိုင်ဆိုင်ထားကာ မျက်ခုံးမျက်လုံး ဘာမှအပြစ် ပြောစရာမရှိ လူမှဟုတ်ရဲ့လားဟု ကျွန်တော် စိတ်ဝင်တစား ငေးစိုက်ကြည့်နေမိသည်။ လမ်းလျှောက်ရင်း အနီးနားရောက်လာတဲ့ သူ့ကိုကြည့်ပြီး ပါးစပ်မှ ''ဟို ကျွန်တော်က ဧည့်သည်ပါ''
''ဟုတ် သိပါတယ်''
''ဗျာ ကျွန်တော့်ကို သိတယ်ဟုတ်လား''
ကျွန်တော့်ရဲ့ အလျင်လိုတဲ့ အသံကို ကြားရတော့ သူ့အပြုံးတွေ နည်းနည်းလျော့ သွားသည်။
''ရှင့်ကိုတော့ ကျွန်မမသိပါဘူး။ ဒီနယ်မှာ မမြင်ဖူးလို့ ဧည့်သည်ဆိုတာ သိတယ်လို့ ပြောတာပါ၊ ကျွန်မ ငါးလေးတွေကို ချစ်လို့ ငါးစာလာကျွေးတာ။ အခု အိမ်ပြန်နောက်ကျလို့ပြန်ပါတော့မယ်''
''ဟုတ် ဟုတ်ကဲ့၊ ဒါနဲ့ ကျွန်တော့်နာမည် က ဟို ဟို မြတ် မြတ်ကျော်ပါ''
''ကျွန်မနာမည်က ဧကရီပါရှင်'' ပြောပြော ဆိုဆိုနှင့် လှည့်ထွက်သွားသော သူ့ကျောပြင်ကို ငေးစိုက်ကြည့်ရင်း ကျွန်တော့်ပါးစပ်မှ တရစပ် ရေရွတ်နေမိသည်က ''ငါ့နာမည် မြတ်ကျော်'' တော်တော် စဉ်းစားလိုက်ရတဲ့နာမည်ပဲ၊ မြတ်ကျော် ဒီနေ့ကစပြီး ငါ့နာမည် မြတ်ကျော်''
ကျွန်တော် ဒီနယ်လေးမှာ နေလာခဲ့တာ တစ်လပြည့်ခဲ့ပြီ။ ဖေဖေနဲ့ မေမေကတော့ ဘယ်တော့ပြန်လာမလဲ၊ တက္ကသိုလ်နောက်ဆုံး နှစ်မတက်ခင် သင်တန်းတွေ တက်ရမည် ပြောပြီး ခဏခဏ ဖုန်းဆက်ခေါ်သည်။ ဒီမှာ ပျော်နေပြီဟု ပြောမထွက်ဘဲ မကြီးစိမ့်နေသား ကျအောင် နေပေးနေတာဟု မုသားစကား ဆိုရတော့သည်။ မကြီးစိမ့်ကတော့ ကျောင်း သားတွေ အောင်ချက်မြင့်မားရေးအတွက် သူ့အလုပ်နဲ့သူ ရှုပ်နေတော့သည်။ သို့ပေမယ့် သူနဲ့ကျွန်တော်ကတော့ အမြဲတမ်းလိုလို ဆည်ပေါင်မှာ ဆုံဖြစ်ကြသည်။ ဆုံတိုင်းလည်း စကားတွေ အများကြီးပြောဖြစ်ခဲ့ကြသည်။ ''ကျွန်တော့်ထက် အသက် နှစ်နှစ်ကြီးတယ် ဆိုတော့ မလို့ပဲ ခေါ်မယ်နော် မ''
မ ပြုံးလိုက်သည်။ မရဲ့ ထိုအပြုံးတွေကို ပန်းချီရေးဆွဲလိုက်ရင်တောင် ကမ္ဘာမှာ ကျော်နေတဲ့ မိုနာလီဇာ ပန်းချီကားထက် အဆပေါင်းများစွာသာမည်ဟု ကျွန်တော် တွေးနေမိသည်။
တစ်မနက်မှာတော့ မိုးတွေရွာလာလို့ မရဲ့ ထီးရိပ်အောက်မှာ မိုးအတူဝင်ခိုလိုက်သည်။ မိုးစဲသွားပေမယ့် လေတိုက်အားက နည်းနည်း ကြမ်းနေသည်။ ထီးကို လေနောက်ပါမသွား အောင် ရှိသမျှခွန်အားတွေနဲ့ တင်းရင်းစွာ ဆုပ်ကိုင်ထားတဲ့ မရဲ့လက်ပေါ်သို့ ကျွန်တော် ဖိညှစ်သလို ဖြစ်သွားမိသည်။
''တောင်းပန်ပါတယ် မ။ ဟို နာသွားပြီ လားဗျာ''
''ဟင့်အင်း ဘာမှ မဖြစ်ပါဘူး၊ ရပါတယ်''
''ထီးကို ကျွန်တော်ကိုင်ပါ့မယ်၊ မလက်ကို လွှတ်လိုက်နော်''
မသည် ရှက်သွေးဖြာပြီး လက်ကို ဖြေလျှော့လိုက်သည်။ မနဲ့စကားပြောသည့် အခါတိုင်း ''မသိပ်လှတာပဲနော်''ဟု ပထမဦးစွာ စကားစချီမိသည်။ ဒီလိုပြောလိုက်တိုင်း မ ကျွန်တော့်ကို ပြန်ပြောသည်က မောင်လေးက မိန်းမချော ချောသည်တဲ့။ အမှန်တော့ ကျွန်တော် မရဲ့ ဒီလိုတုံ့ပြန်မှုကို မနှစ်သက်ပါ။ သဘောမကျဖြစ်မိသည်။
''ဟာ မကလည်းဗျာ၊ ကျွန်တော့်ကို လှတယ်လို့ပြောရင် မကြိုက်ဘူးဗျ'' ဒီလို ဆိုတော့ မက ပြုံးရယ်သံတွေနဲ့ စကားဆိုသည်။ ''ဘာဖြစ်လို့လဲ၊ မောင်လေးက ရုပ်ရှင်ဗီဒီယို တွေထဲက သရုပ်ဆောင်တွေလို ချောတာပါ''
''ကျွန်တော်က ယောက်ျားကောင်းတစ် ယောက်ဖြစ်ရင်တော်ပါပြီ။ ပြီးတော့ ဟို မ ကျွန်တော့်ဘေးမှာ ရှိနေရင်ကျေနပ်ပြီ။ ကျွန်တော့်ရဲ့ မဝံ့မရဲစကားသံတွေကို နားထောင်ရင်း ဆိုလိုရင်းကို မ ရိပ်မိသွားသည်။ ရှက်သွေးဖြာနေတဲ့ မရဲ့ မျက်နှာသည် ရေပြင် သို့ လွှဲဖယ်နေတော့သည်။ မနဲ့ ကျွန်တော် ပြောလက်စ စကားသံတွေရပ်တန့်သွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
''မကို ကျွန်တော် သိပ်ချစ်တယ်မ'' ကျွန်တော့်အချစ်ကို လက်ခံမယ်မဟုတ်လား။ ကျွန်တော့်ကို ပြန်ချစ်မယ်မဟုတ်လား။ လေထဲ သို့ လွင့်ပါနေသော ဆံနွယ်များကို သိမ်းယူရင်း ကျွန်တော့်ဘက်သို့လှည့်ကာ မ ပြုံးပြသည်။
''မက မိန်းကလေးလေ၊ စဉ်းစားချိန် လေးတော့ပေးဦးပေါ့။ အချိန်မပေးတော့ဘူး လားဟင်''
''ကျေးဇူးတင်လိုက်တာမရယ်၊ မ အခုလို ကျွန်တော့်ကို စဉ်းစားပေးမယ်လို့ပြောတာ ကျွန်တော့်ရင်ထဲ အတိုင်းအဆမသိ ပျော်မိ တယ်။ မရဲ့အဖြေကို ကျွန်တော်စောင့်နေပါ့ မယ်။ ပျော်လိုက်တာ မရယ် ကျွန်တော် ပျော်လိုက်တာဗျာ''
အချစ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရင်ခုန် ခြင်းဆိုတာ ကျွန်တော့်အတွက်တော့ အသက် ရှူတွေမှားသလို စိတ်တွေလည်း စနိုးစနောင့် ဖြစ်မိသည်။ အတွေးလွန်ပြီး အလုပ်တွေ လည်းမှား၊ လက်တွေ့နဲ့စိတ်ကူး ထပ်ထူမကျ တာတွေ မကိုချစ်ခဲ့မိပြီး တစ်ရက်အတွင်းမှာ ချက်ချင်းဖြစ်ပေါ်လာသည့် အချစ်ရဲ့ ခံစား ချက်ကို ကျွန်တော်ကြုံတွေ့လိုက်ရခြင်းပင် ဖြစ်သည်။
မနက်ဖြန်မှာ မနှင့်တွေ့ပြီး မ ဆီက အဖြေတောင်းမည်။ ဆည်ပေါင်နှင့် မလှမ်း မကမ်းမှာရှိနေတဲ့ နေကြာပန်းခင်းကြီးဆီသို့ မ နှင့်အတူသွားမည်။ စကားတွေ အများကြီး ပြောပြီး မရဲ့ ပိတုန်းရောင် ဆံကေသာအထက် မှာ နေကြာပွင့်လေးတွေစီကာ ကိုယ်တိုင် ပန်ဆင်ပေးမည်။ ညဥ့်နက်လာလေလေ အတွေးများသထက်များလေမို့ ခေါင်းအုံးကို သာဖက်ပြီး မရဲ့အကြောင်း ဆက်၍ စဉ်းစား နေမိတော့သည်။
အပြင်က တံခါးခေါက်သံကြားရတော့ အိပ်ရာပေါ်မှ ကမန်းကတန်းထထိုင်လိုက်မိ သည်။ စားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ ၈ နာရီထိုးရန် ၅ မိနစ်အလို။ တစ်ညလုံး အိပ်မရဘဲ မိုးလင်းခါနီးမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်မို့ ခေါင်းတွေလည်း မူးနောက်ပြီး ချာလည်ပတ်လည် ရမ်းနေတော့ သည်။
''ဒုန်း ဒုန်း ဒုန်း''
သေချာ နားထောင်ကြည့်လိုက်တော့ အပြင်ဘက်မှ တံခါးခေါက်သံမဟုတ်ဘဲ တံခါးကိုဆွဲလှုပ်ပြီး တွန်းဖွင့်သံဖြစ်နေသည်။ အော်ခေါ်နေသော မကြီးစိမ့်၏ အသံသည် အပြင်မှာတော့မသိ အခန်းအတွင်း တဖြည်းဖြည်း ပဲ့တင်ထပ်လာသည်။ တံခါး ပေါက်အနားသို့သွားပြီး ကလန့်ချက်ကို ဖြုတ်လိုက်တော့ ဝုန်းခနဲ တံခါးကို အပြင်ကနေ အရှိန်ပြင်းပြင်း တွန်းဖွင့်လိုက်သည့် အား ကြောင့် နောက်သို့ ခြေငါးလှမ်းလောက် အလျင်အမြန် ဆုတ်ခွာလိုက်ရသည်။
အပြင်မှာ မကြီးစိမ့်နဲ့အတူ ကျောင်းစောင့် ဦးလေးကြီးရယ်၊ ဈေးဆိုင်ကအစ်မကြီးရယ်၊ သံချောင်းခေါက်တဲ့ မောင်ရင်ထွေးရယ် ရပ်ကြည့်နေကြသည်။ သူတို့မျက်နှာတွေမှာ စိတ်သောကရောက်နေပုံ ထင်ဟပ်ပေါ်လွင် နေသည်။ အထူးသဖြင့် မကြီးစိမ့်၏ မျက်နှာ သည် သွေးပျက်နေသည့်ဟန် စိုးရိမ်ထိတ်လန့် နေပုံရသည်။
''အောင်မလေး ငါ့မှာတော့ အထဲမှာ အော်မရ ခေါ်မရဖြစ်နေလို့ ညည်းကိုလေ အသက်မှရှိသေးရဲ့လားလို့ စိတ်ပူလိုက်ရတာ။ အထဲမှာ ဘာများဖြစ်နေလဲဆိုပြီး အပြင်ကနေ တူတွေ၊ လွှတွေနဲ့ တံခါးဖျက်ဖို့ လုပ်နေတာဟဲ့ သိပြီလား။ တော်ပြီ တော်ပြီ ဒီမှာ ညည်း ဆက်မနေရတော့ဘူး။ ရန်ကုန်ပြန်ရင် တစ်ခါတည်း နေခဲ့ပေတော့''
မူးနောက်နေသော ခေါင်းကို လက်ဖဝါး နှင့် အသာဖိရင်း မကြီးစိမ့်ရဲ့မျက်နှာကို ခပ်ကြောင်ကြောင် ကြည့်နေမိသည်။
''ဘာကြည့်နေတာလဲ၊ မျက်နှာမြန်မြန် သွားသစ်လေ၊ ညည်းကတော့လေ မိန်းကလေး ဖြစ်ပြီး''
မကြီးစိမ့်၏ စကားသံသည် ချက်ချင်း ဆိုသလို ရပ်တန့်သွားသည်။ ကျွန်တော် မကြီး စိမ့်ကိုကြည့်ပြီး ကြမ်းပြင်ပေါ် ကျသွားတဲ့ မျက်နှာသုတ်ပဝါကို တုန်ရီနေတဲ့ လက်တွေနဲ့ သုံးခါလောက် ပြန်ကောက်ယူရင်း ကမန်း ကတန်း အပြင်သို့ ထွက်လာလိုက်သည်။ ကျွန်တော့်ကို မိန်းကလေးလို့ပြောသည့် မကြီးစိမ့်ကို စိတ်ထဲကနေ မကျေမချမ်း ဖြစ်နေ မိပါတော့သည်။
''ကဲ မြန်မြန်လုပ်ပါဟယ်'' ကားဂိတ် ရောက်မှ မနက်စာစား၊ ဒီမနက် ၉ နာရီ ကားနဲ့ ပြန်ရမှာ''
''၉ နာရီကားနဲ့ပြန်ရမယ် ဟုတ်လား'' ကျွန်တော့်မျက်နှာသည် ရေခွက်ထဲမှ မိုးရေ တွေထက် အဆပေါင်းများစွာ အေးစက်သွား သလို ခံစားမိသည်။ မျှော်လင့်မထားတဲ့ စကား တစ်ခွန်း ဘာတဲ့ အိမ်ပြန်မယ်။ မကြီးစိမ့် ကျောင်းပိတ်ရက်လည်း မဟုတ်။
''ကဲ မျက်နှာမြန်မြန်သစ်ပါ။ ဘာတွေ ငေးနေတာလဲ။ မေမေမနက်စောစောက မူးလဲလို့တဲ့။ အခုဆေးရုံကြီးမှာတင်ထားရ တယ်လို့ ဖေဖေဖုန်းဆက်ပြောတယ်''
''ဖြစ်နိုင်ပါ့မလား မမကြီးရယ်'' အရင် နေ့က မေမေနဲ့ဖုန်းပြောတာ အကောင်းကြီး ဟာ''
''မေမေက သွေးတိုးနဲ့ ဆီးချိုရှိတယ် မလား'' ကဲပါ နာရီဝက်ပဲလိုတော့တယ်။ အဝတ်အစားတွေ ထည့်ဖို့ပြင်၊ အကုန်ထည့် ခဲ့။ ငါကတော့ ခွင့်သုံးရက်ပဲယူထားတယ်။ ဟိုမှာနေခဲ့ရမှာက မင်းပဲ''
ကျွန်တော် ဘာမှလည်းစောဒကမတက် နိုင်ခဲ့ပါ။ ဖေဖေကလည်း အသက်အရွယ်ကြီးရင့် နေပြီ။ သည်တော့ မေမေ့ကို ပြုစုရန် နောက်ဆုံးတော့ ကိုယ့်အလှည့်ပဲ ကျလာတော့ သည်။ ဖေဖေနှင့်မေမေ့ကို ဒီလိုအချိန်မှာ ပြောချင်သည်က နှစ်ယောက်ထဲမွေးခဲ့တာ နည်းတယ်ဆိုတာပါပဲလေ။ ကျွန်တော့်စိတ်တွေ နေလို့မကောင်း။ လူကသာ ကားပေါ်မှာဖြစ် သည်။ စိတ်ကတော့ နောက်ပြန်ရောက်လိုက်၊ ရှေ့ဆက်သွားလိုက်နှင့် မေမေ့အတွက် စိတ်ပူ ပင်ရသလို မကိုနှုတ်မဆက်ရလို့ တစ်လမ်းလုံး စိတ်မကောင်းလည်းဖြစ်ခဲ့ရပါသည်။
''မေမေ''
ကျွန်မအသံကြားတော့ တစ်ဖက်စောင်း အိပ်နေရင်းက ကျွန်မဘက် အသာလှည့်လာ သည်။ အိပ်ရာထဲမှာ တစ်နှစ်ကျော်ကြာ လဲလျောင်းနေသော မေမေ့ကိုကြည့်ပြီး ကျွန်မ သနားလွန်းလှသည်မို့ မေမေ့ရှေ့ရောက်တိုင်း မျက်ရည်မကျမိအောင် ထိန်းထားရသည်။
''မေမေ့သမီးလေးက ကျက်သရေရှိလိုက် တာကွယ်။ မေမေဒီလိုပုံစံနဲ့မြင်ချင်နေတာ ကြာပေါ့။ အခု သမီးမမကြီးနဲ့ တစ်ကျောင်း တည်း အတူတူတာဝန်ထမ်းဆောင်ရတော့ မေမေ ပိုပြီးစိတ်ချမ်းသာတယ်ကွယ်''
''သမီး မမကြီးနဲ့အတူ သွားကြနော်''
''မမကြီးက ဒီနေ့ကျောင်းမှာအလုပ်ကိစ္စ လေးရှိလို့ အစောကြီးကျောင်းကိုသွားတယ် မေမေရဲ့''
''အင်းပေါ့ သမီးမမကြီးက အခု ကျောင်း အုပ်ဆရာမကြီးတောင် ဖြစ်နေပြီမလား။ သမီးလည်း ကြိုစားနော်''
''သမီး ကျောင်းနောက်ကျနေမယ်လေ ကွယ်''
''ဟုတ်ကဲ့ဖေဖေ၊ ဒါနဲ့မေမေ့ကို နေ့လယ် ဆေးတိုက်ဖို့ စားပွဲပေါ်တင်ထားတယ်၊ ဖေဖေ လည်း အိမ်ပေါ်အတက်အဆင်းဂရုစိုက်နော်''
ကျွန်မမူလတန်းပြ ဆရာမတစ်ယောက် ဖြစ်နေပြီမို့ ကျောင်းမှာကလေးတွေကို သေချာ ဂရုတစိုက် မှာကြားရသလို အိမ်ရောက် ပြန်တော့လည်း ဖေဖေနဲ့ မေမေ့အတွက် စိတ်ပူပင်ရပြန်သည်။ ဒါပေမယ့် မေမေဖြစ်စေ ချင်တဲ့ ကျောင်းဆရာမအလုပ်ကို ကိုယ်ရော စိတ်ပါနှစ်ပြီး လုပ်ခဲ့သည်မို့ ကျွန်မရင်ထဲ ကျေနပ်ပီတိဖြစ်ခဲ့ရတော့သည်။
''မ''
''ရှင်''
ယဉ်ပြီး နုပျိုနေသော မသည် နောက်သို့ ဖြည်းညင်းစွာလှည့်လာသည်။ မရဲ့မျက်ဝန်း တွေသည် အေးဆေးတည်ငြိမ်စွာ စူးစိုက် ကြည့်နေတော့သည်။
''ကျွန်မကိုသိလား ဟင်''
''ဟို မြတ်ကျော် အဲ မဟုတ်ပါဘူး။ ဆရာမကို ကျွန်မရင်းရင်းနှီးနှီး မြင်ဖူးနေသလို ပဲ''
''မအရင်က သိခဲ့တဲ့မြတ်ကျော်လေ''
''ရှင် အို ဆရာမက မြတ် မြတ်ကျော် ဟုတ်လား။ ယုံတောင်မယုံနိုင်ဘူးကွယ်''
''ကျွန်မနာမည်အမှန်က သဲအိအိကျော်ပါ ဆရာမ။ အရင်က မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် မမဧကရီ''
မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြသည်မို့ ကျွန်မ နှင့် မ နှစ်ယောက်သား ဘယ်ကစပြောရမှန်း မသိ စကားရှာမရဖြစ်နေခဲ့သည်။
တွေးမိသမျှပေါ်လာရာက စပြောရရင်ဖြင့် ကျွန်မအမေနေမကောင်းဖြစ်လို့ ဆေးရုံတက် သည့်အချိန်ကပဲ ဖြစ်သည်။
မေမေက မြန်မာလူမျိုးပီပီ မြန်မာလို ဝတ်စားဆင်ယင်တာကိုပဲ နှစ်သက်သည်။ ဆေးရုံတက်နေရသည့် မေမေ့ကိုသွားတွေ့ သည့်အချိန်ကဖြစ်သည်။ မိန်းကလေးဆန်ဆန် ဝတ်မလာဘဲအတွေ့မခံဘူးဟု ပြော၍ ထိုနေ့ က ကျွန်မတစ်သက် ရင်နစ်အောင်ခံစားလိုက် ရသည်။ မကြီးစိမ့်က ခွင့်ပြည့်လို့ပြန်သွားရင် မေမေ့မှာကျွန်မကလွဲပြီး တခြားပြုစုစရာမရှိ ဖြစ်ရမည်။ ဖေဖေကလည်း အသက်ကြီးရင့်ပြီ။ သည်တော့ဆေးရုံမှာ မေမေ့ကိုပြုစုရန်သွား တွေ့ရဖို့အတွက် မေမေဖြစ်စေချင်သော မြန်မာမိန်းကလေးတစ်ယောက်၏ ဝတ်စား ဆင်ယင်မှုကို ကျွန်မတစ်သက်ဝတ်နေမကျ၍ရှက်လည်းရှက်အနေအအထိုင်လည်း အတော် ကျပ်ခဲ့ရသည်။ ဘယ်လိုပဲဖြစ်စေကာမူ လူမမာ မေမေ့ကို စိတ်ချမ်းသာအောင်ထားချင်၍ အပြောအဆို အနေအထိုင်ကအစ မေမေ့ရဲ့ သွန်သင်မှုအောက်မှာ မေမေစိတ်ကျေနပ် သလိုသာ နေထိုင်ရင်း အခုလိုဘဝအစစ် အမှန်ကို ရောက်လာခဲ့ရတော့သည်။ နှစ်နှစ် အတွင်း ပြောင်းလဲသွားသော ကျွန်မကို မတစ်ယောက် တအံ့တသြအကြည့်တွေနှင့် ပီတိတွေဖြစ်မိနေသည်။
''လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်မြတ်ကျော် ဆိုပြီး ချာတိတ်ကောင်လေး တစ်ယောက်ပုံစံနဲ့ ဆုံစည်းခဲ့ရတယ်။ အခုယဉ်ကျေးသိမ်မွေ့ လွန်းတဲ့ ဆရာမလေးဖြစ်လို့နေပြီ။ မမအမြင် မှာ ဘဝနှစ်ခုကို ပြောင်းပြန်လှန်လိုက်သလိုပဲ။ ဘယ်လိုမှ မထင်မှတ်ထားတဲ့အရာမို့ မယုံနိုင် အောင် အံ့သြမိတယ်တကယ်ပါ။ ဝမ်းလည်း ဝမ်းသာတယ်ညီမလေးရယ်၊ တကယ်တော့ လူ့သဘာဝဆိုတာ ဒီလိုပါပဲလေ။ တစ်ခါ တလေ မထင်မှတ်တဲ့အရာတွေက ဖြစ်မြောက် အောင်မြင်တတ်တယ်ဆိုတာမျိုးပေါ့။
နှစ်ယောက်သား ကျောင်းဝင်းအပြင်ကို အတန်ကြာငေးကြည့်နေကြပြီး ကြည်နူးပီတိ တွေ ဖြစ်နေကြတော့သည်။
ကျော်သက်
No comments:
Post a Comment