ယခုသီတင်းပတ်အတွင်း သဘာဝဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်ရေးများအတွက် ဆုံးရှုံးမှုများစွာ ကြုံတွေ့နေကြရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများကြောင့် များစွာသော ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားသည့်နိုင်ငံဖြစ်ပြီး နှစ်စဉ်အမေရိကန် ဒေါ်လာ ၁၈၄ သန်းခန့်သည် သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုကြုံတွေ့နေကြရကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လအတွင်းက သတိပေးထားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြီးခဲ့သည့်ရက်အတွင်းက မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည့် ပြည်သူ များအား သွားရောက်အားပေးခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသ ကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုကြုံတွေ့နေရ သည့် ပြည်သူများကို သွားရောက်တွေ့ဆုံကာ လိုအပ်သည့် စီမံခန့်ခွဲမှုများကို ပြုလုပ်ခဲ့သည်။ ထို့အတူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် လတ်တလောဖြစ်ပွားနေသော ရေကြီး ရေလျှံမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုတွေလိုအပ်
မြန်မာနိုင်ငံတွင်သာ မဟုတ်၊ အခြားသော အရှေ့တောင် အာရှနိုင်ငံများတွင်လည်း နှစ်စဉ်နှစ်တိုင်းရေကြီးရေလျှံမှုများ၊ မုန်တိုင်းများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင်ဘေးများစသည် ဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ခံစားတွေ့ကြုံနေကြ ရသည်။
''သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့လာရရင် အလျင်မြန် ဆုံး ပြန်လည်ထူထောင်နိုင်ဖို့အတွက် ဘေးအန္တရာယ်မကျ ရောက်မီကတည်းက ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုတွေ လိုအပ် ပါတယ်။ ဖြစ်လာတဲ့အခါမှာလည်း အလျင်မြန်ဆုံး တုံ့ပြန် ဆောင်ရွက်နိုင်မှသာ မိသားစုဘဝတွေ လုံခြုံမှာဖြစ်သလို ပြည်သူတွေလည်း လုပ်ငန်းခွင်ကို မြန်မြန်ဆန်ဆန်ပြန်ဝင် နိုင်မယ်''ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးစတိန်းက ပြောကြားသည်။
''မြစ်ရေကတော့ စိုးရိမ်ရေမှတ်တွေကို ကျော်နေတာ တွေ့ရပါတယ်။ ဆက်လက်ပြီးတော့ မြင့်တက်နိုင်သေးတဲ့ အနေအထားလည်းရှိတယ်။ ဒီနှစ်ပိုင်းတွေမှာ ရာသီဥတုက သိသိသာသာပြောင်းလဲလာတယ်ဗျ။ အရင်က အနောက် တောင်မုတ်သုံလေဝင်ရောက်လာတဲ့ ကာလကနေစပြီး မိုးကြို၊ မိုးဦး၊ မိုးနှောင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်လာတယ်။ ဒီလိုမိုးတိမ်တောင်တွေကြောင့် ထစ်ချုန်းမိုးရွာသွန်းမှုတွေ ဖြစ်တယ်။ အခုနောက်ပိုင်းမှာတော့ တစ်နှစ်ပတ်လုံး မိုးတိမ် တောင်တွေကို တွေ့ရတယ်။ ဒါဟာ ရာသီဥတုဖောက်ပြန်မှုတွေ ထဲက တစ်ရပ်ပဲဖြစ်ပြီး တစ်နှစ်ပတ်လုံးမိုးတိမ်တောင်တွေ ကြောင့် ထစ်ချုန်းရွာသွန်းမှုတွေကလည်း တစ်နှစ်ပတ်လုံးမှာ ဖြစ်ပွားတယ်။ ထစ်ချုန်းမိုးတွေရွာတယ်ဆိုတာက ရုတ်တရက် ရွာသွန်းတာမျိုးဖြစ်ပြီး မိုးရေလည်း အတော်များများပါတယ်။ မိုးတိမ်တိုက်တွေ စုဖွဲ့ထားတဲ့အတွက် မိုးရွာသွန်းတဲ့ပမာဏက များတယ်။ ဒါပေမယ့် ပုံမှန်မိုးရွာသွန်းမှုကို ထိခိုက်စေပြီး မိုးရွာ တဲ့ အကြိမ်ရေနည်းသွားတယ်။ အရင်နှစ်တွေကို ပြန်ကြည့်ရင် ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ နှစ်တွေအားလုံးမှာ မိုးရာသီ ရေကြီး ရေလွှမ်းမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ရေကြီးမှုကလည်း နှစ်စဉ်ဖြစ်ပွားလာနေတာပါ။ ပြောရမယ်ဆိုရင် မိုးလေဝသ အစွန်းရောက်ဖြစ်စဉ်တစ်ခုကို ကြုံတွေ့နေကြရတာ။ မိုးက ထစ်ချုန်းရွာသွန်းတဲ့အတွက် ကျန်တဲ့ရက်တွေမှာ အပူချိန်တွေ က ပြင်းထန်တော့ မိုးတိမ်တောင်တွေ ပြန်ဖြစ်၊ ဒီလိုနဲ့ ထစ်ချုန်း ရွာတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာ၊ လေပြင်းတိုက်တာ တွေဟာ အတော်လေးများနေပါတယ်။ ဒါကြောင့် ရေကြီး ရေလျှံမှုတွေဟာ မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပွားရပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦးက ရှင်းပြသည်။
ရေကြီးခြင်း၏နောက်ဆက်တွဲ ကျန်းမာရေးသတိပြုစေချင်
''ရေကြီးတဲ့အတွက် ကျွန်မတို့အများဆုံးကြုံတွေ့ရတာ က အအေးမိတာပေါ့။ ဒုတိယအဖြစ်များတာက ဝမ်းပျက် ဝမ်းလျှောနဲ့ တတိယအဖြစ်အများဆုံးက အရေပြားယားနာ တာမျိုးတွေနဲ့ ကူးစက်တတ်တဲ့ ရောဂါမျိုးတွေကို သတိပြု သင့်ပါတယ်။ အစားအသောက်တွေကလည်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာသလို အနေအထိုင်မှာလည်း ရေကြီးရေလျှံ တာကြောင့် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲကြရတဲ့အတွက် အဖြစ်များတယ်။ ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ဆေးဝါးလုံလောက်အောင် စီမံဆောင်ရွက်ဖို့က အရေးကြီး တယ်''ဟု ဘီးလင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ဒဏ် ခံစား နေကြရသည့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဒေါက်တာစိုးစိုးသူကျော်က ရှင်းပြသည်။
ပဲခူးမြို့ ပတ်ဝန်းကျင်ဒေသများတွင် ရေဘေးသင့်ပြည်သူ များအား သွားရောက်ကူညီပေးနေသည့် ကိုစိုးသူရမြင့် ကလည်း ယခုရက်ပိုင်းအတွင်း ကျန်းမာရေးအသိပညာများ ပိုမိုပေးအပ်ရန် လိုအပ်နေကြောင်း ပြောပြပြီး ''အများစုက ကြိုတင်မျှော်တွေးပြီး ပြင်ဆင်မှုမလုပ်တတ်ကြပါဘူး။ ကလေး တွေရှိတဲ့ အိမ်တွေဆိုရင် အနည်းဆုံး အိမ်သုံးဆေးဝါးတွေကို ကြိုတင်စုဆောင်းထားဖို့လိုတယ်။ သန့်ရှင်းတဲ့ရေ ရရှိဖို့အတွက် လည်း ကြိုပြီးပြင်ထားသင့်တယ်။ အများစုက ရေကြီးနိုင်တာကို သိပေမယ့် ကြိုတင်ပြင်ဆင်မှုက တော်တော်လေးနည်းပါး နေတော့ မလိုအပ်ဘဲ ပိုပြီးဆုံးရှုံးမှုခံစားရတယ်''ဟု သှူအတွေ့ အကြုံကို ပြောပြသည်။
ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စားသောက်မှုပုံစံ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ချက်ပြုတ်မှုပုံစံနှင့် အညစ်အကြေးစွန့်ပစ်မှု ပုံစံများကိုလည်း ယခုထက် ပိုမို ကောင်းမွန်သည့် စီမံခန့်ခွဲမှုများပေးအပ်ရန် မျှော်လင့်နေကြပြီး ကျန်းမာရေးအပြင် အခြားသောဆိုးကျိုးများကို ကာကွယ်ရန် အတွက်လည်း သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေသည်။
သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားနေကြရသူများအား သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်း ပေါင်းစပ်၍ ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြ ရမည်ဖြစ်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင် သည်များကို မျှော်မှန်း၍ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်း ဆွေးနွေးပွဲတွင် ဒုတိယသမ္မတက ပြောကြားထားသည်။
စိုက်ပျိုးရေးတောင်သူများ သတိပြုကြရမည်
''ဒီလိုရာသီဥတုတွေဟာ ကျွန်တော်တို့ မကြာခဏ ကြုံရ တော့မှာလေ။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရာသီဥတုဒဏ်ခံ နိုင်မယ့် ပျိုးပင်တွေကို ရွေးချယ်သင့်တယ်။ ဥပမာပြောရရင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အပူပိုင်းဒေသတွေဆိုရင် ရေငတ် ဒဏ်ခံနိုင်တဲ့ သီးနှံအမျိုးအစားတွေ၊ စပါးဆိုလည်း ရာသီဥတုနဲ့ ချိန်ညှိပြီး ရွေးချယ်ဖို့ အချိန်ဖြစ်လာပါပြီ။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေဟာ မကြာခဏ မိုးထစ်ချုန်းရွာလေ့ ရှိတဲ့အတွက် ရေကြီးရေလျှံမှုတွေကို ပိုပြီးခံစားကြရနိုင်တာ ကြောင့် ရေနစ်မြုပ်ခံနိုင်တဲ့ စပါးမျိုးတွေကို ရွေးချယ်စိုက်ပျိုး သင့်ပါတယ်။ ဒီလိုစိုက်ပျိုးကြရာမှာလည်း မိရိုးဖလာ စိုက်ပျိုးရေး နည်းစနစ်တွေကို စွန့်လွှတ်ကြပြီး ခေတ်မီစိုက်ပျိုးနည်းစနစ် တွေကို ကူးပြောင်းသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိရိုးဖလာ စိုက်ပျိုးတဲ့ မျိုးရိုးတွေက လက်ရှိကြုံတွေ့နေရတဲ့ ရာသီဥတုဒဏ်ကို လုံးဝမခံစားနိုင်ကြတော့ပါဘူး။ ဒါကြောင့် အပင်တွေ ပျက်စီးပြီး တောင်သူတွေ အမြဲအထိနာနေကြ ရပါတယ်။ ဒါကြောင့် ဒေသအလိုက် ကျွမ်းကျင်တဲ့ ပညာရှင် တွေရဲ့ အကြံပြုချက်တွေကို လိုက်နာပြီး စိုက်ပျိုးစေချင်ပါတယ်။ နောက်တစ်ခုက တောင်သူတွေအားလုံးကို ပန်ကြားချင်တာက ကျွန်တော်တို့ မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန ကနေ နေ့စဉ်နေ့တိုင်းမှာ ထူးခြားမှုဖြစ်စဉ်တွေကို အချိန်နဲ့ တစ်ပြေးညီ ရုပ်သံတွေ၊ ရေဒီယိုလိုင်းတွေ၊ သတင်းစာတွေ၊ လူမှုကွန်ရက်တွေနဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ လွှင့်တင်နေပါတယ်။ သတိပေးချက်တွေကိုလည်း အမြဲသတိပြု ခြင်းအားဖြင့် စိုက်ပျိုးရေးကဏ္ဍကို အများကြီးအထောက်အကူ ဖြစ်စေမယ်လို့ ပြောချင်ပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦး က ပြောကြားသည်။
''ရေကြီးရေလျှံထားတဲ့အတွက် မိုးရေတွေကို မြေဆီလွှာ တွေထဲမှာ သိုလှောင်ထားတာမရှိတော့ပါဘူး။ ဒါက နောက်ပိုင်း ဆောင်းနဲ့နွေမှာ မြေဆီလွှာခြောက်ခန်းလာတတ်ပါတယ်။ ဒါက သီးနှံကြီးထွားမှုကို ခြိမ်းခြောက်လာမှာပါ။ ဒါကြောင့် လာမယ့်ဆောင်းမှာ ရေငတ်ခံနိုင်တဲ့ စပါးနဲ့ အခြားသီးနှံတွေကိုပဲ ရွေးစိုက်သင့်ပြီး လက်တွေ့ကျတဲ့ တောင်သူတွေလည်း တန်ဖိုး နည်းနည်းနဲ့ ဖော်ဆောင်နိုင်မယ့်နည်းစနစ်တွေ၊ မျိုးတွေကို ဖြန့်ဝေပေးရမှာပါ။ လက်ရှိမှာ လုပ်ဆောင်နေတာတွေတော့ ရှိတယ်။ ဒါ့အပြင် တိရစ္ဆာန်အစားအစာတွေနဲ့ ဆေးဝါးတွေ ကိုလည်း ရေဘေးသင့်တဲ့ဒေသတွေမှာ ကူညီထောက်ပံ့ပေးကြဖို့ လိုအပ်တယ်''ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပညာရှင်UNDP ဒေါက်တာငုဝါနွယ်က သုံးသပ်ပြောကြားသည်။
နောက်နှစ်ရက်အတွင်း မိုးဆက်လက်ရွာသွန်းနိုင်
မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေများသည် စံချိန်သစ်အထိ မြင့်တက်လာနိုင်သေးပြီး ရေကြီးရေလျှံမှုများ ဆက်လက်ကျရောက်နိုင်သေးကြောင်း သတိပေးထားသည်။ ထို့ကြောင့် မြစ်ရေများသည်လည်း စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေနိုင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး မုတ်သုံလေ အားကောင်း နေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အပြင် ဘားအံ မြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများသည် မြစ်ရေ ကြီးခြင်းအ္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်း မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများ အထူးဂရုပြုကြရန် အကြံပြု ထားသည်။ ။
သတင်းဆောင်းပါး -ခင်ရတနာ
No comments:
Post a Comment