Latest News

Tuesday, July 24, 2018

မြန်မာနိုင်ငံ၌ ခြေထောက်ပြတ်လူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပထမဆုံးအကြိမ် အောင်မြင်စွာ ပြန်ဆက်ခွဲစိတ်ကုသနိုင်ခဲ့

မြန်မာနိုင်ငံ၌ ခြေထောက်ပြတ်လူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပထမဆုံးအကြိမ် အောင်မြင်စွာ ပြန်ဆက်ခွဲစိတ်ကုသနိုင်ခဲ့


ရန်ကုန်   ဇူလိုင်   ၂၄

မသန်စွမ်းသူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းကို နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၌ ခြေထောက်ပြတ်လူနာအား ပြန်ဆက် ပေးနိုင်ခြင်းကို    ပထမဆုံးအကြိမ်အဖြစ်   ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ်သည်။

အရိုးရောဂါပညာဌာန ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က ''ဇွန် ၁၉ ရက်က အရိုးဆရာဝန်နဲ့ပေါင်းပြီး တာဝန်ကျဆရာဝန် တွေက ဆက်ခဲ့ကြတာပါ၊ အရိုးအထူးကုဆရာဝန်တွေနဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုဆရာဝန်တွေရဲ့   အောင်မြင်မှုပါပဲ၊   အဓိကကတော့ လက်တွေ၊ ခြေထောက်တွေ  ပြတ်တဲ့အခါမှာ ပြန်လည်လှုပ်ရှားမှုပြုလုပ်ဖို့ လိုအပ်ပါတယ်၊ ဒီလူနာကိုလည်း  ကျွန်တော်တို့အနေနဲ့  အနီးကပ်စောင့်ကြည့်ပေးနေပြီး အင်မတန်ကောင်းမွန်တဲ့ ခွဲစိတ်ခန်းတွေရှိတဲ့အတွက်ကြောင့် အားလုံးသန့်သန့် ရှင်းရှင်းနဲ့ ခွဲစိတ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ ဘာပိုးမှမဝင်ဘဲ အခြေအနေ ကောင်းပြီး ခုဆိုလူနာက အနာတော်တော်ကိုကျက်နေပါပြီ၊ လူနာကို မကြာခင် မှာပဲ ဆေးရုံကပေးဆင်းတော့မှာ ဖြစ်ပါတယ်၊ ပထမဦးဆုံးအကြိမ် ခြေထောက် ခွဲစိတ်မှုအောင်မြင်ခြင်းလည်း ဖြစ်ပါတယ်၊ ဒဏ်ရာရလူနာဟာ လက်တစ်ဖက် ပြတ်ပြီ၊ ခြေထောက်တစ်ဖက်ပြတ်ပြီဆိုရင် သန့်ရှင်းစွာနဲ့ အေးနေအောင်ထားပြီး ခြောက်ခြောက်သွေ့သွေ့ထားဖို့ လိုအပ်ပါတယ်။ြ<ွကက်သားတွေအများကြီးပါတဲ့ လက်ပြတ်၊ ခြေထောက်ပြတ်တာတွေကတော့ မလွယ်ဘူးပေါ့၊ အဓိကကတော့ ဒဏ်ရာရသူဟာ ခြောက်နာရီအတွင်း ဆေးရုံရောက်ရင် အကောင်းဆုံးပါပဲ''ဟု ဇူလိုင် ၂၄ ရက်က အဆိုပါဆေးရုံ၌ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ရှင်းပြခဲ့သည်။

တွံတေးမြို့နယ်မှ အသက်(၄ဝ)အရွယ် တောင်ယာအလုပ် လုပ်ကိုင်သူ ဦးသိန်းဇော်ဦးသည် မြက်ရိတ်နေရာမှ ခြေချင်းဝတ်ပြတ်တောက်သည်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ဇွန် ၁၉ ရက်တွင် ရောက်ရှိခဲ့ ကြောင်း၊ ခြေထောက်ပြတ်လာသည့် လူနာ၏ခြေထောက်မှာ မြက်များနှင့် ညစ်ပတ်ရောက်ရှိလာခြင်း ဖြစ်သော်လည်း လူနာ၏ သွေးကြောအခြေအနေများ ကောင်းမွန်ခြင်း၊ ဆေးလိပ်သောက်တတ်သည့်သူမဟုတ်ခြင်း စသည့်အချက် များကြောင့် ငါးနာရီအကြာတွင် အရိုးအထူးကုဆရာဝန်များနှင့် လက်ပိုင်း ဆိုင်ရာ ခွဲစိတ်ကုဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

''အိုသွေး၊ ဘီသွေးရှိတဲ့ လက်ပြတ်သွားတဲ့လူနာတွေက ကျွန်တော်တို့ဌာန ကို ကြိုပြီးအကြောင်းကြားထားရင် ပိုကောင်းပါတယ်၊ လက်ချောင်းလေးတွေက အချိန် ၂၄ နာရီကနေ ၃၆ နာရီအတွင်း ဆက်လို့ရပါတယ်၊ တကယ်လို့ လက်မောင်းကြီးပြတ်သွားမယ်ဆိုရင် လက်မောင်းမှာြ<ွကက်သားတွေ အများကြီး ရှိတော့ အချိန်အတိုင်းအတာတစ်ခုမှာ ပုပ်လာမှာကြောက်ရပါတယ်။

''ကျွန်တော်တို့အနေနဲ့ လက်ချောင်းလေးတွေကတော့ အများကြီးဆက်ဖူး ခဲ့ပါတယ်၊ လက်မောင်းထိအောင်ကို ဆက်ဖူးတာပါ၊ ကျွန်တော်တို့အနေနဲ့ ခြေထောက်ဆက်တာဟာ မြန်မာပြည်မှာ ဒါပထမဆုံးအကြိမ်ဆက်တာဖြစ်ပြီး မြန်မာ့ဆေးပညာလောကမှာ ဒါဟာပထမဦးဆုံးပါပဲ''ဟု ¤င်းက ပြောသည်။

ရုတ်တရက် မတော်တဆထိခိုက်ဒဏ်ရာကြောင့် လက်၊ ခြေထောက်များ ပြတ်သွားသည့်လူနာများအနေဖြင့် ပြတ်သွားသည့် လက်၊ ခြေထောက်ကို ပလတ်စတစ်အိတ်ထဲတွင် သန့်ရှင်းလုံခြုံစွာထုပ်ပိုးပြီး ရေခဲပုံးထဲ၌ ရေခဲများနှင့် အတူထည့်ကာ ခြောက်နာရီအတွင်း ဆေးရုံသို့ရောက်ရှိနိုင်အောင် ပို့သပါက အကောင်းဆုံးဖြစ်ကြောင်း သိရသည်။ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုဌာနကို စတင်ဖွဲ့စည်းခဲ့သည့် ၁၉၆၇ ခုနှစ်မှ ယနေ့အချိန်အထိ လက်ကောက်ဝတ် ပြန်ဆက်သူဦးရေ   ၄ဝ  ကျော်၊ လက်မောင်းပြန်ဆက်သူဦးရေ   နှစ်ဦးနှင့် လက်ချောင်းများဆက်သည့်ဦးရေမှာ ရာကျော်ရှိပြီဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်မြင့်၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ JAIPUR   မြို့ရှိ BMVVS(JAIPUR FOOT)နှင့်   ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း တို့ပူးပေါင်း၍  မသန်စွမ်းသူများအတွက် ခြေတုများကို တောင်ဒဂုံမြို့နယ် ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်၌ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှစတင်၍ ဒုတိယအကြိမ် အခမဲ့ခြေတုများတပ်ဆင်ပေးလျက်ရှိပြီး  ယခုနှစ်အတွက် မသန်စွမ်းဦးရေ ၅ဝဝ ကျော်အား တစ်ရက်လျှင် ၂၅ ဦးနှုန်းဖြင့်  ခြေတုတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် သြဂုတ်လပိုင်းတွင် အပြီးသတ်ခြေတုတပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံနည်းပညာဖြင့်   တပ်ဆင်ပေးလျက်ရှိသည့် အဆိုပါ ခြေတုတစ်ခု၏   ကုန်ကျတန်ဖိုးငွေမှာ   အမေရိကန်ဒေါ်လာ  ၁ဝဝ ရှိပြီး အမေရိကန်နိုင်ငံတွင် တပ်ဆင်ပါက   ဒေါ်လာတစ်သောင်းကုန်ကျကြောင်း၊ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်ခြေတုများမှာ အလေးချိန် လေးကီလိုရှိပြီး ယခုတပ်ဆင်ပေးသည့် ခြေတုများမှာ အလေးချိန် တစ်ကီလိုသာရှိကြောင်း၊ ခြေတုတပ်ဆင်မည့် ကုန်ကျစရိတ်များအတွက်လည်း လာရောက်လှူဒါန်းကြ သူများရှိနေကြောင်းနှင့် ခြေတုလာရောက်တပ်ဆင်ကြသူများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မသန်စွမ်းသူများပါဝင်ကြောင်း ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းမှ သိရသည်။   

သတင်းနှင့်ဓာတ်ပုံ- ပွင့်သစ္စာ

No comments:

Post a Comment