Latest News

Tuesday, July 17, 2018

နှစ်ပေါင်းများစွာ စာပေနယ်တွင်ကျင်လည်ခဲ့သူ စာပေသမားတစ်ဦးပြောသော ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရများ

နှစ်ပေါင်းများစွာ စာပေနယ်တွင်ကျင်လည်ခဲ့သူ စာပေသမားတစ်ဦးပြောသော ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရများ


ဒုတိယကမ္ဘာစစ်ကာလအတွင်း ရန်ကုန်မြို့ ဗုံးကြဲခံရသည့်အကြောင်း   မြန်မာ့အလင်း သတင်းစာတွင်  ရေးသားဖော်ပြထားသည့် ကဗျာတစ်ပုဒ်ကြောင့် ထိုစဉ်က ဆယ်ကျော် သက်အရွယ် သောကြာမောင်ကလေး၏ ရင်ထဲ စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။

''မြို့တော်ရန်ကုန်  တင့်တယ်ပုံကား ဝသုန်ပထဗျာ ဤကမ္ဘာတွင် သူငါသိကြ ထင်ရှားလှသည့် သင်္ခါရစက်  ငြိတွယ်ချက် ကြောင့် ပျက်ကြီးပျက်ပေါ့လို့ ရေးထားတာ တွေ့တော့ ငါသွားချင်တဲ့   ရန်ကုန်မြို့ကြီး ပျက်စီးသွားပါပေါ့လားဆိုပြီး စိတ်ထဲအတော် မကောင်းဖြစ်ခဲ့ဖူးတယ်'' ဟု  ညောင်ဦးမြို့ အနောက်မြောက်အရပ်    ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မြစ်ခြေမြို့ သရက်တောရွာ တွင် နေထိုင်ခဲ့သည့်   သောကြာမောင်ကလေး က ဆိုသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် တွင် ရန်ကုန်မြို့ကြီး ဗုံးကြဲတိုက်ခိုက်ခံရပြီး နောက် ရန်ကုန်မြို့သူ မြို့သားတို့မှာလည်း မြို့ကို   စွန့်ခွာသွားသူများရှိနေသည်ဟု ကြားသိနေရသော်လည်း  ၁၆ နှစ်ကျော် အရွယ် သောကြာမောင်ကလေးအနေဖြင့် ရန်ကုန်သွားချင်သည့်စိတ်ကဖြင့် တစ်စက် လေးမှ မလျော့ခဲ့ပေ။

''ရန်ကုန်မြို့ကြီးက စာရေးဆရာတွေ အရေးပါတယ်ဆိုတာ    ကြားဖူးခဲ့တယ်၊ ဒါကြောင့် ကြီးလာရင် ရန်ကုန်ကိုသွားမယ်၊ ရန်ကုန်မြို့မှာနေကိုနေမယ်၊ အဲဒီလို စိတ်ထဲ ကို စွဲနေတာ''ဟု ၎င်းက ပြောပြသည်။

ကျဆုံးအာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုရန်ပထမဆုံးအကြိမ် ရန်ကုန်ရောက်

၎င်းအနေဖြင့်    ရန်ကုန်သို့ရောက်ရန် အကြောင်းတရားကား စိတ်မချမ်းမြေ့ဖွယ် သတင်းစကားနှင့်အတူ      ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုသတင်းမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်          မြန်မာတစ်မျိုးသားလုံး၏ လူထုခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ကြီးများမှာ မသမာသူလူတစ်စု၏ လက်ချက် ဖြင့်   သွေးမြေခခဲ့ကြပြီဟူသည့် သတင်းပင် ဖြစ်ပြီး    အာဇာနည်ကြီးများ၏   ရုပ် အလောင်းများကို ရန်ကုန်မြို့  ဂျူဗလီဟော ၌   ပြည်သူများအနေဖြင့်  ဂါရဝပြုခွင့်ရ ကြောင်း ၎င်းအနေဖြင့်   သိခဲ့ရခြင်းပင် ဖြစ်သည်။

ထိုသတင်းကြားသည်နှင့်    ဗိုလ်ချုပ် အပါအဝင်  ကျဆုံးအာဇာနည်ခေါင်းဆောင် ကြီးများကို အလေးပြုရန် ဆရာတော်တစ်ပါး နှင့်အတူ   ရန်ကုန်မြို့သို့  ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်ဟု သောကြာမောင်ကလေး က ပြောပြသည်။

''ရောက်ရောက်ချင်း   ဂျူဗလီဟောကို သွားတယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့အလောင်း တွေ  ပြင်ဆင်ထားတယ်၊   တစ်ယောက်က အလေးပြုဆိုတာနဲ့ အလေးပြုတယ်၊ တစ်သုတ် ပြီး တစ်သုတ်ပေါ့၊  အဘတို့လည်း အလေးပြု ခွင့်ရခဲ့တယ်၊  စိတ်မကောင်းလည်းဖြစ်ရတယ်''ဟု သောကြာမောင်ကလေးက    ထိုစဉ်က အကြောင်းကို ပြန်ပြောင်းပြောပြသည်။

''ဗိုလ်ချုပ်တို့ ကျဆုံးတော့ တစ်နိုင်ငံလုံး စိတ်ထိခိုက်ကြရတယ်၊   မန္တလေးမြို့လည်း တိတ်ဆိတ်သွားတာပဲ၊ သတင်းစာတွေကလည်း တို့ ဘာလုပ်ကြမလဲ၊   ဗိုလ်ချုပ်တို့ကျသွားပြီ ဆိုပြီး    ရေးကြတာတွေတောင်ရှိတယ်''ဟု မန္တလေးတွင်နေထိုင်စဉ် ဗိုလ်ချုပ်တို့  ကျဆုံး သတင်းကြားသည့်နေ့က   အကြောင်းကို သောကြာမောင်ကလေးက ပြောပြသည်။

မြန်မာတစ်မျိုးသားလုံး   သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ငယ်ရွယ်နုနယ်သည့် အရွယ်မှာပင် အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ ပြီး အသက်ကိုပင်ပေးဆပ်ခဲ့သည့်  မိမိလေးစား ချစ်မြတ်နိုးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ငယ်စဉ်ဘဝက အမှတ်တမဲ့ တွေ့ခွင့်ရခဲ့သည် များကို တစိမ့်စိမ့်တွေးရင်း   အမြဲကြည်နူးခဲ့ရ သည်ဟု အသက် ၉၆ နှစ်အရွယ်ရှိ သောကြာ မောင်ကလေးက ပြောပြသည်။

အမှတ်တရ (၁)

''တစ်နေ့မှာ   ဗိုလ်ချုပ်အောင်ဆန်းတို့ ညောင်ဦးကိုလာမယ်၊    စည်းရုံးရေးတရား ဟောမယ်ဆိုတဲ့ သတင်းလည်းထွက်လာရော လာမယ့်နေ့ကို စိတ်ထဲမှတ်ထားတာပေါ့၊ အဘ က ရန်ကုန်သွားချင်တဲ့ စိတ်ကလည်းရှိ၊ နေရာ တကာ  စပ်စုချင်တဲ့  ဝါသနာလေးကလည်း ပါတော့ တရားဟောမယ့်နေရာ သွားခဲ့တယ်'' ဟု ဆယ်ကျော်သက်အရွယ်က  တွေ့ကြုံခဲ့ရ သည့်  ဗိုလ်ချုပ်နှင့်ပတ်သက်သော အမှတ်တရ တစ်ခုကို  သောကြာမောင်ကလေးက ပြောပြ သည်။

ထိုအချိန်  ထိုကာလသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန်  ဗိုလ်ချုပ် အောင်ဆန်းနှင့် အဖွဲ့ဝင်များက  ကြိုးပမ်းနေ ချိန်  ပြည်သူများအား စည်းရုံးရေးဆင်းနေချိန်၊ ''ဗိုလ်ချုပ်အောင်ဆန်း''ဆိုသည့်   အမည် တစ်လုံး လူထုကြားတွင် ထင်ပေါ်လာချိန်လည်း ဖြစ်သည်ဟု သူက ဆိုသည်။

ညနေပိုင်းတွင်   ညောင်ဦးမြို့ရှိ  အစိုးရ အထက်တန်းကျောင်းဝင်းအတွင်း တစ်ဖက်ရပ် ထိုးထားသည့် စင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ ဦးကျော်ငြိမ်း၊ ဦးဘဖေတို့ စည်းရုံး ရေးတရားဟောခဲ့စဉ် ဦးကျော်ငြိမ်းပြောခဲ့သည့်   ''ဇာတ်တွေကတဲ့နေရာမှာ ပထမအပျိုတော် ထွက်တယ်၊  ကျွန်တော်က   အပျိုတော်ပေါ့ဗျာ လို့ပြောတော့ ရယ်လိုက်ကြတာ အခုထိမှတ်မိ သေးတယ်''ဟု   သောကြာမောင်ကလေးက ပြောပြသည်။

ထိုစဉ်က    ဆယ်ကျော်သက်အရွယ် မောင်ကလေးမှာ ဗိုလ်ချုပ်ကို အနီးကပ်မြင်ချင် လိုဇောဖြင့် စင်အနောက်ဘက်သို့သွား၍  လူဝင်၊ လူထွက်ပေါက်မှ   သွားချောင်းကြည့်ရာတွင်  ဗိုလ်ချုပ်အောင်ဆန်းက ထွက်လာကာ မိမိ၏ လည်ပင်းအားသိုင်းဖက်ခဲ့ပြီး ''ဘာကြည့်တာ လဲကွ''ဟု မေးခဲ့သည်ကို  ယနေ့တိုင် တွေးပြီး ပီတိဖြစ်နေဆဲ။ ''အဲဒီတုန်းက သူက မာဖလာ လေး လည်ပင်းမှာပတ်လို့'' ဟု   အမှတ်တရ ဖြစ်ကျန်နေသည့်မြင်ကွင်းကို   ပုံဖော်ပြောပြ သည်။

စင်မြင့်ထက်တွင် ဗိုလ်ချုပ်ဟောပြောခဲ့ သည်များကို       ပြန်ပြောင်းပြောပြရာတွင် ''ဗိုလ်ချုပ်ပြောတဲ့အထဲမှာ  အားလုံးသွေးစည်း ညီညွတ်ဖို့၊ သူ့ကျွန်ဘဝရောက်ရတာ အင်မတန် အောက်တန်းကျတယ်ပေါ့၊  လွတ်လပ်ရေးရ အောင် သူတို့  ကြိုးစားနေတယ်၊ ဒါကြောင့် ပြည်သူတွေ သူတို့အဖွဲ့ကို ထောက်ခံကြဖို့ ဒါတွေ ပြောခဲ့တယ်၊  လုံးစေ့ပတ်စေ့တော့ မမှတ်မိပါ ဘူး၊            ဗိုလ်ချုပ်တို့ကျဆုံးတာလည်း ၇၁ နှစ်တောင်ရှိသွားပြီဆိုတော့လေ''ဟု မှတ်မိ သမျှ ပြောပြခဲ့သည်။

အမှတ်တရ(၂)

ဒုတိယအကြိမ် အမှတ်တရဖြစ်စေခဲ့သည် က ဗိုလ်ချုပ်အောင်ဆန်း မန္တလေးမြို့သို့ နိုင်ငံ ရေးတရားလာဟောမည့်အချိန်တွင် သောကြာ မောင်ကလေးလည်း မန္တလေးသို့ ရောက်ရှိနေ ချိန်ဖြစ်သည်။

သောကြာမောင်ကလေးက ''ဗိုလ်ချုပ် တို့ တရားဟောတဲ့နေရာက   မဟာမြတ်မုနိ ဘုရားကြီးနားမှာ ရွာဟိုင်းဈေးဆိုတာရှိတယ်၊ အဲဒီအနားမှာထင်ပါရဲ့၊     ကွက်လပ်အကျယ် ကြီးမှာ   မန်ကျည်းပင်ကြီးတွေက   အုပ်အုပ် ဆိုင်းဆိုင်းရယ်''ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ''အဲဒီအချိန်က တိုင်းပြု ပြည်ပြုလွှတ်တော် အစည်းအဝေးလုပ် မလို့ အမတ်ရွေးမှာကိုး၊ အဲဒီအချိန်မှာ မန္တလေး က မျက်နှာဖုံးဂုဏ်သရေရှိ လူကြီးတစ်ယောက် က   ဝင်ပြီးပြိုင်မယ်ဆိုပြီး    စာရင်းသွင်းတာ၊ အဲဒါကို ဗိုလ်ချုပ်ကသိသွားလို့  မန္တလေးကို လာမယ်ဆိုပြီးဖြစ်တာ''ဟု သူကြားဖူးခဲ့သည့် အကြောင်းကို ပြောပြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ တရားဟောပြော မည့်နေရာသို့ ရောက်ရှိမည်ဟု ကြေညာထား သည်မှာ   မွန်းလွဲ ၁ နာရီဖြစ်သော်လည်း  ၃ နာရီခန့်တွင်သာ ရောက်ရှိလာပြီး လမ်းတွင် ပြည်သူများကတားကာ တရားဟောခိုင်းသည့် အတွက် နောက်ကျခြင်းဖြစ်ကြောင်း  အခမ်း အနားမှူးက ကြေညာခဲ့သည်ဟု   သောကြာ မောင်ကလေးထံမှ သိရသည်။

''ဗိုလ်ချုပ်အောင်ဆန်းလာပြီဟေ့ ဆိုပြီး လူတွေလည်း ရုတ်ရုတ်နဲ့ နေရာယူကြတယ်၊ အဘလည်း ဗိုလ်ချုပ်ကို နီးနီးကပ်ကပ်ကြည့် ချင်တဲ့စိတ်နဲ့  ဟောပြောမယ့်  စင်နားအထိ သွားခဲ့တယ်၊ အဲဒီတုန်းက လုံခြုံရေးတွေ အတား အဆီးတွေမရှိဘူး၊  နာမည်ကတော့  သိပ်ကြီး နေပြီ''ဟု ဦးမောင်ကလေးက ပြောသည်။

အဆိုပါ    ဟောပြောပွဲတွင်    ဗိုလ်ချုပ် အောင်ဆန်း၏ အပါးတော်မြဲ   ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)က စင်မြင့်ထက်တွင် နေရာ ယူထားပြီးချိန် ဗိုလ်ချုပ်က ကားပေါ်မှ ခပ်သွက် သွက်ဆင်းလာကာ စင်ပေါ်သို့  ကျောင်းသား ငယ်လေးကဲ့သို့ လှမ်းတက်သွားပြီး လူအုပ်ကြီး ကို တစ်ချက်ဝေ့ကြည့်ရင်း ''မန္တလေးမြို့ကြီး လိမ္မာလာပြီ''ဟု ပြောသည့်အခါ လက်ခုပ်သံ များ ဆူညံသွားခဲ့သည်ဟု ဦးမောင်ကလေးက ပြောပြသည်။

''ပြောတာတွေက အများကြီးပါ၊ သူပြော တာ ထိရောက်လွန်းလို့ အဘမှတ်ထားတာက အခုအချိန်က လက်ညှိုးထောင်  ခေါင်းညိတ် ပဲ လိုချင်တယ်၊  သူပုန်အဖွဲ့ ဖြစ်ချင်ဖြစ်မယ် တဲ့၊  တစ်နှစ်အတွင်း  လွတ်လပ်ရေးရစေ ရမယ်တဲ့၊  ကျုပ်တို့ကိုသာမဲပေးဆိုပြီး ပြောခဲ့ တာတွေပဲ'' ဟု ပြောသည်။

ထိုစဉ်က မန္တလေးမြို့တွင် မန္တလေး သူရိယသတင်းစာ၊  လူထုသတင်းစာနှင့် နောက်ထပ် တစ်စောင် (နာမည်မမှတ်မိ)တို့      ထွက်ရှိရာ    သတင်းစာများတွင် ''ဗိုလ်ချုပ်အောင်ဆန်းက မန္တလေးမြို့ကြီးကို ချီးမွမ်းခြင်း''ဆိုသည့်  ခေါင်းစဉ်များဖြင့် သတင်းများပါလာခဲ့သည်ဟု    ဦးမောင် ကလေးထံမှ သိရသည်။

''ဟောပြောပွဲပြီးသွားတော့ နောက် တစ်နေ့   မန္တလေးသူရိယသတင်းစာထဲမှာ   ဘိလပ်ရည်ဖောက်ပြီးတိုက်တော့    အဖတ် ကလေးပါသွားတာကို ဗိုလ်ချုပ်က 'ေ -ာက် သုံးမကျလိုက်တာ ထွီ' ဆိုပြီး  ပြောတာကို သတင်းစာက ဒီအတိုင်းရေးတယ်၊ ဗိုလ်ချုပ် ပြောသမျှ    အသေးစိတ်ကိုရေးတာ''ဟု သတင်းစာများထဲမှ ဗိုလ်ချုပ်နှင့် ပတ်သက် သည့် မှတ်မှတ်ရရ အကြောင်းအရာတစ်ခု ကို ပြောပြသည်။

အမှတ်တရ(၃)

ဦးမောင်ကလေးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်  ရန်ကုန်မြို့သို့ ဒုတိယအကြိမ်ရောက်ရှိခဲ့ပြီး ၁၉၅၂ ခုနှစ် တွင် စာပေလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ရာ ရှုမဝမဂ္ဂဇင်းတွင်    စာပြင်လုပ်ခဲ့စဉ်က အာဇာနည်နေ့   နီးလာပြီဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဖော်ပြမည့် စာတစ်ပုဒ်တွင် ဗိုလ်ချုပ်အား ထိခိုက်စေမည့် မိန့်ခွန်းကို တည်းဖြတ်ခဲ့ရသည်မှာလည်း ယနေ့တိုင် အမှတ်တရဖြစ်နေဆဲဟု ဆိုသည်။

''ဗိုလ်ချုပ်အောင်ဆန်းစကားတော့ မှန်တယ်၊  ဖဆပလကတောင် ပြည်ဖုံးကား ချလိုက်ပြီးပြီ၊  ဒီဆောင်းပါးထည့်ဖို့ တော်ပါ့ မလားဆိုပြီး ပြတော့ ဒါသာပါခဲ့ရင် ကွဲရော ပဲလို့ ရှုမဝဦးကျော် ပြောခဲ့တာ အမှတ်တရ ပါပဲ''ဟု ၎င်းက ပြောသည်။

နောက်စာပေလောကထဲလုပ်နေရင်းဗိုလ်ချုပ်အကြောင်း ကိုယ်တိုင်လည်းရေးခဲ့ ဖူးသူ၊ သူများရေးသမျှ စာပေများကိုလည်း ဖတ်ရှုဖူးသူ      ဆရာကြီးသောကြာ မောင်ကလေးက ''သတင်းထောက် ဦးပုလေး ရေးတဲ့အထဲမှာ လမ်းမှာ  ဒေါ်ခင်ကြည်က ကားစီးရလို့ ခေါင်းမူးတဲ့အခါ ဗိုလ်ချုပ်က သူ့မိန်းမကို နှိပ်ပေးရင်း ငါ့ပြုစုဖို့ခေါ်လာတာ ငါကပြန်ပြုစုပေးနေရပြီ ဆိုတာကို ရေးထား တာ သဘောကျလွန်းလို့ ခုထိ ခေါင်းထဲစွဲနေ တယ်''ဟု ပြောသည်။

၁၉၅၂ ခုနှစ် စာပေလောကထဲ ခြေစုံ ပစ်ဝင်ခဲ့ပြီး ယခုအချိန်အထိ ရန်ကုန်မြို့တွင် နေထိုင်ကာ နှစ်ပေါင်း ၆ဝ နီးပါးသက်တမ်း ရှိ သောကြာစာစောင်ကို ဦးစီးထုတ်ဝေနေ သည့် အသက် ၉၆ နှစ်အရွယ် သောကြာ မောင်ကလေးက-

''ဗိုလ်ချုပ်ပုံပါတဲ့ပိုက်ဆံတွေ မသုံးဖြစ် တော့တာကြာပြီ၊ ဦးနေဝင်းလက်ထက်အထိ သုံးခဲ့ရတယ်၊ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ပုံ ပါတဲ့ ပိုက်ဆံလေးတွေ ပြန်သုံးချင်တယ်'' ဟု တစ်ချိန်က အသုံးပြုခဲ့သည့်   ဗိုလ်ချုပ် အောင်ဆန်းပုံပါ ပိုက်ဆံများအား အမှတ်တရ ရိုက်ကူးထားသည့် ''အောင်ဆန်းမော်ကွန်း မဂ္ဂဇင်းပါ'' ဓာတ်ပုံများကိုပြရင်း   ပြုံး၍ နေလေသည်။   

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - ခြူး


No comments:

Post a Comment