Latest News

Tuesday, July 17, 2018

စိတ်ဝင်စားစရာ ဖြစ်ရပ် အဖုံဖုံနဲ့၂ဝ၁၈ ကမ္ဘာ့ဖလား သမင်လည်ပြန်

စိတ်ဝင်စားစရာ ဖြစ်ရပ် အဖုံဖုံနဲ့၂ဝ၁၈ ကမ္ဘာ့ဖလား သမင်လည်ပြန်

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဇူလိုင် ၁၅ ရက်မှာပဲ ဗိုလ်လုပွဲအဖြစ် ပြင်သစ်နဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားပြီး ပြင်သစ်က ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရလို့ ချန်ပီယံဆုဖလားကြီးကို သိမ်းပိုက် သွားခြင်းနဲ့ ပြီးဆုံး ခဲ့ပါပြီ။

၂ဝ၁၈ ကမ္ဘာ့ဖလားပွဲကြီးမှာ ၂ဝ၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်း အုပ်စုကလှည့်ပြန်သွားရပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်တဲ့ အာဂျင်တီးနားက ၁၆ သင်းအဆင့်၊ ဘရာဇီးက ကွာတား ဖိုင်နယ်အဆင့်တွေကနေ ထွက်သွားခဲ့ရတာတွေက ပြောစမှတ်အဖြစ် ကျန်ခဲ့ပါတယ်။ ပွဲပေါင်း ၆၄ ပွဲကစား ခဲ့ရာမှာ ဂိုးပေါင်း ၁၆၄ ဂိုးသွင်းခဲ့ကြပြီး နောက်ဆုံးမှာ ပြင်သစ်က ဗိုလ်စွဲသွားတာကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးပြိုင်ပွဲလေးရပ် ဆက်တိုက် ဥရောပအသင်းတွေ ချန်ပီယံဖြစ်တဲ့စံချိန် တင်သွားနိုင်ပါတယ်။

၂ဝဝ၆ ပြိုင်ပွဲမှာ အီတလီ၊ ၂ဝ၁ဝ ပြိုင်ပွဲမှာ စပိန်၊ ၂ဝ၁၄ ပြိုင်ပွဲမှာ ဂျာမနီတို့ ဗိုလ် စွဲခဲ့တာကြောင့် ဒီစံချိန်တင်သွားတာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ထူးခြားတဲ့ မှတ်တမ်းမှတ်ရာတွေကို တစ်ဖက်မှာ ကိန်းဂဏန်း အချက်အလက်တွေနဲ့ ဖော်ပြထားပြီးဖြစ်လို့ ဒီစံချိန်တွေထက် အမှတ်တရဖြစ်စေခဲ့တဲ့ အရာတွေကိုသာ ဖော်ပြပြီး ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သမင်လည်ပြန်ကြည့်ရင်း တင်ဆက်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးများကို ဖော်ပြချင်ပါတယ်။ အကောင်းဆုံးပွဲစဉ်ကတော့ စပိန်နဲ့ ပေါ်တူဂီတို့ရဲ့ အုပ်စုတွင်းပွဲစဉ်ကိုရွေးရမှာပါ။ သုံးဂိုးစီသရေကျခဲ့ပြီး ကစားခဲ့တဲ့ပွဲပေါင်း ၆၄ ပွဲထဲမှာ ရင်ခုန် စရာအကောင်းဆုံး၊ ရသအကောင်းဆုံး ပေးစွမ်းနိုင်ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဟက်ထရစ်သွင်းတဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ နောက်ဆုံး ဖရီးကစ်ဂိုးကလည်း အလှ ဆုံးဂိုးအဖြစ် သတ်မှတ်ရမှာပါ။ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ ခရိုအေးရှားအသင်းက မိုဒရစ်ကလည်း ဆုနဲ့ထိုက်တန်ပြီး လူဦး ရေလေးသန်းကျော်သာရှိပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမား ၈ဝဝ သာရှိတဲ့နိုင်ငံက အသင်းလေးကို ဗိုလ်လုပွဲတက်လှမ်းနိုင်စေခဲ့လို့ ဗိုလ်စွဲနိုင်ခြင်းမရှိပေမယ့် အကောင်းဆုံးကစားသမားအဖြစ် တညီတညွတ်တည်း သတ်မှတ်နိုင်ကြမယ်ထင်ပါတယ်။ မိုဒရစ်က လူငယ်ကစားသမား လည်း မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီကမ္ဘာ့ဖလား ပွဲမှာ သူကစားတဲ့ခြောက်ပွဲ (ဗိုလ်လုပွဲမပါ) အတွင်းပြေးလွှားကစားမှုက ကျန်ကစားသမားအားလုံးထက် ပိုများပြီး ၆၃ ကီလိုမီတာရှိတဲ့အတွက် စိတ်ဓာတ် ကို မချီးကျူးဘဲမနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျရှုံးမှု အဆိုးဆုံးအသင်း နှစ်သင်းကတော့ ဂျာမနီနဲ့ အာဂျင်တီးနားဖြစ်ပါတယ်။ ဒီအထဲမှာမှ ကျရှုံးမှုအဆိုး ဆုံးဘောလုံးသမားကတော့ အာဂျင်တီးနားအသင်းက မက်ဆီဖြစ်ပြီး သူတို့မျိုးဆက်တွေက မက်ခဲ့ရတဲ့ ကမ္ဘာ့ဖလားအိပ်မက် ဒီမှာတင် တစ်ခန်းရပ်ပြီး စီနီယာကစားသမားအများစုက နောက်ထပ် ကမ္ဘာ့ဖလားချန်ပီယံ အိပ်မက် မမက်နိုင်တော့ဘဲ အနားယူခဲ့ကြရပါပြီ။ ဒီကမ္ဘာ့ဖလားပွဲမှာ တခြားသော အမှတ်တရဖြစ်စဉ်တွေကို ဆက်လက်ပြောဆိုရရင်တော့ ဗီအေအာရ်လို့ခေါ်တဲ့ ဗီဒီယိုလက်ထောက်ဒိုင်စနစ် အကြောင်း ပြောရပါမယ်။ ဒီစနစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ် သုံးစွဲခဲ့တာဖြစ်ပြီး အောင်မြင်တယ်လို့ သုံးသပ်သူ တွေရှိသလို ပွဲအရှိန်ကိုရပ်စေတယ်။ စိတ်လှုပ်ရှားတက်ကြွခြင်းတွေကို တုံ့ဆိုင်းသွားစေတယ်ဆိုပြီး ဝေဖန်သူ တွေလည်း များစွာရှိနေပါတယ်။

ဘရာဇီးတိုက်စစ်မှူးနေမာ ပယ်နယ်တီရရှိမှုကို ဒီစနစ်ကြည့်ပြီး ကွင်းလယ် ဒိုင်က ပြန်လည်ပယ်ဖျက်ပေးလိုက်ခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပေမယ့် ရုရှားကစားသမား အီလ် ယာကူတီပေါ့ဗ်က စပိန်ခံစစ်မှူး ရာမို့စ်ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမှာတော့ ပြစ်ဒဏ်မပေးခဲ့တဲ့ ဆုံးဖြတ်ချက်က ဝေဖန်ချင်စရာဖြစ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ ဗီအေ အာရ်အခန်းထဲက ရုပ်သံဖန် သားပြင်တွေပေါ်မှာ ရုရှားသမ္မတ ပူတင်ပုံတွေတင်ပြီး ဗီအေအာရ်ဆုံးဖြတ်ချက်ကို ပူတင်ချမှတ်တယ်လို့ လှောင်ပြောင်မှုတွေ လူမှုကွန်ရက်ပေါ်မှာ များစွာရှိလာခဲ့ရပါ တယ်။ နောက်ထပ်ထူးခြားချက် တစ်ရပ်ကတော့ ဗီအေအာရ်စနစ်ကြီး ဒီလောက်အသုံးပြုနေတာတောင် နာမည်ကြီး ဘောလုံးသမားတွေက ဟန်ဆောင်မှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြခြင်း ပါပဲ။ နေမာက ဟန်ဆောင်ပြီး ကွင်းထဲ လူးလှိမ့်ခဲ့ပေမယ့် ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ပဲ ပြောသွားခဲ့တယ်။ အီဂျစ်နဲ့ပွဲမှာဆိုရင် လည်းဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က နှစ်ကြိမ်တောင် ဟန်ေ ဆာင်ဒိုင်ဗင်ထိုးခဲ့တယ်။ မော်ရိုကိုနဲ့ပွဲမှာလည်း ပေါ်တူဂီခံစစ်မှူး ပီပီက ဟန်ဆောင်ဒိုင်ဗင်ထိုးပြီး ပယ်နယ်တီမပေးတော့ ပြုံးပြီးပြန်ထလာတဲ့ မြင်ကွင်းကို အမှတ်ရနေတာကြောင့် ဟန်ဆောင်ခြင်းကို ကမ္ဘာကျော် ဘောလုံးသမားတွေက ဖျော်ဖြေတင်ဆက်ခြင်းလို့ များမှတ်ထားသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။

နောက်ထပ် အမှတ်ရစရာကိစ္စတစ်ခုကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီလေးမှာ ဖြစ်သွားခဲ့ပါတယ်။ စပိန် အသင်းနည်းပြ လိုပက်တက်ဂီက ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ဖို့ တစ်ရက်အလိုမှာပဲ ရီးယဲလ်အသင်းနည်းပြ ရာထူးကို လက်ခံလိုက်ပြီလို့ ကြေညာခဲ့တယ်။ ဒါကိုစပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရူဘီယာလက်စ်က ဒေါသ ထွက်ပြီး ရာထူးကထုတ်လိုက်တယ်။ ပြိုင်ပွဲစဖို့ တစ်ရက် အလိုမှာ ထုတ်ပယ်ခံလိုက်ရတဲ့ လိုပက်တက်ဂီက ''ဝမ်းနည်းစရာ အကောင်းဆုံးနေ့''လို့ဆိုပြီး နောက်ရက်မှာ ရီးယဲလ်နည်းပြအဖြစ် တရားဝင်ခန့်အပ်တော့ ''ဝမ်းနည်းစရာ အကောင်းဆုံးနေ့ ဖြစ်ခဲ့ပြီး နောက်ရက်မှာ ပျော်စရာ အကောင်းဆုံးနေ့''လို့ ပြောသွားခဲ့ပါတယ်။ စပိန်အသင်းကို ဘောလုံးအဖွဲ့ချုပ်ဒါရိုက်တာ ဟီယာရိုက နည်းပြအဖြစ်ကိုင်တွယ်ခဲ့ပြီး စပိန်ကလည်း ၁၆ သင်းအဆင့်မှာပဲ ရုရှားကိုရှုံးပြီး အိမ်ပြန်စောခဲ့တယ်။

ဒါပေမဲ့ ရီးယဲလ်အသင်းက ကြားထဲက အမြတ်ထွက် သွားခဲ့ပါတယ်။ လိုပက်တက်ဂီကို သူတို့ခန့်အပ်မှုမှာ စပိန်ဘောလုံး အဖွဲ့ချုပ်က ဒေါသထွက်ပြီး ရာထူးက ထုတ်လိုက်တော့ လိုပက်တက်ဂီနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ချုပ်ဆိုထားတဲ့ စာချုပ်အရ အလျော်ပေးရမယ့်ယူရို နှစ်သန်းကို မပေးရတော့ဘဲ အမြတ်ထွက်သွားတာ ဖြစ်ပါတယ်။ နောက်ထပ် အမြတ်ထွက်သွားတာက ဖီဖာဖြစ်တယ်။ သူတို့ကျင်းပတဲ့ပြိုင်ပွဲတိုင်းမှာ ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှု သုညဖြစ်ရမယ်။ ခွဲခြားစော်ကားမှုတွေလည်း သုညဖြစ်စေရမယ်လို့ လှုံ့ဆော်စာ တန်းတွေထောင် ပါတယ်။ ဒီကမ္ဘာ့ဖလားပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ရုရှားပရိသတ်တွေ နီယိုနာဇီအလံထောင်လို့ဆိုပြီး ယူရို ၈၅ဝဝ ဒဏ်ရိုက်ခဲ့တယ်။ ဂေးအသိုင်းအဝိုင်းကို ထိခိုက်စေတဲ့ လှောင်ြေ ပာင်မှုပြုတဲ့ ပရိသတ်တွေကြောင့် မက္ကဆီကို ကို ယူရို ၈၅ဝဝ ဒဏ်ရိုက်တယ်။ ဆွီဒင်ကို တရားဝင်ခွင့်ပြုခြင်း မရှိတဲ့ အမှတ်တံဆိပ်ပါ ခြေစွပ်ဝတ်လို့ ယူရို ၆ဝဝဝဝ ဒဏ်ရိုက်တယ်။ ဖီဖာရဲ့ တရားဝင် စပွန်ဆာ မဟုတ်တဲ့ အစားအစာတွေကို ကင်မရာရှေ့မှာ ကစား သမားတွေကို စားခွင့်ပေးလို့ ခရိုအေးရှားကို ယူရို ၆ဝဝဝဝ ဒဏ်ရိုက်ခဲ့တာကြောင့် ဖီဖာအတွက် အကျိုးအ မြတ်ရှိခဲ့တယ်လို့ ပြောရတာဖြစ်ပါတယ်။

နောက်ထပ် အရှက်ရဖွယ်ရာ သံတမန်ကိစ္စတစ်ခုလည်း ရှိခဲ့ပါတယ်။ ဖီဖာက သူတို့အဖွဲ့အစည်းရဲ့သံတမန် အဖြစ် အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာကို တစ်ပွဲတက်ရောက်ကြည့်ရှုပေး ရင် ပေါင် ၁ဝဝဝဝ ပေးပြီးဖိတ်ကြား ခေါ်ယူထားပေမယ့် အာဂျင်တီးနားနဲ့ တောင်ကိုရီးယားတို့ ကစားခဲ့တဲ့ပွဲမှာ သူက ဝိုင်အဖြူ တွေအသောက်များပြီး တောင်ကိုရီးယားပရိသတ်တွေကို လက်ခ လယ်ထောင်ပြတာနဲ့ ဆဲဆိုတာတွေလုပ်ခဲ့ လို့အကျည်းတန်ဆုံးမြင်ကွင်း ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးဖော်ပြချင်တာကတော့ တိရစ္ဆာန်တွေကို ကမ္ဘာ့ဖလားပွဲတွေ ခန့်မှန်းခိုင်းတဲ့ဖြစ်ရပ်ပါ။ ဂျပန်ရဲ့အုပ်စု တွင်းပွဲတွေ အနိုင်၊အရှုံးကို အားလုံးမှန်အောင် ခန့်မှန်းပေးနိုင်တဲ့ ရေဘဝဲလေး ရာဘီယို ကလည်း နောက် ဆုံးတော့ ရောင်းခံလိုက်ရပြီး ချက်စားခံလိုက်ရတယ်။ ၁ဝ ပွဲမှာ ခုနစ်ပွဲမှန်အောင် ခန့်မှန်းပေးနိုင်ခဲ့တဲ့ ပေကျင်း မြို့က ကြောင်ကလေး ဝှိုက်စပေါ့လည်း သေနေတာကိုတွေ့ရလို့ အသတ်ခံလိုက်ရတယ်ဆိုပြီး သတင်းထွက်ခဲ့တယ်။ အင်္ဂလန်ရဲ့ ကွာတားဖိုင်နယ်ပွဲကို ခန့်မှန်းရာမှာ မှားသွားခဲ့တဲ့ ဗြိတိန်က ဝက်ကလေး မားကပ်စ်ကို လည်းလူမှုကွန်ရက်ပေါ်မှာ ''ချက်စားမယ်။ လျှာနှစ်ခွနဲ့ဝက် ဆိုပြီး ဆဲဆိုသူများစွာရှိခဲ့လို့ တိရစ္ဆာန်ချစ်သူများ က  နောက်နောင် တိရစ္ဆာန်လေးတွေကို ဘောလုံးပွဲ မခန့်မှန်းခိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ မစမီမှာ ရုရှားတွေက ရန်ပြုတိုက်ခိုက်ဖို့ သင်တန်းပေးနေပြီ။ အုပ်စုဖွဲ့ တိုက်ခိုက်ဖို့ နှစ်ချီပြီး ပြင်ဆင်ထားတယ်လို့ သတင်းထွက်ခဲ့သလို အစွန်းရောက် အကြမ်း ဖက်သမားတွေက လည်း ပစ်မှတ်ထားတိုက်ခိုက်ကြမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပူတင်က အကြမ်းဖက်မှု ကင်းမဲ့စေရမယ့် ကမ္ဘာ့ဖလားဖြစ်စေရမယ်လို့ ကတိပေးထားတဲ့အတိုင်း ရန်ပွဲေ တာင် ကြီးကြီးမားမားမရှိခဲ့လို့ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက သန့်ရှင်းမျှတမှုအရှိဆုံး ကမ္ဘာ့ဖလား၊ အေးချမ်းဆုံး ကမ္ဘာ့ဖလားပွဲအဖြစ် ချီးကျူးသွားပါတယ်။ ထူးခြားတဲ့ ကစားဟန်သစ်တွေနဲ့ မထင်မှတ်တဲ့ ရလဒ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲကြီးက တော့အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

MWD

No comments:

Post a Comment