မြန်မာ့ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)က ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား မွေးဖွားနိုင်ခဲ့ပြီ
ဇွန် ၁၂ ရက် (အင်္ဂါနေ့) နံနက်ပိုင်းသည် မြန်မာ့ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည့်နေ့ရက်တစ်ရက်ဟု ဆိုရပေမည်။
အကြောင်းမူကား ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)Fertility Centre ၌ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား သားဦးရတနာလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့၍ဖြစ်သည်။
အဆိုပါ မြန်မာ့ဆေးပညာလောက၏ အောင်မြင်မှုနှင့်စပ်လျဉ်း၍ ဗဟို အမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ၊ ဌာနမှူးအပါ အဝင် သက်ဆိုင်ရာ မိဘများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့မှုများအား ဖော်ပြအပ်ပါသည်။
ပါမောက္ခ ဒေါ်ခင်ပြုံးကြည်
ဆေးရုံအုပ်ကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ရဲ့Fertility Centre မှာ ပထမဦးဆုံး ဖန်ြ>ွပန်သန္ဓေသား သားဦးရတနာလေးကို ခွဲစိတ်မွေးဖွားပေးနိုင်တဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဖန်ပြွန်သန္ဓေသားကို စထည့် လိုက်ပြီးကတည်းက မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေသားကို ခွဲစိတ် မွေးဖွားနိုင်တဲ့အတွက် ကျွန်မတို့ဆေးရုံအနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ မှတ်တိုင် တစ်ခုပါပဲ။ ကျွန်မတို့ ဆေးရုံရဲ့မှတ်တိုင်တစ်ခုဖြစ်သလို လမ်းညွှန်ပံ့ပိုးပေးတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကြီးတစ်ခုလုံးရဲ့ အောင်မြင်မှုမှတ်တိုင် လည်းဖြစ်ပါတယ်။
နောက်ထပ်လည်း သားသမီးလိုချင်ကြတဲ့ မောင်မယ်တွေကို ဒီFertility Centre က ဆက်လက်ကုသပေးဖို့ လိုအပ်ပါတယ်။ ဒါက အခြေခံကျန်းမာရေး စောင့်ရှောက်မှု မဟုတ်ဘူး၊ အထူးကုသမှုထဲမှာပါတဲ့အတွက် ပထမအဆင့် ဆေးရုံကြီးအနေနဲ့ ဒီလို ကုသရတဲ့အခါမှာ သုံးစွဲရတဲ့ ဆေးဝါးပစ္စည်းတွေ၊ ထိုးဆေးတွေရှိမယ်၊ ဒီဟာအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ သားသမီးလိုချင်ကြတဲ့ မောင်မယ်တွေက စိုက်ထုတ်သုံးစွဲရတာ ရှိပါတယ်။ တကယ်လို့များ တစ်ချိန် ချိန်မှာ တကယ့်ကိုကလေးလည်းလိုချင်တယ်၊ သူတို့အနေနဲ့ ဆေးဝါးကုန်ကျမှု လည်း မတတ်နိုင်ဘူးဆိုရင်၊ ရန်ပုံငွေလည်း တောင့်တင်းခဲ့မယ်ဆိုရင် ကူညီ ဖို့ အတွက် နည်းလမ်းလေးရှာနေပါတယ်၊ ဆေးဝါးကအစ လှူဒါန်းမယ့် သူရှိရင်လည်း လှူဒါန်းလို့ရပါတယ်၊ နောက်ပိုင်းကျရင်တစ်ချိန်ချိန်မှာ ဒီလိုမျိုး ကူညီပေးဖို့အတွက် စိုက်ထုတ်လုပ်ပေးနိုင်မယ့် အခြေအနေကိုရောက်မယ်လို့ မျှော်လင့်ပါတယ်။
Fertility Centre တွေကို အခုဆေးရုံကြီးအပြင် အလားတူ အခြားဗဟို ဆေးရုံကြီးတွေမှာ Centre တွေလုပ်နိုင်မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က သားသမီးလိုချင်တဲ့သူတွေ၊ ရန်ကုန်ကိုမလာနိုင်တဲ့သူတွေအတွက်လည်း လက်လှမ်းမီ သွားမှာဖြစ်ပါတယ်။ ဒါကတော့ ကြိုးစားနေတော့ တစ်ချိန်ချိန် မှာ ဖြစ်မယ်လို့ထင်ပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ သားသမီးမရသေး တဲ့ မောင်မယ်တွေရဲ့ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်ပါတယ်၊ သူတို့အနေနဲ့ကလည်း ကြိုးစားရမယ်၊ ကြိုးစားမှလည်း အောင်မြင်မှုရမယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေက အကြံပေးတဲ့အတိုင်း လိုက်နာမယ်ဆိုရင် သားသမီးရဖို့ လမ်းစတွေ အများကြီးရလာမယ်လို့ ပြောချင်ပါတယ်။
ပါမောက္ခ ဒေါ်စမ်းစမ်းမြင့်
ပါမောက္ခ၊ ဌာနမှူး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
ကျွန်မတို့ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှာFertility Centre ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာစတင်ဖွင့်လှစ်ခဲ့တယ်။ သားသမီးရဖို့ ခက်ခဲတဲ့ မောင်မယ်တွေကို ရောဂါရာဇဝင်မေးမြန်းတယ်၊ ရှာဖွေတယ်။ အမျိုးသမီးမှာရော၊ အမျိုးသားမှာရော သားသမီးရဖို့ ဘာလို့ခက်ခဲနေလဲ၊ စမ်းသပ်စစ်ဆေးတယ်၊ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်တယ်။ လိုအပ်တဲ့အချက် အလက်တွေ၊ ဖြစ်နေတဲ့ အကြောင်းအရင်းတွေ စစ်ဆေးကုသပေးတယ်။ သဘာဝနည်းနဲ့ပဲကလေးရသွားတဲ့ မောင်မယ်တွေလည်းရှိတယ်။ တချို့က မျိုးဥကြွေဆေးတိုက်ပြီးတော့အောင်မြင်သွားတဲ့ မောင်မယ်တွေလည်းရှိပါတယ်။ အမျိုးသမီးရဲ့ သားအိမ်အတွင်း အမျိုးသားရဲ့ မျိုးရည်သန့်စင်ပြီးထည့်သွင်း ခြင်း အဲဒါကိုIUI နည်းလို့ခေါ်တယ်။IUI နည်းနဲ့ အောင်မြင်သွားတဲ့ မောင်မယ် တွေလည်းရှိတယ်။
IVF က ဖန်ပြွန်သန္ဓေသား၊ အဲဒီဖန်ပြွန်သန္ဓေသားနည်းကို ၂ဝ၁၇ စက်တင်ဘာလနဲ့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှာ နှစ်ကြိမ်၊ သားသမီးရဖို့ ခက်ခဲတဲ့ မောင်မယ်ပေါင်း ၁၆ တွဲ၊ အဲဒီထဲမှာမဇင်မာလင်းက ဖန်ပြွန်သန္ဓေသားIVF က အောင်မြင်ပြီး ကိုယ်ဝန်ရသွားပါတယ်။ ၂ဝ၁၈ ခုနှစ် ဇွန် ၁၂ ရက်မှာ ခုနစ်ပေါင်နဲ့ ငါးအောင်စ သားယောက်ျားလေးကို အောင်မြင်စွာခွဲစိတ်မွေးဖွားခဲ့ ပါတယ်။ ခွဲစိတ်တာကတော့IVF ကြောင့်မဟုတ်ပါဘူး။ ကလေးရဲ့အချင်းက ရှေ့ကိုရောက်နေတဲ့အတွက် ခွဲစိတ်မွေးဖွားလိုက်ရတာပါ။ ကျွန်မကိုယ်တိုင်ပဲ မွေးဖွားပေးခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုရတာကတော့ ဝန်ကြီးဌာနရဲ့ ဦးဆောင်မှု၊ ပံ့ပိုးမှုတွေနဲ့ စုပေါင်းပြီး အဖွဲ့လိုက်ကြိုးစားမှုကြောင့် အောင်မြင်တာဖြစ်ပါ တယ်။ လူနာရဲ့ ကိုယ်ဝန်စောင့်ရှောက်မှုက ပုံမှန်အတိုင်းဖြစ်ပါတယ်။ နေပုံ၊ စားပုံ၊ သောက်ပုံ သင်ပြပေးရတယ်။ ကိုယ်ဝန်မှန်မှန်ပြဖို့၊ မိခင်ရော၊ ကလေး ပါ စောင့်ရှောက်မှုပေးရတယ်။ IVF မို့လို့ ပိုမိုထူးခြားပြီးစောင့်ရှောက် ပေးရတာမရှိပါဘူး။
IVF ဖန်ပြွန်သန္ဓေသားကို မိခင်ရဲ့သားအိမ်ထဲထည့်ပြီးရင် ကိုယ်ဝန်ကို စနစ်တကျ စောင့်ရှောက်မှုပေးနိုင်ပြီး စနစ်တကျမွေးဖွားပေးနိုင်တဲ့ ၂၄ နာရီ ခွဲစိတ်မှုပေးနိုင်တဲ့ဆေးရုံ၊ မိခင်ရော၊ ကလေးပါ စနစ်တကျစောင့်ရှောက်မှုပေးနိုင် တဲ့၊ ပစ္စည်းကိရိယာ စုံလင်တဲ့ ဆေးရုံတိုင်းမှာမွေးနိုင်ပါတယ်။ ကျွန်မတို့ ဗဟို အမျိုးသမီးဆေးရုံကြီးမှာFertility Centreမဖွင့်ခင်ကတည်းက သားသမီး ရဖို့ခက်ခဲတဲ့ မောင်မယ်တွေကိုကူညီ ဆောင်ရွက်ပေးနေတဲ့ Fertility Clinic ဆိုတာ ပြင်ပလူနာဌာနမှာရှိပါတယ်။ အဲဒီတုန်းကIVF တော့ မလုပ်နိုင် ခဲ့ဘူး။ ဒီစင်တာဖြစ်မြောက်လာဖို့အတွက် အများကြီးကြိုးစားခဲ့ရတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှု၊ ပံ့ပိုးမှုနဲ့ ဒီစင်တာကြီးရ အောင် ဆောင်ရွက်ပေးမှုကြောင့်Fertility Centre ပေါ်ပေါက်လာ ခြင်းဖြစ်ပါ တယ်။ အခုလိုသားသမီးရဖို့ခက်ခဲတဲ့ မောင်မယ်တွေကို ပြီးတော့ ထိရောက် တဲ့ကုသမှုတွေပေးနိုင်ဖို့ IVF အဆင့်အထိပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ အချိန်ယူပြီးဆောင်ရွက်ခဲ့ရတာပါ။
နည်းပညာပိုင်းအနေနဲ့ကတော့ OG တစ်ယောက် တတ်သင့်တဲ့ပညာတွေ ရော၊ သင်ကြားခဲ့တဲ့ ပညာတွေ၊Royal College ရဲ့Guidelines တွေ၊ ပြည်ပနိုင်ငံ (Hinan University, China, India, Singapore) တွေမှာ ရက်တို ရက်ရှည်လေ့လာရေး သင်တန်းတွေစေလွှတ်ပြီး နိုင်ငံတကာအတွေ့ အကြုံရယူခဲ့ပါတယ်။ ဖန်ြ>ွပန်သန္ဓေသားရဖို့ မြန်မာနိုင်ငံသား နိုင်ငံသူတွေ အခက်အခဲရှိရင် နိုင်ငံခြားသွားသွားနေရတာ မဖြစ်စေချင်ဘူး။ ကိုယ့်နိုင်ငံမှာပဲ စရိတ်နည်းနည်းနဲ့ ဖြစ်စေချင်ပါတယ်။ ဒီစင်တာမှာ သုံးတဲ့ ဆေးတွေက ဈေးကြီးပါတယ်။ အဲဒီဆေးတွေကို နိုင်ငံခြားက တိုက်ရိုက်မှာယူရပါတယ်။ အဲဒီဆေးတွေသွင်းဖို့အတွက် FDA ထောက်ခံချက်ယူရပါတယ်။ တိုက်ရိုက် မှာတဲ့အတွက် ဒေါ်လာတွေနဲ့ မှာယူရပါတယ်။ အလွန်ဈေးကြီးပါတယ်။ စမ်းသပ်ရတဲ့Test တွေကလည်း ဈေးကြီးပါတယ်။ ဟော်မုန်းတွေကိုအဆင့် ဆင့် စမ်းသပ်ရတဲ့အတွက် ကုန်ကျရတာဖြစ်ပါတယ်။ ရလာတဲ့ မျိုးဥနဲ့သုက်ပိုး တွေကိုလည်းစောင့်ရှောက်ထားရပါတယ်။ အဲဒီအတွက် ထိန်းသိမ်းစရိတ် တွေကြောင့် ကုန်ကျရတာဖြစ်ပါတယ်။
ဆရာဝန်၊ ဆရာမနဲ့ အခြားဝန်ဆောင်မှုတွေက အခမဲ့ဖြစ်ပါတယ်။ ခုန ဆေးဖိုးတွေနဲ့ Test ဖိုးတွေပေါင်းရင် 1-IVF ရဖို့ဆိုရင် ကျပ်သိန်း ၅ဝ နဲ့ သိန်း ၆ဝ ကြားမှာရှိပါတယ်။ သိန်း ၅ဝ နဲ့ သိန်း ၆ဝ ဆိုတာဒေါ်လာအတက်အကျ ပေါ်မူတည်ပါတယ်။ အဲဒီဆေးဖိုးတွေက တစ်ခါတည်းပေးရတာမဟုတ်ပါဘူး။ အဆင့်ဆင့်ပေးရတာပါ။ IVF လုပ်တိုင်းလည်း တန်းပြီးအောင်မြင်တာ မဟုတ်ပါဘူး။ လုပ်ခဲ့တဲ့အဆင့်ထိတော့ ကုန်ကျစရိတ်ကိုပေးရပါတယ်။ မအောင်မြင်ရင် နောက်ပိုင်းအဆင့်တွေအတွက် ကြိုသွင်းထားတဲ့ငွေကို ပြန်အမ်းပေးပါတယ်။ နိုင်ငံခြားနဲ့ယှဉ်ရင်တော့ ဒီကုန်ကျစရိတ်က နည်းပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အရေးကြီးတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အဓိကထားပြီးတော့ ထောက်ပံ့နေရပါတယ်။ ခုလောလောဆယ်တော့Fertility Treatment နဲ့ပတ်သက်ပြီးမောင်မယ်တွေကပဲ အကုန်အကျခံရပါတယ်။
အခု မဇင်မာလင်းနဲ့ပတ်သက်ပြီး အောင်မြင်သွားတယ်။ နောက်ပိုင်းမှာလည်း အောင်မြင်မှုကို ဆက်လက်ပြီး ပိုမိုတိုးတက်အောင်မြင်စေချင်တယ်။IUI နဲ့ သားသမီးရသွားတဲ့ မောင်မယ်တွေရှိသလို မရတဲ့သူတွေအတွက် လိုအပ်ရင်IVF နဲ့ သားသမီးရအောင် ကူညီဆောင်ရွက်ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အခြား သင်ကြားရေးဆေးရုံမှာလည်း Fertility Centreများ ပေါ်ပေါက်စေချင်ပါတယ်။
သားသမီးရဖို့ခက်ခဲတဲ့ မောင်မယ်တွေကို ဗဟို အမျိုးသမီးဆေးရုံကြီး(ရန်ကုန်)Fertility Centre ရဲ့ ပြင်ပလူနာဌာနမှာလာရောက် အခမဲ့စမ်းသပ်စစ်ဆေး ပြသ ဆွေးနွေးနိုင်ပါတယ်၊ လိုအပ်တဲ့ကုသမှုတွေကိုလည်း ပေးနေပါတယ်လို့ ပြောချင်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် မေလအထိ နှစ်နှစ်အတွင်းFertility Centre မှာ သားသမီးရဖို့ခက်ခဲတဲ့ မောင်မယ်အတွဲ ၃၁ဝဝ ကို ကုသပေးလျက်ရှိပြီး IUI လူနာ ၈၈၆ ဦးအနက် သန္ဓေအောင်သူ ၃၆ ဦး ရှိပါတယ်။IVF (ဖန်ပြွန်သန္ဓေသား ထည့်ခြင်း)လုပ်ငန်းကို မောင်မယ်အတွဲ ၁၆ တွဲကို ကုသပေးရာ မဇင်မာလင်း(၃၈)နှစ်က ကိုယ်ဝန်ရရှိခဲ့ပြီး သားယောက်ျားလေးကို မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။
ကိုဘိုထွန်း(ဖန်ပြွန်သန္ဓေသား၏ ဖခင်)
မကွေးတိုင်းဒေသကြီး မကွေးမြို့ကပါ။ အိမ်ထောင် ကျပြီး ကလေးရဖို့ အဆင်မပြေဘူး။ ကလေးရဖို့အတွက် စုံစမ်းတယ်၊ ဗန်ကောက်အထိသွားပြီး ဖန်ပြွန်သန္ဓေလုပ်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)မှာ ပထမဆုံးအကြိမ် ဖန်ပြွန်သန္ဓေလုပ်ဖို့ လာရောက်ဆွေးနွေးပြီးFertility Centre က ဆရာဝန်ကြီး ဒေါက်တာ ဒေါ်စမ်းစမ်းမြင့်နဲ့ တိုင်ပင်ပြီး လုပ်ဖြစ်သွားတာ ပါ။ ဗန်ကောက်ကိုသွားလုပ်ဖို့ စုံစမ်းတော့ သိန်း ၂ဝဝ ကျော်လောက်ကျမယ်။ သွားစရိတ် လာစရိတ်နဲ့ဆိုရင် သိန်း ၃ဝဝ ကျော်မယ်။ သွားဖို့လုပ်ပြီး ဒီမှာစုံစမ်းတော့ ၅၈ သိန်းပဲ သွင်းရတယ်။ အဲဒါ အပြီးပဲ၊ တစ်ခါတည်း သွင်းရတာ မဟုတ်ဘူး၊ တစ်ရစ်ချင်း ခွဲပြီးပေးရတာ။ ဖန်ပြွန်သန္ဓေသား ထည့်ပြီးတဲ့အထိ ၅၈ သိန်းပဲ ကုန်ကျ ပါတယ်။ ဖန်ပြွန် သန္ဓေသားထည့်ပြီးတဲ့အချိန်ကစပြီး ရန်ကုန်မှာပဲ နေပါတယ်။ ကျွန်တော်တို့လိုပဲ သားသမီး ရချင်တဲ့သူတွေ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)Fertility Centre မှာ လာရောက်ဆွေးနွေးပြီး ဆရာမကြီး တွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်စေချင်ပါတယ်။
မဇင်မာလင်း (ဖန်ပြွန်သန္ဓေသား၏ မိခင်)
အခု ဇွန် ၁၂ ရက်(အင်္ဂါနေ့) နံနက် ၁ဝ နာရီ ၁၉ မိနစ်မှာ ခုနစ်ပေါင်နဲ့ ငါးအောင်စရှိတဲ့ သားလေးကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားခဲ့ပါတယ်။ သားသမီးလိုချင်တဲ့ အချိန်မှာ အခုလို ကျန်းကျန်းမာမာနဲ့ သားလေးကို မွေးဖွားခဲ့တဲ့အတွက် အတိုင်းမသိ ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလိုမွေးဖွားပေးခဲ့တဲ့ ဆရာဝန်၊ ဆရာမတွေအားလုံးကို အထူးကျေးဇူးတင်မိပါတယ်။
တွေ့ဆုံမေးမြန်း- ရီရီမြင့်၊ ဓာတ်ပုံ- လှမိုး
Friday, June 15, 2018
မြန်မာ့ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)က ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား မွေးဖွားနိုင်ခဲ့ပြီ
မြန်မာ့ဆေးပညာလောကအတွက် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)က ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား မွေးဖွားနိုင်ခဲ့ပြီ
Reviewed by Ar Ti
on
11:12 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment