Saturday, June 16, 2018
မိခင်ဘာသာစကားကို အခြေပြုပြီး ဘာသာစကားစုံဖြင့် ပညာသင်ကြားရေး ( ကိုတာ)
ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးအများကြီး ရှိတယ်။ ဒါပေတဲ့ သူတို့ ဘာသာစကားနဲ့ သင်ခွင့် မရဘဲ ဗမာစကားနဲ့ပဲ စာသင်ကြရတယ်။
လူဟာ ကိုယ့်ဘာသာစကား ကိုယ်သင်ခွင့် language rights မရှိဘူးလား။
ဘာကြောင့် ကိုယ့်ဘာသာစကား သင်ခွင့် မရတာတုန်း။
အောက်ပါ စဉ်းစားပုံတွေကြောင့်ပါပဲ။
ဒါပေမဲ့ အဲဒီစဉ်းစားပုံတွေဟာ မှားနေကြောင်း သုတေသန အထောက်အထားတွေ ရှိနေပြီ။
အောက်ပါစဉ်းစားပုံအမှားတွေနဲ့ သင်ခဲ့ကြတယ်။
၁။ မိခင်တိုင်းရင်းဘာသာစကား သင်ဖို့က လက်တွေ့မှာကျတော့ အခက်အခဲတွေ ရှိတယ်။
၂။ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဘာသာစကားတစ်ခုပဲ သင်ခဲ့ကြတာကွ။ "ဘာသာစကားတစ်ခု၊ နိုင်ငံတစ်နိုင်ငံ" ဖြစ်မှ စည်းလုံးညီညွတ်မယ်။
အဖြစ်မှန် (facts) တွေကတော့ အောက်ပါအတိုင်းပါ ခင်ဗျား …
၁။ ကလေးတွေဟာ "မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား" နဲ့ သင်နေကြရတယ်။
ဒါကြောင့် အခက်အခဲ တွေ့ကြရတယ်။
ကမ္ဘာမှာ သုတေသန တွေ့ရှိချက်တွေ အများကြီး ရှိတယ်။
မြန်မာမှာလည်း ကရင်၊ ကယား၊ မွန်၊ ကချင်မှာ လုပ်ထားတဲ့ သုတေသနတွေ ရှိတယ်။
မိခင်ဘာသာစကားနဲ့ သင်မှ တတ်လွယ်တယ်။
အဲသလို မိခင်ဘာသာစကားနဲ့ သင်လို့ ရရှိလာတဲ့ ဘာသာစကား ကျွမ်းကျင်မှုကြောင့် အမျိုးသားဘာသာစကား (ဗမာ)၊ နိုင်ငံတကာ ဘာသာစကား (အင်္ဂလိပ်) ပိုတတ်တယ်။
မိခင်ဘာသာစကားနဲ့ သင်မှ ပညာရေးဟာ တန်းတူရည်တူ ပိုဖြစ်တယ်။
ပညာရေးမှာ အားလုံး ပိုပြီး ပါဝင်လာနိုင်ကြတယ်။
မိခင်ဘာသာစကားကို ကျောင်းသင်ဘာသာစကားအနေနဲ့ မသင်ရလို့ ဘာသာစကား အခက်အခဲ (language barrier) ဆိုတာ ရှိလာရတယ်။
မွန်မှာ တွေ့ရှိချက် - နားမလည်တဲ့ ဗမာဘာသာစကားနဲ့ သင်ရတယ်။ ဒါနဲ့ပဲ ၉၅% ဟာ မူလတန်း မပြီး၊ ၀.၁% သာ ဆယ်တန်း အောင်ရတော့တယ်တဲ့။ (နိုင်ငွေသိန်း)
ချင်းလူမျိုးအကြောင်း၊ ချင်းစာအကြောင်း၊ လွတ်လပ်ရေးမရခင်မှာ မူလတန်းထိ ချင်းစာပဲ သင်တယ်။
ဘဝသစ်လှုပ်ရှားမှုကျမှ မြန်မာစာ စသင်တာပါတဲ့။
၁၉၆၂ မှာ ဒုတိယတန်းထိပဲ တိုင်းရင်းဘာသာစကား သင်တော့တယ်။
၁၉၈၈ - နဝတခေတ်မှာတော့ လုံးဝ တိုင်းရင်းဘာသာစကား မသင်တော့ဘူးတဲ့။
ကျောင်းချိန်ပြင်ပမှာပဲ ချင်းစကား သင်တာကတော့ မဟန်ဘူးတဲ့။ (ဒေါက်တာတွမ်)
၂။ ရှင်သန်နေတဲ့ မိခင်ဘာသာစကားဟာ လူ့အဖွဲ့အစည်းရဲ့ နေသာထိုင်သာ ရှိခြင်း (well-being) နဲ့ ရေရှည်တည်တံ့ခြင်း (sustainability) အတွက် အရေးကြီးလှတယ်။
ကျွန်တော်တို့ရဲ့ ညီအစ်ကို တိုင်းရင်းသားတွေဟာ ငါတို့ ဘာသာစကားတော့ ပျောက်တော့မှာပဲလို့ ယခုတော့ စိုးရိမ်နေကြရတယ်။
၃။ " အမျိုးသားစည်းလုံးညီညွတ်ရေးကို ဘာသာစကားတစ်ခုပေါ်မှာ မှီပြီး တည်ဆောက်ခြင်းဟာ အမှားအယွင်းပါ။ "
စကားတစ်ခုကိုပဲ သုံးပြီး ကျန်စကားတွေကို ပစ်ပယ်ခြင်း အလေးမထားခြင်းဟာ ကွဲအက်ခြင်းများ၊ အခွင့်အရေး မညီမျှခြင်းများ၊ တန်းမတူခြင်းများကိုပဲ ဖြစ်စေတာပေါ့။
တကယ်တော့ မိခင်ဘာသာစကား အခြေပြုပြီး ဘာသာစကားစုံနဲ့ သင်ကြားခြင်းကမှ လူတွေကို ပိုပြီး စည်းလုံးစေတယ် (social cohesion) လို့ သုတေသန အထောက်အထားတွေ ရှိပါပြီ။
အမျိုးသား စည်းလုံးညီညွတ်ရေး ရှုထောင့် ငြိမ်းချမ်းရေးရှုထောင့်က ကြည့်တော်မူကြပါ ခင်ဗျာ။
၎။ ဘာသာစကား အများကြီးထဲက ဘယ်စကားကို သင်ကြမှာလဲ။
အာဏာပိုင်တွေက စဉ်းစားရခက်နေတယ်လို့ ပြောသံကြားရပါတယ်။
ဒါလည်းပဲ ဒေသဆိုင်ရာကျောင်းကို ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်ရင် ပြီးပါတယ်။
ဘယ်ကျောင်းကတော့ လားဟူသင်မယ်၊ ဘယ်ကျောင်းကတော့ ရှမ်း စသည်ဖြင့် သူ့ဟာသူ ဆုံးဖြတ်မှာပေါ့။
ပြီးတော့ ဗမာ၊ အင်္ဂလိပ် သင်မှာပေါ့။ သူ့ဒေသနဲ့သူပေါ့။
" ဗဟိုက ဝင်မဆုံးဖြတ်ရင် ကိစ္စပြီးပါတယ်။"
၅။ " ဘာသာစကားစုံ သင်ကြားတဲ့ ပညာရေးဟာ ဘာသာစကားတစ်ခုတည်းသာ သင်တဲ့ ပညာရေးထက် ပိုပြီး ထိရောက်တယ်။ "
ပထမပိုင်းမှာ ငွေကြေးအရ အကုန်အကျက ပညာရေးဘတ်ဂျက်ရဲ့ ၄ - ၅ ရာနှုန်း ပိုကုန်ပေတဲ့ တဖြည်းဖြည်းမှာ ပညာရေးစနစ်ရဲ့ စရိတ်က အများကြီး လျော့ကျသွားတယ်လို့ သုတေသနက ဆိုပါတယ်။
ပထမပိုင်းမှာ ပြဋ္ဌာန်းစာအုပ်တွေနဲ့ ဆရာတွေ လေ့ကျင့်ပေးရေး အတွက်ကြောင့် ကုန်ကျစရိတ်တိုးတာပါ။
၆။ ဘာသာစကား အများကြီးရှိတဲ့ နိုင်ငံတွေဟာ မြန်မာနိုင်ငံတည်း မဟုတ်ပါဘူး။
အောက်ပါစာရင်းကို ကြည့်ပါ။
အင်ဒိုနီးရှား ၇၀၆
အိန္ဒိယ ၄၄၇
တရုတ် ၂၉၈
ဖိလစ်ပိုင် ၁၈၁
မလေးရှား ၁၃၈
နီပေါ ၁၂၁
ရင်ဆိုင်ဖြေရှင်းနေရတာဟာ ကျွန်တော်တို့ချည်းပဲ မထင်ပါနဲ့။
ကျွန်တော်တို့မှာတော့ ဘာသာစကားဆိုင်ရာ မူဝါဒ (Language Policy) ရယ်လို့ တိတိကျကျ မရှိသေးဘူး။
သို့သော် ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်မှာ မိခင်ဘာသာစကားကို သင်ကြားရေးဘာသာစကား (Language of Instruction) အနေနဲ့ စတင်သင်နေပါပြီ။
ပရိသတ်ကြီးခင်ဗျား …
မြန်မာပြည်ကြီး စည်းလုံးရေးအတွက်၊ တိုင်းရင်းသားတွေရဲ့ ပညာတတ်ရေး၊ ယဉ်ကျေးမှုရေး၊ လူမျိုးရယ်လို့ ရေရှည်ရပ်တည်ရေးအတွက် ဘာသာစကားပေါ်လစီဟာ အရေးကြီးပါတယ်။
တကယ်တော့ မိခင်ဘာသာစကား အခြေပြု သင်ကြားရေးဟာ ဘာခက်သလဲဗျာ။
မိခင်ဘာသာစကားကို အခြေပြုပြီး ဘာသာစကားစုံဖြင့် ပညာသင်ကြားရေး ( ကိုတာ)
Reviewed by timeayeyar
on
5:17 AM
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB5UXcwvWmBuX9BtCfRpNBdjUssZnK5088Cc97mBD4ylnZzFMmiIXLDWGAW0QTEOXwcjHj1B-CS6blbXi32zBvUBcgTx-A1q0G0gE_WVaF6GQ3SoJr8MDE_7Ktv-qL-N4ps4NJPO22Q4H7/s72-c/35266934_1633711370011633_9115213000721039360_n+%25281%2529.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment