Latest News

Thursday, June 14, 2018

ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် တိမ်းမှောက်နစ်မြုပ်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး ပျောက်ဆုံး

ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် တိမ်းမှောက်နစ်မြုပ်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး ပျောက်ဆုံး


ရန်ကုန် ဇွန် ၁၄

ရန်ကုန်မြစ်အတွင်း၌  ဇွန် ၁၃ ရက်နေ့ ည ၇ နာရီ မိနစ်(၃၀) အချိန်ခန့်က သ/မ ၃၊ စက်မောင်းဦးကျော်မင်း(ဘ)ဦးစံထွန်း  မောင်းနှင်းလာသည့် ရေယာဉ်ပေါ်တွင် စက်မောင်း အပါအ၀င် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း(၁၂)ဦးတို့ လိုက်ပါစီးနင်းလာကြသော စက်တပ်သမ္ဗန်သည်  ပန်ကာတွင် အမှိုက်နှင့် ဒိုက်များ ညှိပြီး စက်ရပ်တန့်သွားရာ ဒိုက်ဆင်းဖြုတ်ရာမှ ရေစီးနှင့်အတူ မျှော်ပါ၍ ရန်ကုန်ဘက်ကမ်းရှိ ကုန်တင်ဆိပ်ကမ်းတွင် ရပ်ထားသည့် STOVE TIDE ကုန်တင်သင်္ဘော၏ ဘေးရှိ တွဲသင်္ဘောအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မှုကြောင့် စက်တပ် သမ္ဗန်သည် တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးတို့မှာ ပျောက်ဆုံးနေလျက်ရှိကြောင်း၊ အမျိုးသား(၃)ဦးမှာ အနည်းငယ်ထိခိုက် ဒဏ်ရာရရှိသောကြောင့် ရန်ကုန်ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး  တစ်ဦးမှာ ညတွင်းချင်း ပြန်လည်ဆင်းလာခဲ့ကြောင်း ကမာကသွယ်ကူးတို့ သမ၀ါယမအသင်း လီမိတက် အတွင်းရေးမှူး ဦးမောင်မောင်မြင့်ထံမှ ယနေ့နံနက်က ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်စဥ့်အိုးတန်းဆိပ်ကမ်းမှ ဒလဘက်ကမ်းသို့ မောင်းနှင်းလာစဉ် ဗောတံတားအလွန်၌ ဖြစ်သွားကြောင်း၊ စက်တပ်သမ္ဗန်ရဲ့ ပန်ကာမှာ ဒိုက်များနှင့် အမှိုက်များ ညှိပြီး စက်ချို့ယွင်းမှု ဖြစ်သွားတယ်၊ အမှိုက်နှင့် ဒိုက်များကို ဆင်းဖြုတ်ရင်း ရေစီးအား အလွန်ကောင်းခြင်းကြောင့် ကုန်တင်သင်္ဘော ဘေးမှာရှိသည့် တွဲသင်္ဘောလေးကို ၀င်ရောက်တိုက်မိပြီး တိမ်းမှောက် နစ်မြုပ်မှုဖြစ်သွားကြောင်း၊ မိမိတို့ ကမာကသွယ် ကူးတို့ဆိပ်အပါအ၀င်၊ စက်မြေကူးတို့ဆိပ်၊ ကမာကဆစ်ကူးတို့ဆိပ်တို့မှာ စက်တပ်သမ္ဗန်ပေါင်း(၁၀၀) ကျော်ရှိကြောင်း၊ ကမာကသွယ် ကူးတို့ ဆိပ်တွင် အစီး(၃၀)စီးခန့် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စက်တပ်သမ္ဗန်တိမ်းမှောက်နစ်မြုပ်မှုကြောင့် အနီးပတ်ဝန်းကျင်မှ တွဲသင်္ဘောများ၊ စက်တပ်သမ္ဗန် များနှင့် ရေလုပ်သားများ၏ ၀ိုင်းဝန်း ကယ်ဆယ်နိုင်ခြင်းကြောင့် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို နစ်မြုပ်သော နေရာတွင်ပင် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ စက်မောင်း(၁)ဦးနှင့် အမျိုးသား(၁)ဦးတို့မှာ ရန်ကုန်ပန်းဆိုးတန်း ဆိပ်ကမ်းနေရာတွင် ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးတို့မှာ ယနေ့ နံနက်ပိုင်း အချိန်ထိ ပျောက်ဆုံးလျက်ရှိကြောင်း၊ သက်ဆိုင်ရာမှ  ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်အတွင်း၌ မကြာခဏဖြစ်ပွားနေသော စက်တပ်သမ္ဗန်များ တိမ်းမှောက်မှုနှင့် နစ်မြုပ်မှုတို့တွင် စက်တပ်သမ္ဗန်၏ ပန်ကာ၌ မြစ်အတွင်း စွန့်ပစ်အမှိုက်များ မျောပါလာကြသည့် အမှိုက်နှင့် ဒိုက်များညှိရာမှ စက်ပစ္စည်းချို့ယွင်း၍ တိမ်းမှောက်မှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ခရီးသည်များမှ အသက်ကယ်အကျီ င်္များ ၀တ်ဆင်မှု အားနည်းနေခြင်း၊ အချို့သော စက်တပ်သမ္ဗန်များ၌ အသက်ကယ်အကျီ င်္များ လုံလောက် စွာမရှိခြင်း၊ အချို့မှာ ဟောင်းနွမ်းနေခြင်းကြောင့် ခရီးသည်များ မ၀တ်ဆင်ကြခြင်းဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေ၊ အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါတွင် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားရခြင်း၊ ရေကြောင်းနှင့် ပတ်သက်သော အသိပညာပေးမှု အားနည်းခြင်း တို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံမှုရှိစေရေးနှင့် ဘေးကင်းစေရေးအတွက် အနီးကပ် ကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့်  စက်တပ်သမ္ဗန်များ အားလုံး၌ အသက်ကယ်အကျီ င်္များ လုံလောက်စွာ ထားရှိပေးခြင်းနှင့်အတူ ဗောကွင်းများပါ တပ်ဆင် ဆောင်ရွက်ပေးပါက ပြည်သူများအနေဖြင့် စည်းကမ်းရှိစွာ လိုက်နာ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗာန်ဆိပ် (၆)ဆိပ် ရှိရာ ကမာအောင် ကူးတို့ဆိပ် (၁၈၀)စီး၊ ရေကန်ကူးတို့ဆိပ် (၂၂)စီး၊ တံလျှပ်ကူးတို့ဆိပ် (၄၆)စီး၊ ဆာပါချောင် ကူးတို့ဆိပ် (၄၁)စီး၊ ကျောင်းစု(စက်မြေ)ကူးတို့ဆိပ် (၂၂)စီး၊ ကျောင်းစု(လက်/ခပ်) ကူးတို့ဆိပ်(၂၀)စီး၊ စုစုပေါင်း ၃၃၁ စီး ရှိပြီး၊ သမ၀ါယမအသင်းပိုင် ကူးတို့သမ္ဗာန်ဆိပ် (၅)ဆိပ် ၌ သမ္မတကမ်းခြေ ကူးတို့ဆိပ်(၃၄)စီး၊ ကမာကသွယ် ကူးတို့ဆိပ်(၃၀)စီး၊ ကမာကဆစ် ကူးတို့ဆိပ်(၄၁)စီး၊ စက်မြေ ကူးတို့ ဆိပ်(၃၁)စီး၊ မှော်စက်ကူးတို့ဆိပ် (၃၁)စီး၊ စုစုပေါင်း ၁၆၇ စီးရှိပြီး ဒလမြို့နယ်တွင် စက်တပ်သမ္ဗာန်ပေါင်း ၄၉၈ စီးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နိုင်လင်းကျော်(ဒလ)ပြန်​/ဆက်

No comments:

Post a Comment