ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူတစ်ခုအတွင်း လူငယ် ၁၃ ဦး ဝင်ရောက်သွားပြီး ပြန်လည်ထွက်မလာ၍ ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆက်လက်ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိ
တာချီလိတ် ဇွန် ၂၅
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လုံ ခွန်နမ့် ရေထွက်အနီးရှိ လိုဏ်ဂူ အတွင်း ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက ဝင်ရောက်သွားသည့် လူငယ် ၁၃ ဦး မှာ ပြန်လည်ထွက်လာခြင်းမရှိသဖြင့် ယင်းနေ့ ညပိုင်းက စတင်၍ ကယ်ဆယ်ရေးအဖွဲ့များက ကြိုးပမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
အဆိုပါဂူထဲသို့ ဝင်ရောက်သည့် လူငယ်များမှာ မယ်ဆိုင်မြို့ရှိ ကျောင်းပေါင်းစုံမှ ဘောလုံးအားကစား သမား ကျောင်းသား ၁၂ ဦးနှင့် နည်းပြတစ်ဦး စုစုပေါင်း ၁၃ ဦးဖြစ်ရာ ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးများအား ပန်းခြံတာဝန်ရှိသူက သတိထားမိပြီး တာဝန်ရှိသူများထံ ဆက်သွယ်ပေးမှု ကြောင့် သိရှိကာ စတင်ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိုဏ်ဂူမှာ ခန့်မှန်းခြေ အားဖြင့် ငါးမိုင်ဝန်းကျင် ရှည်လျား သည်။ ဇွန်လမှ အောက်တိုဘာလ အထိ မိုးရာသီအတွင်း ရေအမြင့်ပေ ငါးမီတာ (၁၆ ဒသမ ၅ ပေ)အထိရှိရာ လိုဏ်ဂူအတွင်း ချောင်းရေကြီးပြီး ရေစီးသန်နေမှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး အခက်အခဲနှင့် ကြုံနေ ရကြောင်း၊ ထိုင်းနိုင်ငံ မယ်ဆိုင် ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့စသည့် ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစား ရှာဖွေနေကြဆဲဖြစ်ကြောင်း တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ-ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း (မယ်ဆိုင်)က ပြောကြားကြောင်း သိရသည်။
ယင်းဂူထဲသို့ ဝင်ရောက်သွားသည့် ၁၃ ဦးတွင် အသက်(၁၁)နှစ်မှ (၂၅)နှစ် အရွယ်အတွင်းသာရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အား ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ချင်းရိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ကြီးကြပ်ကာ ချင်းမိုင်၊ ချင်းရိုင်းနှင့် မယ်ဆိုင်မြို့တို့ရှိ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေနေသည့် အပြင် ဇွန် ၂၅ ရက် နံနက် ၂ နာရီက ထိုင်းနိုင်ငံ တော်ဝင်ရေတပ်မှ အထူး အဖွဲ့များရောက်ရှိ၍ ဆက်လက် ကြိုးစားရှာဖွေနေကြောင်း သိရသည်။
သတင်း- ဝေယံလင်း(ပြန်/ဆက်)
ဓာတ်ပုံ-kaokrai.com
Tuesday, June 26, 2018
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူတစ်ခုအတွင်း လူငယ် ၁၃ ဦး ဝင်ရောက်သွားပြီး ပြန်လည်ထွက်မလာ၍ ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆက်လက်ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိ
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူတစ်ခုအတွင်း လူငယ် ၁၃ ဦး ဝင်ရောက်သွားပြီး ပြန်လည်ထွက်မလာ၍ ကယ်ဆယ်ရေးအဖွဲ့များဖြင့် ဆက်လက်ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိ
Reviewed by Ar Ti
on
4:06 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment